နိုင်ငံရေးပါတီများမှ ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှု ရှိ/မရှိ ပူးပေါင်းစစ်ဆေးခြင်းလုပ်ငန်းများ နှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်အတွင်းရှိ ပြည်နယ်ခွဲ၊ ခရိုင်နှင့်မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

 

 

တောင်ကြီး စက်တင်ဘာ ၂၇

 

ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများ စိစစ်ခြင်းလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင်  တောင်ကြီးမြို့၊ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းဦး က နိုင်ငံရေးပါတီများ အနေဖြင့် တင်ပြထားသည့် ပါတီဝင်အင်အားများ မှန်ကန်မှု ရှိ/မရှိ၊ မြေပြင်တွင် အမှန်တကယ် နေထိုင်ခြင်း ရှိ/မရှိ၊ ပါတီဝင်များ၏ အမည်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ် မှန်/မမှန်၊ မိဘ အမည်၊ နေရပ်လိပ်စာ မှန်/မမှန်၊ ၎င်းတို့ပါတီဝင်ဖြစ် ကြောင်း ပါတီအဆိုပြုလွှာနှင့် ပါတီဝင် အသိ အမှတ်ပြုကတ်ပြားများ ထုတ်ပေးထားရှိမှုတို့ကို သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့မှ စိစစ်ရာတွင် သက်ဆိုင်ရာပါတီ အသီးသီး၏ မြို့နယ်တာဝန်ခံများကလည်း ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ မြို့နယ် အလိုက် စစ်ဆေးခြင်းကို သတ်မှတ်ကာလအတွင်း ပြီးစီးစေရန် ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။

 

အစည်းအဝေးသို့ ရှမ်းပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲအရာရှိများ၊ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

အလားတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် (မြောက်ပိုင်း)အတွင်းရှိ  ပါတီဝင်အင်အားစာရင်းများ စစ်ဆေးမှုခံယူနေ သည့် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ ပါတီတာဝန်ခံများနှင့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို  သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်း အဝေးခန်းမ များ၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည်။

 

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးများတွင် သက်ဆိုင်ရာ ‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲ အရာရှိများက နိုင်ငံရေးပါတီများအနေဖြင့် တင်ပြထားသည့် ပါတီဝင်အင်အားများ မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ် အဖွဲ့အစည်းများက စိစစ်ရာတွင် သက်ဆိုင်ရာ ပါတီ၏ မြို့နယ်ပါတီ တာဝန်ခံများက ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်မှသာ ပါတီများမှပေးပို့လာသော ပါတီဝင်အင်အားစာရင်းသည် ပြည့်စုံမှန်ကန်ပြီး နိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော ပါတီဝင်အင်အားစာရင်း ဖြစ်လာမည်ဖြစ်သဖြင့် အလေးထား ဂရုပြုဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းနှင့် သက်ဆိုင်ရာ မြို့နယ်အလိုက် စစ်ဆေးခြင်းကို သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။

 

ထို့နောက် တက်ရောက်လာသော ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ကိုးကန့် ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ "ဝ" အမျိုးသားပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်များက  သတ်မှတ်ကာလအတွင်း စိစစ်ရေးလုပ်ငန်းများ ပြီးစီးစေရေးအတွက် ပူးပေါင်းဆောင်ရွက် မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရသည်။

(သတင်းစဉ်)