နိုင်ငံ့ရေရှည်အကျိုးတိုးပွားရေး  အရည်အသွေးပြည့်မီသော အင်ဂျင်နီယာ/နည်းပညာရှင်ကောင်းများ မွေးထုတ်ရင်း သုတေသနများမြှင့်တင်ဆောင်ရွက်

နေပြည်တော်      ဧပြီ   ၂

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ နံနက်ပိုင်းတွင် နည်းပညာ တက္ကသိုလ်(ပုသိမ်)ရှိ ကွန်ပျူတာစာမေးပွဲခန်း၌ IT ဌာနမှ ကျောင်းသား၊ ကျောင်းသူများ Programming ဘာသာရပ်ကို စိတ်ပါဝင်စားစွာ  ဖြေဆိုနေမှု၊ ရေးဖြေစာမေးပွဲခန်းများ၌  ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲ ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးကာ ကျောင်းသား၊ကျောင်းသူများ စိတ်ရွှင်လန်းချမ်းမြေ့စွာ ဖြေဆိုနိုင်ရေး လိုအပ်သည်များ ပံ့ပိုးပေးနိုင်ရေးနှင့် စာမေးပွဲစည်းကမ်းများ အတိုင်း အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး ဆောင်ရွက်ရန်၊ ယင်းနောက်ပိုင်း၌  Academic Calendar အတိုင်း ဆက်လက်ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာရူပဗေဒဌာနနှင့် အင်ဂျင်နီယာဓာတုဗေဒဌာနများရှိ လက်တွေ့ခန်းများတွင် သင်ထောက်ကူပစ္စည်းသစ်များ ထပ်မံဖြည့်ဆည်းထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနရှိ Electrotechnology နှင့် အခြား လက်‌တွေ့ခန်းများကို ကြည်ရှု့စစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများကို အခြေခံသီအိုရီမှသည် လက်တွေ့ခန်းအတွင်း သုတေသနပြုစမ်းသပ်မှုမှတစ်ဆင့် ပြင်ပလုပ်ငန်းခွင်ရှိ ပကတိအခြေအနေတို့ကိုပါ ထင်ဟပ်ချိတ်ဆက်ကာ လေ့ကျင့်သင်ကြားပေးရန် မှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် စက်မှုအင်ဂျင်နီယာဌာနတွင် သုတေသနဆောင်ရွက်လျက်ရှိသော ကောက်စိုက်စက် (Paddy Transplanter)ကို ကြည့်ရှုစစ်ဆေးပြီး သမားရိုးကျ ICE ယာဉ်အစား လျှပ်စစ် သုံးယာဉ် (EV)အဖြစ် ပြောင်းလဲဆောင်ရွက်ရန်၊ လုပ်ငန်းခွင်တွင်ပါ စမ်းသပ်သုံးစွဲရန်နှင့် လိုအပ်သည် များကို မှာကြားပြီး အဆောင်(၁)အနီးတပ်ဆင်ထားသော ၂၀ ကီလိုဝပ် ဆိုလာဟိုက်ဘရစ်စနစ်၊ မီးဘေး အန္တရာယ်ကာကွယ်ရေး စီမံချက်အတိုင်း ပြင်ဆင်ဆောင်ရွက်ထားမှုနှင့် တက္ကသိုလ်ဝင်းသန့်ရှင်းသာယာ လှပရေး ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)သို့ ‌ရောက်ရှိကာ Internship ဆင်းရန် ပြင်ဆင်လျက်ရှိသော ကျောင်းသား၊ကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်၍ နိုင်ငံ့ဖွံ့ဖြိုးရေး လုပ်ငန်းစဉ် များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် အမှန်တကယ် အားထားရသော IT နည်းပညာရှင်ကောင်း များအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော နိုင်ငံ့သားကောင်းရတနာများဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၊ နည်းပညာတက္ကသိုလ်(ပုသိမ်)နှင့် အစိုးရ နည်းပညာအထက်တန်းကျောင်း(ပုသိမ်)တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံနိုင်ငံ့ရေရှည်အကျိုး တိုးပွားစေရေး နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ရာတွင် အထောက်အကူပြုနိုင်မည့် အရည်အသွေး ပြည့်မီသော အင်ဂျင်နီယာများ၊နည်းပညာရှင်များကို စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေး  အလေးထားဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။

 

ထို့နောက် တာဝန်ရှိသူများ၏ လိုအပ်ချက် တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ကာ တက္ကသိုလ် ဥပဓိရုပ်တင့်တယ်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။

(သတင်းစဉ်)