နိုင်ငံတော်အစိုးရ၏ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များအတွက် လက်တွေ့မြေပြင် အကောင်အထည်ဖော်မှုများ၊ အသင့်ဖြစ်နေမှု အခြေအနေများ သိရှိနိုင်ရန်အတွက် သတင်းစာရှင်းလင်းပွဲကျင်းပ

ရန်ကုန် ၁၂ နိုဝင်ဘာ 

 

နိုင်ငံတော်အစိုးရ၏ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များအတွက် လက်တွေ့မြေပြင်အကောင်အထည်ဖော်မှုများ၊ အသင့်ဖြစ်နေမှု အခြေအနေများ သိရှိနိုင်ရန်အတွက် သတင်းစာရှင်းလင်းပွဲကို ယနေ့ ညနေ ၄ နာရီက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းရှိ ဘေးအ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတွင် ကျင်းပသည်။

 

သတင်းစာရှင်းလင်းပွဲတွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည် နေရာချထားရေး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန òန်ကြားရေးမှူးချုပ် ဦးဌေးလှိုင်တို့က နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များအတွက် လက်တွေ့မြေပြင် အကောင်အထည်ဖော်မှုများ ကို ရှင်းလင်းပြောကြားသည်။

 

 

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ နေရပ်စွန့်ခွာသွားကြသူများနှင့် ပတ်သက်၍ ၄င်းတို့၏ ဆန္ဒအလျောက် မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်ချင်သူများကို ပြန်လည်လက်ခံရေးသည် အစိုးရ၏ တာဝန်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် မြန်မာနိုင်ငံ နှစ်ဖက်သဘောတူ ကတိကဝတ်များ၊ သဘောတူညီချက်များ ရရှိပြီး ဆောင်ရွက်မှသာ အောင်မြင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံညှိနှိုင်းမှုများ ပြုလုပ်မှုကြောင့် သဘောတူညီမှုများ ရရှိခဲ့ကြောင်း။

 

လက်ခံရေးလုပ်ငန်းစဉ် တိတိကျကျရေးဆွဲထား ရရှိခဲ့သည့် သဘောတူညီချက်များ အရ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်မှ စတင်၍ ဆောင်ရွက်ခဲ့ကြောင်း၊ အဓိကသဘော တူညီချက်အရ လက်ခံကြိုဆိုရေးစခန်း နှစ်ခုနှင့် ကြားစခန်းတစ်ခုကို ဇန်နဝါရီ ၂၃ ရက်အမီ တည်ဆောက်ပြီးစီးခဲ့ကြောင်း၊ လက်ခံရေးလုပ်ငန်းစဉ်ကိုလည်း နှစ်နိုင်ငံ သဘောတူညီချက်များအရ တိတိကျကျ ရေးဆွဲထားပြီးဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်များအတိုင်း ပြန်လည်လက်ခံရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း။

 

 

 

ကြိုးပမ်းဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိစေရန် ဘင်္ဂလားဒေ့ရှ် -မြန်မာ နှစ်နိုင်ငံ လုပ်ငန်းအဖွဲ့ထားရှိကြောင်း၊ ယင်းအဖွဲ့မှ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ မကြာမီကာလက ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပြောကြားချက်အရ နိုဝင်ဘာလအတွင်းတွင် ပထမအသုတ် အနေဖြင့် လူ ၂၂၆၀ ကို မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပို့ပေးမည်ဟု ပြောကြား ခဲ့ကြောင်း။

 

ထိုသို့ပို့ဆောင်ရာတွင် ရေလမ်းကြောင်းဖြစ်သည့် ငါးခူရဘက်မှ ပြန်လည် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရန်အတွက်လည်း ငါးခူရတွင် လက်ခံရေးစခန်းရှိကြောင်း၊ ကုန်းလမ်းအနေဖြင့် တောင်ပြိုလက်ဝဲရှိပြီး ကြားစခန်းအနေဖြင့် လှဖိုးခေါင် ရှိကြောင်း၊ လတ်တလောတွင် ငါးခူရ ရေလမ်းကြောင်းမှ ပို့မည်ဖြစ်သည့်အတွက် ယနေ့ရှင်းလင်းပွဲကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း။

 

 

 

ယင်းကိစ္စနှင့်ပတ်သက်၍ အဆင်သင့်ဖြစ်နေသည့် အခြေအနေကို ယနေ့တွင် မှတ်တမ်းများ ရယူခဲ့ကြောင်း၊ တွေ့ဆုံ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်း၊ ယခုကဲ့သို့ အခြေအနေကို ရောက်ရှိရန် မိမိတို့ နိုင်ငံအနေဖြင့် လပေါင်းများစွာ ဆောင်ရွက်ခဲ့ရကြောင်း၊ အဖွဲ့အစည်းများစွာကို လည်း ဖွဲ့စည်းခဲ့ရကြောင်း၊ ပြန်လည် လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီကို ဖွဲ့စည်းထားရှိကြောင်း၊ ပြန်လည်လက်ခံမှုများ ပြုလုပ်ရာတွင် တစ်နေ့တာအတွက် သတ်မှတ်ထားသည့် ဦးရေအတိုင်း လက်ခံပေးသွားမည်ဖြစ်ကြောင်း၊ လက်ခံရေးစခန်းတစ်ခုအနေဖြင့် ၁၅၀ သတ်မှတ်ထားကြောင်း၊ မိမိဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီရှိကြောင်း၊ ထိုကော်မတီတွင် ပြန်လည်လက်ခံရေးကော်မတီနှင့် ပြန်လည်နေရာချထားရေး ကော်မတီနှစ်ခု ထပ်မံခွဲထားကြောင်း။

 

ပြန်လည်လက်ခံရေး ကော်မတီတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူနှင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်လျက် ရှိကြောင်း၊ ပြန်လည်နေရာချထားရေး ကော်မတီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးတို့က ပူးတွဲဥက္ကဋ္ဌအနေဖြင့်  ဆောင်ရွက်မည်ဖြစ်ကြောင်း။

 

 

 

နေ့စဉ် လူဦးရေ ၃၀ဝ လက်ခံနိုင်မည် အဆိုပါ ကော်မတီနှစ်ခုအား သက်ဆိုင်ရာလုပ်ငန်းများ တာဝန်ပေးပြီးဖြစ်၍ နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရန် အဆင်သင့်ရှိပြီ ဖြစ်ကြောင်း၊ လက်ခံရာတွင် နေ့စဉ်လက်ခံရန် သတ်မှတ်ထားသည့် လူဦးရေ ၁၅၀ ရှိကြောင်း၊ ကုန်းလမ်းမှ ဝင်ရောက်မည့်သူနှင့် ရေလမ်းမှ ဝင်ရောက်မည့်သူ စခန်းနှစ်ခုခွဲပြီး လက်ခံမည်ဖြစ်၍ နေ့စဉ်လူဦးရေ ၃၀ဝ လက်ခံနိုင်မည်ဖြစ်ကြောင်း၊ ထိုသဘောတူညီချက်များအတိုင်း စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း။

 

ပြန်လည်ဝင်ရောက်လာမည့်သူများ အတွက် နေရာချထားပေးမှု၊ အသက် မွေးဝမ်းကျောင်း ကိစ္စရပ်များ၊ ပညာရေး၊ကျန်းမာရေး ကိစ္စရပ်များ ဆောင်ရွက်ပေးရန်အတွက် စီမံကိန်းများရှိကြောင်း၊နိုင်ငံတကာ ပူးပေါင်းပါဝင်မှုအဖြစ် တရုတ်၊အိန္ဒိယ၊ ဂျပန် စသည့်နိုင်ငံများမှလည်း ပြန်လည်နေရာထားရေးမှာ ဆောက်လုပ်မည့် အဆောက်အအုံများ စသည်ဖြင့် ပါဝင်လှူဒါန်း ဆောက်လုပ်နေကြောင်း၊ မိမိတို့ ဆောင်ရွက်နေသည့် လုပ်ငန်းအသီးသီး၊ ကဏ္ဍအသီးသီးတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများကလည်း နိုင်ငံအလိုက် ပါဝင်ရန် ဆွေးနွေးနေကြောင်း၊ မိမိတို့တွင် ငါးခူရနှင့် တောင်ပြိုလက်ဝဲဟူ၍ လက်ခံရေး စခန်း နှစ်ခုရှိကြောင်း၊ အဆိုပါစခန်း နှစ်ခုတွင် ဝန်ကြီးဌာနအသီးသီးက ဝန်ထမ်းများကို တာဝန်ထမ်းဆောင်ရန် သတ်မှတ်ထားရှိပြီးဖြစ်ကြောင်း။

 

ကျန်းမာရေးစိစစ်ရန် ဆောင်ရွက်ထား ပြန်လည်ဝင်ရောက်မည့်သူများအား စိစစ်သည့်လုပ်ငန်းများ လုပ်ဆောင်ရန် အဖွဲ့ငါးဖွဲ့ခွဲ၍ လုပ်ဆောင်နေပြီး အဆင်သင့်ဖြစ်နေသည်ကို တွေ့ရကြောင်း၊National Verification Card (NV ကတ်)ကိုလည်း ဆောင်ရွက်ထားကြောင်း၊ အဆိုပါ ကိစ္စရပ်များ ဆောင်ရွက်ပြီးပါက နိုင်ငံသားလျှောက်ခွင့်ရမည် ဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်မှုကို ဥပဒေ အတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဆိုပါ အဆင့်များကို ပိုမိုမြန်ဆန်အောင် ဆောင်ရွက်ထား၍ ရသင့်ရထိုက်သူများ နိုင်ငံသားအဖြစ် လျင်လျင်မြန်မြန် ရရှိမည်ဖြစ်ကြောင်း၊ စခန်းများသို့ ရောက်ရှိလာမည့်သူများအတွက် လိုအပ်သည့် ပုဆိုး၊ အင်္ကျီ စသည်တို့ကို ပေးနိုင်ရန် စီစဉ်ထားကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကူးစက်ရောဂါများနှင့် လိုအပ်သည့် ကျန်းမာရေးလုပ်ငန်းများ စိစစ်ရန်လည်း ဆောင်ရွက်ထားကြောင်း၊ လက်ခံရေးစခန်းများတွင် တစ်ညအိပ် နှစ်ရက်ထားရှိမည်ဖြစ်ပြီး နေထိုင်စားသောက်မှုများအတွက် အစစအရာရာ အားလုံးစီစဉ်ထားကြောင်း။

 

 

 

လက်ခံရေးစခန်းမှတစ်ဆင့် ရောက်ရှိမည့် လှဖိုးခေါင်ကြားစခန်းတွင် ဆန်၊ ဆီ၊ဆား၊ ပဲ တစ်လစာ စားသောက်နိုင်ရန် စီစဉ်ပေးထားကြောင်း၊ ကလေးများအတွက် ကစားကွင်း၊ အမျိုးသမီးများအတွက် စောင့်ရှောက်ရန် ပြုစုစောင့်ရှောက်ရေး၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် ငွေကြေးထောက်ပံ့မှုများ၊ တစ်ကိုယ်ရည် သန့်ရှင်းမှု၊ မိသားစုအတွက် သားဆက်ခြားသည့် (Family Planning)သာယာသည့် မိသားစုဘဝ နေထိုင်ရေး အစီအစဉ်များ၊ ကျန်းမာရေးအစီအစဉ်များ ဟောပြောပေးသွားမည် ဖြစ်ကြောင်း၊၈၅ နှစ်အထက် သက်ကြီးရွယ်အိုများအတွက် လစဉ်ထောက်ပံ့သည့် စနစ်၊ ကျန်းမာရေး ကာကွယ်ရေးဆေးထိုးနှံခြင်း၊ ဆေးရုံဆေးခန်းများသို့ ပို့ဆောင်ပေးရန် အရေးပေါ် လူနာတင်ယာဉ်များအဆင်သင့် ထားရှိသည့်အပြင် Mobile Clinic များထားရှိမည်ဖြစ်ကြောင်း၊ ပညာရေးအတွက် လှဖိုးခေါင်စခန်း၌ ရှိနေစဉ်မှာပင် လှဖိုးခေါင် ယာယီပညာသင်ကျောင်း ထားရှိထားပြီး ဆရာ၊ ဆရာမ များလည်း အဆင်သင့် ထားရှိပေးထားကြောင်း။

 

နေအိမ်များ စတင်ဆောက်လုပ်ပေးနေ လှဖိုးခေါင်ကြားစခန်းတွင် နေထိုင်စဉ်၌ပင် သက်သေခံ ကတ်ပြားတစ်မျိုးမျိုး(NV ကတ်) ရှိပါက မောင်တောဒေသတွင် လွတ်လပ်စွာ သွားလာခွင့်ပြုမည် ဖြစ်ကြောင်း၊ ရှိပြီးသားနေအိမ်များ၊ရွာများနှင့် တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ပါက သွားရောက်နေထိုင်ခွင့်ပြုမည် ဖြစ်ကြောင်း၊ အိမ်မရှိပါကလည်း နေထိုင်နိုင်ရန် နေအိမ်များ စတင်ဆောက်လုပ် ပေးနေပါကြောင်း၊ ပြန်လည်ဝင်ရောက်လာသူများ အိမ်မရှိပါက ၎င်းတို့နေခဲ့သည့် အနီးဆုံးနေရာတွင် ယာယီနေရာချကာ မိမိတို့အိမ်များ ပြန်လည်ဆောက်လုပ်၊ အိမ်ရာထူထောင်ရာတွင် ပါဝင်ခွင့်ပြုမည် ဖြစ်ကြောင်း၊ ထိုသို့မိမိတို့အိမ်များ ပြန်လည်ဆောက်လုပ်ရာတွင် ပါဝင်သည့်အတွက် လုပ်အားခများကိုလည်း ထပ်မံပေးအပ်မည့်စနစ်ကို ပြုလုပ်ထားကြောင်း၊ အစိုးရ၏ ဆောက်လုပ်ပေးမှုအတိုင်း နေထိုင်လိုပါကလည်း လှဖိုးခေါင်စခန်းတွင် နေအိမ်ပြီးစီးသည့်အထိ ဆက်လက်နေထိုင်ခွင့်ပြုမည် ဖြစ်ကြောင်း။

 

လှဖိုးခေါင် စခန်းတွင် နေထိုင်နေစဉ်အတွင်း နေထိုင်စားသောက်မှု လွယ်ကစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ မီးဖို၊လောင်စာတောင့် အစရှိသည်တို့ကို တစ်လစာအတွက် ထုတ်ပေးထားမည်ဖြစ်ကြောင်း၊ ထို့အပြင် အသီးအရွက်နှင့် အသားငါးစားနိုင်ရန် လူတစ်ဦးအတွက် တစ်နေ့လျှင် တစ်ထောင်ကျပ်နှုန်း ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ ဈေးဝယ်မှု လွယ်ကူစေရန်အတွက်လည်း မောင်တောဒေသမှ ကုန်သည်ကြီးများ လာရောက်ဆိုင်ဖွင့်နိုင်ရန် စီစဉ်ထားပြီး ဖြစ်ကြောင်း၊ သောက်သုံးရေအတွက် ရေတုံကင်များဖြင့် ရေရရှိအောင် ဆောင် ရွက်ပေးထားကြောင်း၊ ထပ်မံလိုအပ်ပါက မီးသတ်ယာဉ်သုံးစီးဖြင့် ပံ့ပိုးနိုင်ရန် စီစဉ်ထားရှိပြီးဖြစ်ကြောင်း၊ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက်ကိုလည်း အကောင်းဆုံး စီမံဆောင်ရွက်ထားကြောင်း၊ ယင်းဒေသများတွင် လူမှုသဟဇာတ ဖြစ်ရေးအတွက်ကိုလည်း ရေရှည်ဆောင်ရွက်နေကြောင်း၊ နောက်တစ်ကြိမ် ထပ်မံမဖြစ်ပွားစေရန်အတွက် ဆောင်ရွက်မှုများရှိကြောင်း၊ မိမိတို့ဘက် အနေဖြင့် ပြန်လည်စိစစ်လက်ခံရန် အသင့်အနေအထားရှိနေပြီဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်၍ ပြန်လည်လက်ခံရေးနှင့် ပတ်သက်ပြီး နှစ်ဖက်အစိုးရ ညှိနှိုင်းဆောင်ရွက်ခဲ့သည့် အခြေအနေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်လျက်ရှိသည့် နေရပ်စွန့်ခွာသူများနှင့် တွေ့ဆုံခဲ့သည့် အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

 

 

 

ဦးမြင့်သူက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် မိမိတို့အနေဖြင့် အောက်တိုဘာ ၃၀ ရက်က တတိယအကြိမ် လုပ်ငန်းအဖွဲ့ အစည်းအဝေးအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ ၌ ပြုလုပ်ခဲ့ကြောင်း။

 

အောက်ခြေအဆင့်ညှိနှိုင်းဆွေးနွေးရန်

 

ဆွေးနွေးမှုများ ပြုလုပ်ရာတွင် အဓိကအားဖြင့် ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်မှုများအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း၊ အောက်ခြေအဆင့် ပြန်လည် လက်ခံရေးနှင့် နေရာချထားရေးတို့ အတွက် ဖွဲ့စည်းသွားရန် သဘောတူညီခဲ့ကြောင်း၊ ပြန်လည်လက်ခံရာတွင် အဆင်ပြေ ချောမွေ့စေရန် စာရင်းတွင် မတွေ့ရှိသူများအား အောက်ခြေအဆင့်တွင် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် နှင့် ပူးတွဲဆွေးနွေးသွားရန် ညှိနှိုင်းရရှိခဲ့ကြောင်း။

 

ယခုတစ်ကြိမ်တွင် မိမိတို့ပူးတွဲ လုပ်ငန်းအဖွဲ့အနေဖြင့် နေရပ်စွန့်ခွာသူများ နေထိုင်သည့် ကော့ဘဇားရှိ စခန်းများသို့လည်း သွားရောက်ခဲ့ပြီး ကိုယ်စားလှယ် ၁၀ဝ ခန့်နှင့် တွေ့ခွင့်ရရှိခဲ့ကြောင်း၊ ထို့အပြင် ဟိန္ဒူအသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ ခွင့်ရရှိခဲ့ကြောင်း၊ ၎င်းတို့၏ပြောကြားချက်များ အရ စုစုပေါင်း ဟိန္ဒူဘာသာဝင် မိသားစုဝင် ၄၃၈ ဦး ရောက်ရှိနေကြောင်း၊ ၎င်းတို့ အနေဖြင့် မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လာချင်သည်ဟု ပြောကြားကြောင်း၊ ဟိန္ဒူဘာသာဝင် မိသားစုဝင်များကို ပြန်လည်လက်ခံနိုင်ရေးအတွက်လည်း ဆောင်ရွက်နေကြောင်း၊ နေရပ်စွန့်ခွာ သွားသူများ ရောက်ရှိနေသည့် အခြားဒုက္ခသည် စခန်းနှစ်ခုကိုလည်း သွားရောက် လေ့လာခွင့်ရရှိခဲ့ကြောင်း၊ ထိုသူများကို တွေ့ဆုံ၍ ပြန်လည်လက်ခံရေးအတွက် အသေးစိတ် ရှင်းလင်းပြောကြားနိုင်ခဲ့ကြောင်း။

 

မိမိဆန္ဒအလျောက် ပြန်လာရန် မိမိတို့ စီမံဆောင်ရွက်ထားမှု အခြေအနေများကိုလည်း ဓာတ်ပုံ မှတ်တမ်းများနှင့်တကွ ရှင်းပြနိုင်ခဲ့ကြောင်း၊ထို့အပြင် ပညာရေး၊ကျန်းမာရေး၊ လူမှုရေး၊ လုံခြုံရေး၊ လူမှုစီးပွားရေးတို့အတွက် UEHRD မှစီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း ပြောကြားနိုင်ခဲ့ကြောင်း၊ မိမိတို့ဘက်မှ တိုက်တွန်းပြောကြားမှုအနေဖြင့် မိမိဆန္ဒအလျောက် ပြန်လာရန်လိုကြောင်း၊ ပြန်လာသည့်အခါတွင်လည်း သတ်မှတ်ထားသည့် Verification Form ကို ဖြည့်စွက်ခြင်းဖြင့် ပံ့ပိုးပေးရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း၊ ထို့အပြင် NVC နှင့် ပတ်သက်၍ သိသင့်သိထိုက်သော အချက်များကို ရှင်းပြခဲ့ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများက ပြန်လည်လက်ခံမည့် အစီအစဉ်နှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

 

ယနေ့ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲသို့ ပြည်တွင်း ပြည်ပ သတင်းဌာန ၃၂ ခုမှ သတင်းထောက် ၇၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

 

သတင်းစဉ်