မြစ်ကြီးနား      အောက်တိုဘာ  ၃

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့နယ် ငါးအိုး ခေတ်မီစံပြကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေကျပ်(၁၀) သန်းဖြင့် ပေါင်းစည်းလယ်ယာ (Integrated Farm) စနစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တောင်သူ ဦးဆင်ဝါးနော်၏ ခြံသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် အဆိုပါခြံဝင်းအတွင်း ဆင်းဧကရီ -၃ အထွက်တိုးမျိုးနှင့် ငွေတိုးစပါး စိုက်ခင်းများ ဖြစ်ထွန်း အောင်မြင်နေမှု၊ စပါးခင်းပတ်လည်ရေမြောင်းအတွင်း ငါးခူ ငါးမျိုးများ စိုက်ထည့်မွေးမြူထားရှိမှု၊ မန်ဒါလီဘဲ၊ ဘဲငန်းနှင့် ဒေသကြက်များ မွေးမြူထားရှိမှု၊ အသားတိုးဝက်ကောင်ရေ (၉၀)ကျော် စီးပွားဖြစ်မွေးမြူ ထားရှိမှုနှင့် ခြံဝင်းအတွင်း လိုက်ချီးသီးပင်ပေါက်များနှင့် ဂရိတ်ဖရုပျိုးပင်များ စိုက်ပျိုးထားမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေး အထောက်အကူပြု ဆေးဝါးများ၊ ခြံဖျန်းပိုးသတ်ဆေးဘူးများနှင့် ရောစပ်အစာနုအိတ်များကို ထောက်ပံ့ပေးအပ်သည်။

 

ယင်းနောက် အဆိုပါကျေးရွာအတွင်း စိုက်ပျိုးရေးဦးစီးဌာနက ဆောင်းသီးထပ် လယ်သီးနှံအဖြစ် ဖြန့်ဝေပေးနိုင်ရေး ပဲပုတ်မျိုးစေ့စိုက်ခင်း စိုက်ပျိုးထားရှိမှုနှင့် ‌တောင်သူ ဦးစိုးညွန့်အောင်၏ ခြံ၌ ဖူးစား ပြောင်း (၂)ဧကခွဲ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုတို့ကိုလည်းကောင်း ရွှေညောင်ပင်ရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပိုင်ရှင်ဦးစိုးငြိမ်း မိသားစု၏ စူပါဝမ်း နို့စား နွားမွေးမြူရေးလုပ်ငန်းနှင့် နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုး ရောင်းဝယ်ဖြန့်ဖြူရေးလုပ်ငန်းကို လည်းကောင်း၊ စီတာပူ(ဆွတ်ငိုင် တောင်) ရပ်ကွက်အတွင်း ပိုင်ရှင် ဦးမရမ်ဇော်ရော် မိသားစု၏ TOP အသင့်စားစားသောက်ကုန်လုပ်ငန်း (အသားခြောက်အမျိုးမျိုးနှင့် ဝိုင်အမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူရေး လုပ်ငန်း)ကို လည်းကောင်း သွားရောက်ကြည့်ရှု ဈေးကွက်ရှိပြီး ဒေသထွက်ထုတ်ကုန်များ တိုးမြှင့်ထုတ် လုပ်နိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို မေးမြန်းဆွေးနွေးကာ ပေါင်းစပ် ဆောင်ရွက်ပေးသည်။

 

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်သည် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိ သူများနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံပြီး ဥပဒေအသိပညာ ပြန့်ပွားရေး၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဒေသတွင်း တည်ငြိမ်အေးချမ်းစွာ ကောက်ယူနိုင်ရေးကိစ္စရပ်များကို ဆွေးနွေး ပြောကြားကာ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် ဆွမ်ပရာဘွမ်လမ်းမကြီးဘေးရှိ ပြည်နယ်တရားလွှတ်တော် ရုံးသစ် တည်ဆောက်မည့် မြေနေရာကို ကြည့်ရှုစစ်ဆေးသည်။

(သတင်းစဉ်)