နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပိုးရယ်အောင်သိန်း ကယားပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၊ အားကစားကွင်းနှင့် အားကစားရုံများ လှည့်လည် ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်ဖလား ဘောလီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရောက

 

လွိုင်ကော်၊ စက်တင်ဘာ ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပိုးရယ်အောင်သိန်းသည် ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်နယ် ကြက်တောင် အားကစားရုံ၌ ကယားပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ဝန်ထမ်းများနှင့်  တွေ့ဆုံသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က နိုင်ငံတော်အနေဖြင့် အားကစား ကဏ္ဍကို ဘက်စုံကဏ္ဍစုံမှ မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန် အားကစားသမားများကိုလည်း ထိုက်တန်စွာ ချီးမြှင့်ပေးအပ်လျက်ရှိကြောင်း၊ ဝန်ထမ်းများ အနေဖြင့် မိမိကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့် ပြည်နယ်အတွင်းရှိ အားကစား ဝါသနာရှင်များကလည်း နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစား သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အားကစားနှင့် လူငယ်ရေးရာကဏ္ဍ ဆောင်ရွက်မှုများ၊  ပြည်နယ်အတွင်း အားကစားကွင်းများ ဆောင်ရွက်ထားရှိမှု၊ ထူးချွန်အားကစားသမားများ မွေးထုတ်ပေးနိုင်မှုကို ဆွေးနွေးတင်ပြပြီး ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးက ပြည်နယ်အတွင်း အားကစားဆိုင်ရာလုပ်ငန်း ဆောင်ရွက်ချက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိဂုံးချုပ် အမှာစကား ပြောကြားပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အားကစားကွင်း၊ အားကစားရုံအတွင်းရှိ အားကစားပွဲကြည့်စင်များနှင့် မီတာ (၄၀၀) ပြေးလမ်းတို့ကို လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်နယ်ကရာတေး အားကစားရုံ၌ ကျင်းပပြုလုပ်သည့် ကယားပြည်နယ် ဝန်ကြီးချုပ်ဖလား အမျိုးသား၊ အမျိုးသမီး အသက် (၂၅) နှစ်အောက် ဘောလီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး ဘောလခဲမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ် ကိုယ်စား ပြုအမျိုးသား ဘောလီဘောပြိုင်ပွဲဗိုလ်လုပွဲစဉ်အား ကြည့်ရှုအားပေးကြသည်။

ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အမျိုးသား၊ အမျိုးသမီး အားကစားသမားများနှင့် အမျိုးသမီး ဘောလီဘော ပြိုင်ပွဲတွင် ပူးတွဲ တတိယဆုရရှိသည့် ဒီးမော့ဆိုမြိုနယ်အသင်းနှင့် ဖရူဆိုမြို့နယ်အသင်း၊  အမျိုးသားဘောလီ ဘောပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသည့် လွိုင်ကော်မြိုနယ်အသင်းနှင့် ဖရူဆိုမြို့နယ်အသင်း၊ အမျိုးသမီးဘောလီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် လွိုင်ကော်မြို့နယ်အသင်း ၊ အမျိုးသား ဘောလီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ဘောလခဲမြို့နယ်အသင်း၊ အမျိုးသမီးဘောလီဘော ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှားတောမြို့နယ်အသင်းနှင့် အမျိုးသားဘောလီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဒီးမော့ဆိုမြို့နယ်အသင်းတို့ကို ဆုတံဆိပ်၊ တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ကြပြီး ဆုရအားကစားသမားများနှင့် မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်