နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် အောက်တိုဘာ ၂၅

 

၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများ၊ ဝန်ထမ်းမိသားစုများနှင့် အားကစားဝါသနာရှင် ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

 

ဦးစွာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဘော်လီဘောအားကစား အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု  ခိုင်မာလာစေရေး၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ဘော်လီဘောအားကစားနည်းကို နိုင်ငံအနှံ့ ကျယ်ကျယ် ပြန့်ပြန့် လှုပ်ရှားကစားကြစေရေးတို့အတွက် ရည်ရွယ်၍ ယခုပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ဘော်လီဘော အားကစားနည်းသည် နည်းစနစ်ကို အခြေခံ၍ အားကစားသမားတစ်ဦးချင်း၏ ကျွမ်းကျင်မှု၊ လျှင်မြန်ဖြတ်လတ်မှု၊ သက်လုံနှင့် ကြံ့ခိုင်မှုပြည့်ဝရန် လိုအပ်သည့်အပြင် တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိပြီး အပေးအယူမျှတစွာ ယှဉ်ပြိုင် ရသည့် အားကစားနည်းဖြစ်သည့်အတွက် အားကစားသမားတစ်ဦးချင်းရော အသင်းလိုက်ပါ လေ့ကျင့်မှုပြည့်ဝရန် လိုအပ်ကြောင်း၊ ဘော်လီဘောအားကစားနည်းသည် နိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ရယူပေးနိုင်ခဲ့ပြီး အောင်မြင်မှု အစဉ်အလာကောင်းများရှိခဲ့သည့် အားကစားနည်းဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးပြိုင်ပွဲများမှတစ်ဆင့် မျိုးဆက်သစ် အားကစားသမားများကို ဖော်ထုတ်၍ မြန်မာ့ဘော်လီဘောအားကစားနည်း ပြန်လည်ဦးမော့ လာစေရေး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ အားကစားသမားများအနေဖြင့် ပြိုင်ပွဲတွင် အားကစားစိတ်ဓာတ်အပြည့်ဖြင့် အသန့်ရှင်းဆုံးယှဉ်ပြိုင်ကြရန်နှင့် နိုင်ငံတော်က အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းမှာကြားပြီး ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

 

ထို့နောက် ပြည်နယ်နှင့် တိုင်းဒေသကြီး ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစား သစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးတို့က ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်ပရိသတ်များသည် ဘော်လီဘောအမျိုးသားပြိုင်ပွဲ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

 

၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီးဘော်လီဘောပြိုင်ပွဲကို အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသွားမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း (၁၅)သင်း၊ အမျိုးသမီးအသင်း (၁၃)သင်း၊ အားကစားသမား စုစုပေါင်းအင်အား (၄၁၈)ဦး ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းနှင့် အားကစားကို စိတ်ပါဝင်စားသည့်ပြည်သူများ အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။

 

သတင်းစဉ်