နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့် ထိန်ကုလားကျေးရွာ ကုန်ထုတ်လမ်းအား တက်ရောက်ဖွင့်လှစ်ပေး

ပုသိမ် မေ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ထိန်ကုလားကျေးရွာ ကုန်ထုတ် လမ်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာ နချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစော ထွန်းအောင်မြင့် နှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ဖျော်ဖြေရေး အဖွဲ့များ၏ ကပြတီးခတ်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များ အတွက် ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ကြသည်။

ထို့နောက်ထိန်ကုလားကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနား တက်ရောက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင်က “ယနေ့ဖွင့်လှစ် သည့် မော်လမြိုင်ကျွန်းမြို့နယ်၊ ထိန်ကုလားကျေးရွာကုန်ထုတ်လမ်းသည် ကျေးရွာအ တွက် အမှန်တကယ်အကျိုးရှိမည့် လမ်းဖြစ်ပြီး ကျေးရွာ၏ လူမှုရေး၊စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ၌ များစွာအထောက်အကူအကူ ပြုစေမှာဖြစ်ပါ ကြောင်း၊ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ထိန်ကုလားကျေးရွာ ကုန်ထုတ်လမ်းအတွင်းပိုင်းအား မြစိမ်းရောင်ကျေးရွာ အတိုးရငွေဖြင့် ဆောင်ရွက်ခဲ့ပြီး ဆက်လက်လိုအပ်နေသည့် လမ်းပိုင်းအတွက်ကိုလည်း ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင်ငွေကျပ် ၆၉သန်း‌ ကျော်ဖြင့် ဆောင်ရွက်ပေးခဲ့ပြီး ရာသီမရွေး အသုံးပြုနိုင်သည့် လမ်းတစ်လမ်းအဖြစ် ယနေ့တွေ့မြင်ရသည်မှာ ဝမ်းမြောက် ဝမ်းသာဖြစ်ရပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း ကုန်ထုတ်လမ်းအား ရေရှည်တည်တံ့ပြီး သားစဉ်မြေးဆက်အကျိုးရှိစွာအသုံးချနိုင်ဖို့ သက်ဆိုင်ရာဌာနများနှင့် ဝိုင်းဝန်းထိန်းသိမ်းပေးရမှာဖြစ်ပါကြောင်း၊ မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားသောပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများတွင်လည်း သက်ဆိုင်ရာဌာနများနှင့် ဆက်လက်ချိတ်ဆက်ဆောင်ရွက်ကြရန်လည်း တိုက်တွန်းလိုပါကြောင်း၊ အထူးသဖြင့် ပညာရေးပိုင်းတွင်လည်း ကျောင်းသား၊ ကျောင်းသူ များအားလုံး ကျောင်းတက်ရောက်ရန်လည်း လိုပါကြောင်း၊ ပညာရေးတိုးတက်မှ ကျေးရွာနှင့် လူမှုရေးများပါ တိုးတက်မည်ဖြစ်ပါကြောင်း၊ အနာဂတ်လူငယ်လူရွယ် များအား ပညာရေးကို ကြိုးစားသင်ကြားပေးဖို့လည်း ပြောကြားလိုပါကြောင်း၊ သက်ဆိုင်ရာဌာနများအပြင် မိမိတို့ကလည်းအား ထည့်လုပ်ဆောင်ပါက ထိန်ကုလား ကျေးရွာသည် နောင်မကြာမီကာလအတွင်း၌ ယခုထက်ဖွံ့ဖြိုးတိုးတက်သည့် ကျေးရွာကြီးဖြစ်ပါစေကြောင်း” ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးသည် ကျေးလက် ဒေသကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်ပြီး ကျေးလက်နေလူဦးရေ(၈၅) ရာခိုင်နှုန်းနှင့် မြို့ပေါ်နေလူဦးရေ (၁၅)ရာခိုင်နှုန်းရှိပါကြောင်း၊ ကျေးလက်နေ ပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်ပိုင်းဆိုင်ရာ အပါအဝင် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်က လေးတိုင်း ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်နေပါ ကြောင်း၊တစ်ဖက်မှလည်း နိုင်ငံတော်မှစီမံဆောင်ရွက်ပေးနေသကဲ့သို့ တစ်ဖက်မှလည်း ပြည်သူလူထုအနေဖြင့် လမ်းကိုရေရှည်တည်တံ့ခိုင်မာအောင် ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး၊ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင်သည် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့နှင့်အတူ ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီးနောက် ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အဆိုပါလမ်းသည် မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးတွင် ဆောင်ရွက်ခဲ့သော လမ်းဖြစ်ပြီး လမ်းအရှည် ၂၄၅၀ ပေ၊ အကျယ် ၁၀ ပေနှင့် ထု ၇ လက်မရှိကြောင်း သိရသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင်သည် တာဝန်ရှိသူများနှင့်အတူ ထိန်ကုလားကျေးရွာ မူလတန်းလွန်ကျောင်း သို့သွားရောက်၍ ကျောင်းသား၊ကျောင်းသူများ ကျောင်းလာရောက်အပ်နှံနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ  စာရေးကရိယာပစ္စည်းနှင့် ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်