နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊  ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ တိပိဋကဓရ တိပိဋကကောဝိဒ စာအောင် သာသနာ့အာဇာနည် အရှင်သူမြတ်တို့အား အောင်လက်မှတ်နှင့် ဘွဲ့တံဆိပ်တော်များ


ရန်ကုန် - မေ  ၂၂

     

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသော (၇၄) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည်အရှင်သူမြတ် အပါး(၂၀)တို့အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီ တွင် ရန်ကုန်မြို့ သိရိမင်္ဂလာကမ္ဘာအေး ကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။

အခမ်းအနားသို့  နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက  မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး အဖွဲ့၏ သြဝါဒါစရိယဆရာတော်ကြီးများ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်များ၊ စာထောက်စာမ ဆရာတော်များ၊ တိပိဋကပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ (၇၄) ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒရွေးချယ်ရေး စာမေးပွဲတွင် သဘောရေးဖြေ အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့  ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ သြဝါဒါစရိယအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ မိုးကောင်းကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသ မဟာထေရ် မြတ်ကြီးထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထိုနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသက  သာရဏီယဩဝါဒ ကထာကို ဖတ်ကြားချီးမြှင့်တော်မူသည်။

ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာများကိုလျှောက်ထားသည်။

ထို့နောက်  (၇၄) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည်အရှင်မြတ်များအား ဘွဲ့တံဆိပ်တော်နှင့်အောင် လက်မှတ်များ ဆက်ကပ်ကြရာ ပိဋကတ်နှစ်ပုံခွဲ သဘောရေးဖြေ အောင်မြင်တော်မူသည့်   ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ တိပိဋကမဟာဂန္တဝင် နိကာယ်ကျောင်းတိုက်မှ အရှင်မာနိတအား မူလအဘိဓမ္မကောဝိဒ ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကလည်းကောင်း၊ ပိဋကတ် နှစ်ပုံသဘောရေးဖြေအောင် ဒိဃနိကာယကောဝိဒဘွဲ့ တံဆိပ်တော်ရ  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ တိပိဋက မဟာဂန္တဝင် နိကာယ်ကျောင်းတိုက်မှ အရှင် အာစာရာလင်္ကာရအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာ ဗညားအောင်မိုး က ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်ကို လည်းကောင်း ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ပိဋကတ်တစ်ပုံသဘောရေးဖြေအောင်မြင်တော်မူသဖြင့် ဝိနယ ကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနအာဇာနည် အရှင်မြတ် ၇ ပါး၊ ဝိနည်း ပထမပိုင်း သဘောရေးဖြေအောင် ဥဘတောဝိဘင်္ဂကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနအာဇာနည် အရှင်မြတ် ၁၁ ပါး တို့ကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်  ဦးစိုးသိန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ နှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များကို ဆက်ကပ် လှူဒါန်း ကြသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့၊ သီဟိုဠ်ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ  ဒေါက်တာ ဘဒ္ဒန္တစန္ဒနသာရမဟာထေရ်မြတ်ထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊  ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ စာအောင်သံဃာတော်များအား  လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းကြသည်။

ယခု ကျင်းပပြီးစီးခဲ့သည့် (၇၄) ကြိမ်မြောက်  တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲအထိ (၇၄) နှစ်တာကာလအတွင်း တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်သူမြတ် (၁၅) ပါး၊ တိပိဋကဓရ ပိဋကတ်သုံးပုံ အာဂုံ‌ဆောင် သာသနာ့အာဇာနည် အရှင်သူမြတ် (၆) ပါး ပေါ်ထွန်းခဲ့ပြီး သာသနာ့အကျိုးကို ဆက်လက်သယ်ပိုး ဆောင်ရွက်တော်မူလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်