နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အား ထိုင်းဘုရင့်တပ်မတော်မှ Lt. Gen. Prasan Saengsirirak ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ လာရောက်ဂါရဝပြုတွေ့ဆုံ

 

နေပြည်တော် ဇွန် ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပြုလုပ်သော (၃၆)ကြိမ်မြောက် မြန်မာ - ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ထိုင်းကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Lt.Gen. Prasan Saengsirirak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ တပ်မတော်အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးချစ်ဆွေတို့ တက်ရောက်ကြပြီး ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mr.Mongkol Visitstump နှင့် ထိုင်းဘုရင့် တပ်မတော်မှ အရာရှိကြီးများတက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာအောင် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာများကို အောင်မြင်စွာဆောင်ရွက်နိုင်မည့် အခြေအနေများ၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် ထိုင်းကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်တို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်