နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဇွန် ၂၈

 

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီး ကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ကျင်းပရေးဦးစီးကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီ နာယက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကား ပြောကြားရာတွင် အားကစားဆိုသည့် ဝေါဟာရကို နိုင်ငံတကာအဘိဓာန်များက “ယှဉ်ပြိုင်မှုရှိသော ရုပ်ပိုင်းဆိုင်ရာ ပြုမူဆောင်ရွက်မှုပုံစံအားလုံးကို အားကစား”ဟု အဓိပ္ပာယ်ဖွင့်ဆိုကြကြောင်း၊ အားကစား၏ ရည်မှန်းချက်သည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်မှုကို ရှေးရှုသည်ဆိုသော်လည်း ယခုအခါ အားကစားသည် တစ်ဦးချင်းယှဉ်ပြိုင်ရသည့်  ပြိုင်ပွဲမှသည် လူပေါင်းရာထောင်ချီပါဝင်သည့် ပြိုင်ပွဲများ၊ ကျေးလက်အဆင့် အားကစားပြိုင်ပွဲများမှသည် ကမ္ဘာနှင့်ချီသည့် အိုလံပစ်ပြိုင်ပွဲများအထိ ကျင်းပလျက်ရှိနေပြီဖြစ်ကြောင်း၊ အားကစားအောင်မြင်မှုသည် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို နိုင်ငံတ ကာ အလယ်တွင် ထည်ဝါခန့်ညားစေခြင်းဖြစ်သည့်အတွက် “အားကစားပြိုင်ပွဲများကို လက်နက် မပါသောတိုက်ပွဲများ”ဟု တင်စားလာနေကြပြီဖြစ်ကြောင်း။

 

ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အားကစားအဆင့်အတန်း မြင့်မားဖွံ့ဖြိုး တိုးတက်ရေးကို အဘက်ဘက်က အားပေးပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်ကလည်း “အားကစားဆောင်ရွက် ခြင်းသည် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များနှင့် အမျိုးသားရေးစရိုက် လက္ခဏာတို့ကို ရှင်သန်ထက် မြက်စေပြီး တစ်မျိုးသားလုံး၏ ကျန်းမာကြံ့ခိုင်​ရေးကိုလည်း ဖြစ်ပေါ်စေနိုင်သည့်အတွက် အားကစားနှင့် ပတ်သက်ပါက အားပေးဆောင်ရွက်ရမည်”ဟု လမ်းညွှန်ထားရှိကြောင်း၊ ယခုပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ကြီး ကျင်းပပေးခြင်းသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ရည်ရွယ် ချက်(၅)ရပ် သတ်မှတ်ပြီး ကျင်းပခြင်းဖြစ်သည့်အတွက် ယနေ့အစည်းအဝေးကို တက်ရောက်လာကြ သည့် တာဝန်ရှိသူများအနေဖြင့် ပြိုင်ပွဲကြီး အောင်အောင်မြင်မြင်နှင့် ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသား ရေးစိတ်ဓာတ်တို့ကို ဖော်ညွှန်းသည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့၊ မျိုးချစ်စိတ်ဓာတ်နှင့် နိုင်ငံ့အရေးတို့ကို ဖော်ကျူးသည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကဲ့သို့ နိုင်ငံတော်အဆင့် အခမ်းအနားကြီးများကို အောင်အောင်မြင်မြင် ခမ်းခမ်းနားနား ကျင်းပနိုင်ခဲ့သလို ဘာသာသာသနာ တော်နှင့် စပ်လျဉ်း၍လည်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုကိုလည်း ကမ္ဘာသိ ကျက်သရေမင်္ဂလာနှင့် တင့်တယ်သော ဂုဏ်ထူးဝိသေဿများနှင့်အတူ ခမ်းနားထည်ဝါစွာ ကျင်းပ နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အလားတူ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်သန်စွမ်းသော မျိုးဆက်သစ် ပညာတတ် လူငယ်လူရွယ်များ အနာဂတ်နိုင်ငံတော်တွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက် နိုင်ရေး ရည်ရွယ်လျက် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့်  အမျိုးသားအားကစား ပွဲတော်ကြီးကိုလည်း ယခင်ကျင်းပခဲ့သည့် နိုင်ငံတော်အဆင့် အခမ်းအနားများနည်းတူ ခမ်းနားထည်ဝါစွာ ကျင်းပရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားသည့်အတွက် ယခုအစည်းအဝေးကို တက်ရောက်လာကြသည့် ဦးစီး ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ပထမအကြိမ် အစည်းအဝေးတွင် ကော်မတီများမှ တာဝန်ရှိသူများက လိုအပ်သည့် အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လုပ်ငန်း လမ်းညွှန်ချက်များ ချမှတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ထို့ပြင် ပြိုင်ပွဲတစ်ခုလုံးနှင့် ပတ်သက်သည့်  ကုန်ကျ စရိတ်၊ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား၊ ပြိုင်ပွဲပုံစံ၊ ပြိုင်ပွဲအားကစားနည်းများနှင့် အထိမ်းအမှတ်အရုပ် သတ်မှတ်ရေး စသည့်ကိစ္စရပ်များကို ယခုအစည်းအဝေးတွင် ဆွေးနွေးသွားကြရန်လိုကြောင်း၊ အလားတူ အမျိုးသားအားကစားပွဲတော်တွင် မသန်စွမ်းအားကစား ပြိုင်ပွဲများနှင့် ပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိသူများကို ဆုချီးမြှင့်ရာတွင် ဆုတံဆိပ်အပြင် နိုင်ငံတကာအားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်း အနားတွင် ပေးအပ်လေ့ရှိသည့် လာဘ်ကောင်(MASCOT)ကို ပူးတွဲပေးအပ်နိုင်ရေးတို့ကိုလည်း မူအနေ ဖြင့် ရရှိပြီးဖြစ်၍ ဆွေးနွေးပေးကြရန်လိုကြောင်း။

 

ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော်သည် နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်အားကစား သမားများ ပေါ်ထွက်လာရေးရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်သည့်အတွက် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် ချမှတ်ထားသည့်စည်းကမ်းသတ်မှတ်ချက်၊ အသက်ကန့်သတ်ချက်နှင့် အားကစားနည်း စနစ်များကို အသေးစိတ်လေ့လာ ပြင်ဆင်ဆောင်ရွက်ကြရန်၊ ပြိုင်ပွဲများ ယှဉ်ပြိုင် သည့်အခါ အားကစားစိတ်ဓာတ်အပြည့်ဖြင့်ယှဉ်ပြိုင်ပြီး အောင်မြင်မှုများရရှိအောင် ကြိုးစားဆောင်ရွက် သွားရန်နှင့် ဝန်ကြီးဌာနများနှင့် ပြည်နယ်၊ တိုင်းဒေသကြီး ကိုယ်စားပြုအသင်းများမှ တာဝန်ရှိသူများ ကလည်း အားကစားနည်းများအလိုက် စနစ်တကျ လေ့ကျင့်ပေးရန်လိုကြောင်း၊ အလားတူပြိုင်ပွဲများကို ကြီးကြပ်ဆောင်ရွက်ကြမည့် ဒိုင်၊ ဂျူရီများအနေဖြင့် ဘက်လိုက်မှုကင်းကင်းနှင့် တရားမျှတစွာ ဆုံးဖြတ်ဆောင် ရွက်ကြရန်၊ အားကစားပြိုင်ပွဲများ ပြိုင်ဆိုင်မှု ပြင်းထန်သည့်အတွက် အငြင်းပွားဖွယ်ရာ ကိစ္စရပ်များ ပေါ်ပေါက်လာပါက ခုံသမာဓိအဖွဲ့များက စနစ်တကျကြီးကြပ် ဆုံးဖြတ်နိုင်ရေး စီမံ ဆောင်ရွက်ထား ကြရန်လိုကြောင်း။

 

အမျိုးသားအားကစားပွဲတော်ကြီး အနှစ်သာရရှိရှိ၊ ရည်မှန်းချက်များအတိုင်း အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ သက်ဆိုင်ရာ ဆပ်ကော်မတီများနှင့် ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအနေဖြင့် အလေးထားလိုက်နာ ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား လိုကြောင်း။

 

ထို့ပြင် အမျိုးသားအားကစားပွဲတော်ကြီး ကျင်းပနေဆဲကာလအတွင်း လုံခြုံရေးကျိုးပေါက်မှု မရှိစေရေး သည် အရေးကြီးဆုံးဖြစ်သည့်အတွက် အားလုံးက လုံခြုံရေးအသိ၊ လုံခြုံရေးသတိနှင့် အလေးထား လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြိုင်ပွဲကာလအတွင်း ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစား သမားများ တည်းခိုကြမည့်နေရာများတွင် စနစ်တကျရှိစေရေး၊  စိတ်အေးချမ်းသာစွာ ပါဝင်ယှဉ် ပြိုင်နိုင်ရေး၊ နေထိုင်စားသောက်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေး စသည့်ကိစ္စရပ် များတွင် ဆပ်ကော်မတီအလိုက် တာဝန်ရှိသူများအနေဖြင့် အသေးစိတ်စီမံဆောင်ရွက်သွားကြရန် လိုကြောင်း။

 

ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ၊ မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းကြီးများ၊ NGO အဖွဲ့အစည်းများ၊ မီဒီယာလောကသားများ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက တစ်ဦးချင်းတစ်ယောက်ချင်း ကျရာအခန်းကဏ္ဍ အလိုက် အမျိုးသားရေးအသိစိတ်ဓာတ်နှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်၊ တာဝန်ယူဆောင်ရွက်ကြမည့် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် စီမံချက်ပါလုပ်ငန်းတာဝန်များ အောင်မြင်ပြီး မြောက်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် မမျှော်မှန်းနိုင်သည့်ကိစ္စရပ်များ ပေါ်ပေါက်လာပါက လည်း အရန်အနေဖြင့် ဖြေရှင်းနိုင်ရန် စီမံချက်တွင်ထည့်သွင်း၍ ဆောင်ရွက်သွားကြရန် လိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ယခင်အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ပြိုင်ပွဲအမျိုးအစား သတ်မှတ်ခြင်းနှင့် ပြိုင်ပွဲအစီအစဉ်များ၊ ဆုချီးမြှင့်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

 

ယင်းနောက် ကျင်းပရေးကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးတို့က ပဉ္စမအကြိမ်  အမျိုးသားအားက စားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားများကို ခေတ်ကာလနှင့်လျော်ညီစွာ နိုင်ငံတော်အဆင့် ခမ်းနား ထည်ဝါစွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားမည့်  အစီအစဉ်လျာထားချက်များနှင့် အမျိုးသား အားကစားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

 

ဆက်လက်၍ ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးနှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီ၊ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းတင်ရေးဆပ်ကော်မတီ၊ ကျန်းမာရေး ဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေးဆပ်ကော်မတီ၊ စာရင်းစစ်ဆေးရေးဆပ်ကော်မတီ၊ ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ် ဆပ်ကော်မတီ၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီနှင့် ခုံသမာဓိဆပ်ကော်မတီ တို့မှ ဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ ဒုတိယစာရင်းစစ်ချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားကြမည့် အစီအမံများကို  ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်း အဝေးကို ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)