နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်ကြည့်ရှု အားပေးပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်

နေပြည်တော် ဇူလိုင် ၅

တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်ဆီသို့ ဟူသော ဦးတည်ချက်ဖြင့် ကျင်းပလျက်ရှိသည့် ၂၀၂၃ ခုနှစ်ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

ယနေ့ကျင်းပသည့် ဗိုလ်လုပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှအုပ်ချုပ်နှင့် သူနည်းပြများ၊ အားကစားသမားများ၊ တက္ကသိုလ် ကျောင်းသားကျောင်းသူ၊ ဆရာဆရာမများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင် ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ညနေ ၃နာရီတွင် ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ပညာရေးဝန်ကြီးဌာန(က)အသင်းနှင့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာန(က) အသင်းက ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားပြီး တံခွန်စိုက်ဆုဖလားကြီးကို ဆွတ်ခူးရရှိသွားသည်။

ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာကျော်ထွန်းက အကောင်းဆုံးဂိုးသမားဆုရရှိသည့် ပညာရေး ဝန်ကြီးဌာန(က)အသင်းမှ ဂိုးသမား စောကျော်ခန့်နို ကိုလည်းကောင်း၊ ကောင်စီဝင် ဒေါက်တာ အောင်ကျော်မင်းက အကောင်းဆုံးနောက်တန်း ကစားသမား ဆုရရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အသင်းမှ ခွန်ဝင်းကျော် ကိုလည်းကောင်း၊ ကောင်စီဝင် ဒေါက်တာမှုထန် က အကောင်းဆုံးအလယ်တန်း ကစားသမားဆုရရှိသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အသင်းမှ ထက်မြတ်မင်း ကိုလည်းကောင်း၊ ကောင်စီဝင် ဦးမောင်ကိုက အကောင်းဆုံးရှေ့တန်း ကစားသမားဆုရရှိသည့် နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းမှ ကိုကိုလင်းကိုလည်းကောင်း၊ ကောင်စီဝင် မန်းငြိမ်းမောင်က ဂိုးသွင်းအများ ဆုံးကစားသမား ဆုရရှိသည့် ပညာရေးဝန်ကြီးဌာန(က) အသင်းမှ ဇော်ဇော်ထိုက် ကိုလည်းကောင်း၊ ကောင်စီဝင် ပိုးရယ်အောင်သိန်းက ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစား သမားဆုရရှိသည့် ပညာရေးဝန်ကြီးဌာန(က)အသင်းမှ သန်းမြတ်စိုး ကိုလည်းကောင်းတစ်ဦးချင်း အကောင်းဆုံးဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က တတိယဆုရရှိသည့် နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းအား လည်းကောင်း၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဒုတိယဆုရရှိသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာနအသင်းအားလည်းကောင်း၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပထမဆုရရှိသည့် ပညာရေးဝန်ကြီးဌာန(က)အသင်းအားလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပထမဆုရရှိသည့် ပညာရေးဝန်ကြီးဌာန(က) အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုဆုငွေကျပ် သိန်း(၁၀၀)ကို ပေး အပ်ချီးမြှင့်သည်။

ဆုချီးမြှင့်ပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် ပြိုင်ပွဲဝင် အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲအသင်း ၁၁ သင်းတို့ဖြင့် အုပ်စု ၃ အုပ်စုခွဲကာ ဇွန် ၂၂ ရက်မှ ယနေ့အထိ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်