နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၂၂ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ဗဟိုဘဏ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးအဆင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။

(ယမန်နေ့မှအဆက်)

မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ

ဆက်လက်၍ ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲဖြစ်သူ Mr.Martin Griffiths ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၏ မြန်မာနိုင်ငံအတွင်း တွေ့ဆုံဆွေးနွေးခဲ့မှုအခြေအနေများကို ပြောကြားလိုပါကြောင်း၊ ယခုလ ၁၅ ရက်တွင် နိုင်ငံ့အကြီးအကဲနှင့် တွေ့ဆုံခဲ့ပါကြောင်း၊ တွေ့ဆုံစဉ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ် ခဲ့သည့်အတွက် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့မှုအခြေအနေများ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူများလိုလားနေသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာနှင့် ဆက်လက်လျှောက်လှမ်းနိုင်ရန် ဆောင်ရွက်နေသည့် အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးဆောင်ရွက်နေမှုများ၊ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်အတွက် လိုအပ်ချက်ရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ် နှင့်ပတ်သက်ပြီး သတင်းမှားများ ပျံ့နှံ့နေမှုနှင့် အခြေအနေမှန်များကို နိုင်ငံတကာက သိရှိရန်လိုအပ်သည့် အခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါကြောင်း။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်အကြီးအကဲနှင့် တွေ့ဆုံခဲ့သည့်အပြင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးတို့နှင့်လည်း တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ပြင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများတွင် မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများကို ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးမှုအခြေအနေ၊ မိတ်ဆွေ နိုင်ငံများအပါအဝင် UNOCHA နှင့် ပူးပေါင်းဆောင် ရွက်ခဲ့မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွား ရန် လိုအပ်သည့် အခြေအနေများ၊ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများ နှင့်ပတ်သက်ပြီး အသေးစိတ်အကျယ်တဝင့်ဆွေးနွေး နိုင်ခဲ့ပါကြောင်း၊ ခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် ရလဒ်ကောင်းများကို ရယူနိုင်ခဲ့သည့် အောင်မြင်သည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း ထည့်သွင်း ပြောကြားလိုပါကြောင်း ပြောကြားသည်။

မိမိအနေဖြင့် ဆွေးနွေးပြောကြားလိုသည်မှာ ယခုလောက်သာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်သူလူထုစိတ်ဝင်စားနေသည့် စီးပွားရေး၊ ဘဏ္ဍာရေးဆိုင်ရာအခြေအနေများကို သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူများက ဆက်လက်ဆွေးနွေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ငွေရေးကြေးရေးကဏ္ဍတည်ငြိမ်ရေးနှင့် ပတ်သက်ပြီး မူဝါဒပိုင်းဆိုင်ရာ ဆောင်ရွက်ချက်များ

ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာလင်းအောင်က မိမိအနေဖြင့် ငွေရေးကြေးရေးကဏ္ဍတည်ငြိမ်ရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မူဝါဒပိုင်းဆိုင်ရာ ဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အဓိကရည်မှန်းချက်ဖြစ်သော ပြည်တွင်းဈေးနှုန်းတည်ငြိမ်မှုရရှိရေးနှင့် နိုင်ငံတော်၏ စီးပွားရေးတိုးတက်မှုနှုန်း ရည်မှန်းချက် ရရှိစေရေးဆောင်ရွက်ရာတွင် အတိုးနှုန်းမူဝါဒချမှတ်ခြင်း၊ အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုး သတ်မှတ်ခြင်းနှင့် လွတ်လပ်သောဈေးကွက်ဆိုင်ရာ လုပ်ဆောင်ချက်များ ကျင့်သုံးဆောင်ရွက်လျက်ရှိ ကြောင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှစ၍ အမေရိကန် နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၌ ငွေကြေးဖောင်းပွမှု နှုန်းမြင့်တက်ခဲ့ရာ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ငွေကြေးဖောင်းပွမှုနှုန်း လျှော့ချနိုင်ရေးအတွက် အတိုးနှုန်းမြှင့်တင်မှုများ ၂၀၂၂ ခုနှစ် မေလမှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း၊ အတိုးနှုန်း မြှင့်တင်ခြင်းမပြုဘဲ ဖြေလျှော့ဆောင်ရွက်သည့်နိုင်ငံ များလည်းရှိကြောင်း၊ ဥပမာ- တရုတ်နိုင်ငံ၊ ဂျပန် နိုင်ငံ၊ လာအို၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဘရာဇီး၊ ရုရှား စသည့်နိုင်ငံများတွင် အတိုးနှုန်းကို မမြှင့်တင်ဘဲ လျှော့ချခဲ့သည်ကိုတွေ့ရကြောင်း။

မိမိတို့မြန်မာနိုင်ငံ၌လည်း ငွေကြေးဖောင်းပွမှု နှုန်းများ အထိုက်အလျောက် မြင့်တက်လျက်ရှိ ကြောင်း၊ ထိုသို့မြင့်တက်ရခြင်းမှာ လုပ်ခလစာ မြင့်တက်ခြင်း၊ ငွေကြေးပမာဏမြင့်တက်ခြင်းနှင့် ဝယ်လိုအားမြင့်တက်မှုများကြောင့် မဟုတ်ဘဲ သွင်းကုန်တန်ဖိုးတွက်ချက်ရာတွင် တန်ဖိုးသင့်သည့် ငွေလဲလှယ်နှုန်းများမြင့်တက်မှုကြောင့် သွင်းကုန်တန်ဖိုးများ မြင့်တက်ခြင်းဖြစ်ကြောင်း၊ ကုန်သွယ်မှု လိုငွေမြင့်မားခြင်းကြောင့် နိုင်ငံခြားငွေလိုအပ်ချက်များ များပြားလာရာမှတစ်ဆင့် ငွေလဲလှယ်နှုန်းများ မြင့်တက်လာခြင်းကြောင့် ကုန်စည်ဈေးနှုန်းများ မြင့်တက်လာရကြောင်း၊ စားသုံးသူဈေးဆနှုန်းကိန်း Consumer Price Index မြင့်တက်လာခြင်းကြောင့် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ငွေကြေးဖောင်းပွမှုနှုန်းလျှော့ချရာတွင် အတိုးနှုန်းမြှင့်တင်သောနည်းလမ်းကို ဆောင်ရွက်မည်ဆိုပါက နိုင်ငံအနေဖြင့် မေခရို စီးပွားရေးအခြေခံအားနည်းသည့်အတွက် နိုင်ငံ၏ စီးပွားဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့် အတိုးနှုန်းမြှင့်တင်ခြင်းကို ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ထိုနည်းတူစွာ စီးပွားရေးတိုးတက်မှုကို တွန်းအားပေးဆောင်ရွက်ရန် လိုအပ်သောကြောင့် အတိုးနှုန်း မြှင့်တင်ခြင်းကို ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း၊ သို့သော်လည်း နိုင်ငံ၏စီးပွားရေးတိုးတက်မှု မေခရိုစီးပွားရေးအခြေ အနေအပေါ်မူတည်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုပြီး အတိုးနှုန်းပြင်ဆင်ခြင်းကို လိုအပ်သလိုဆောင်ရွက် သွားရန်ရှိကြောင်း။

မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေအချိုးသတ်မှတ်
ဘဏ်လုပ်ငန်းကဏ္ဍ၏ ငွေကြေးအခြေအနေမှာ ၂၀၂၂ ခုနှစ် အောက်တိုဘာလ နောက်ပိုင်းတွင် ကောင်းမွန်လာခြင်းကြောင့် ငွေကြေးဖောင်းပွမှုနှုန်းကို သွယ်ဝိုက်သောနည်းဖြင့် ထိန်းချုပ်နိုင်ရန် ဘဏ်များတွင် မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံး သီးသန့်ငွေအချိုးသတ်မှတ်ချက် သုံးရာခိုင်နှုန်းမှ ၃ ဒသမ ၅ ရာခိုင်နှုန်းကို တိုးမြှင့်သတ်မှတ်ပေးခဲ့ ကြောင်း၊ ၂၀၂၃ ခုနှစ် မေလတွင် ယင်းကိစ္စကို ဆောင်ရွက်ခဲ့ပြီး တစ်ဖက်တွင်လည်း ဘဏ်များ၏ လုပ်သာကိုင်သာရှိစေရန် ဘဏ်များအနေဖြင့် ဗဟို ဘဏ်တွင် ထားရှိသည့် စာရင်းရှင်အပ်ငွေစာရင်းများ ရှိကြောင်း၊ စာရင်းရှင်အပ်ငွေများ ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေအချိုး သတ်မှတ်ချက်ထက် ကျော်လွန်သော ပိုလျှံသီးသန့်ငွေအပေါ် အတိုးပေး ခြင်းကို ၂၀၂၂ ခုနှစ် အောက်တိုဘာလမှစပြီး ဆောင် ရွက်ပေးခဲ့ကြောင်း၊ လက်ရှိတွင် ဘဏ်များ၏ငွေကြေး လည်ပတ်မှုအခြေအနေကောင်းမွန်ပြီး ငွေထုတ်သူများအား ကန့်သတ်ချက်များဖြေလျှော့ပြီး လက်ရှိတွင် ဆောင်ရွက်ပေးနေကြောင်း။ 

ထို့ပြင် လောင်စာဆီဈေးနှုန်းများ မြင့်တက်မှုမှ တစ်ဆင့် ကုန်စည်ဈေးနှုန်းများ မြင့်တက်ခြင်းမဖြစ်ပေါ်စေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီနှင့် စားသုံးဆီတင်သွင်းသော သွင်းကုန်လုပ်ငန်းရှင်များ၏ နိုင်ငံခြားငွေလိုအပ်ချက်များကို အထိုက်အလျောက်ဖြည့်ဆည်းပေးနိုင်ရန် ပို့ကုန်ရငွေများ၏ ၅၀ ရာခိုင်နှုန်း ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့် ပြန်လည်ရောင်းချပေးခြင်းများ ဆောင်ရွက်ပေး ကြောင်း၊ သွင်းကုန်တန်ဖိုးကြီးမြင့်မှုမှတစ်ဆင့် ငွေကြေးဖောင်းပွနှုန်းမြင့်တက်ခြင်း မဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားငွေလိုအပ်ချက်များကို သက်သာသော ငွေလဲလှယ်နှုန်းဖြင့် ဝယ်ယူနိုင်စေရန်၊ ဘဏ်များမှ တစ်ဆင့် နိုင်ငံခြားငွေရောင်းချသော စီးပွားရေး လုပ်ငန်းရှင်များနှင့် ဝယ်ယူသူများအကြား Matching ပြုလုပ်ပေးသော Online Trading စနစ်တစ်ရပ်ကို လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဦးဆောင်မှု ဖြင့် ၂၀၂၃ ခုနှစ် ဇွန် ၂၂ ရက်မှ စတင်ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မျှတမှန်ကန် သည့်ရောင်းဝယ်မှုဖြစ်စေရန် Criteria များ သတ်မှတ်ပေးထားကြောင်း၊ Criteria များအရ စိစစ်ပြီး အရောင်းအဝယ်ပြုရမည့်ကုမ္ပဏီများ၊ အရောင်းအဝယ်ပြုရမည့် ပမာဏ၊ ငွေလဲလှယ်နှုန်းအစရှိသည်တို့ကို ဗဟိုဘဏ်နှင့် ဘဏ်များညှိနှိုင်းပြီး ဆုံးဖြတ် ပေးလျက်ရှိကြောင်း၊ Exporter နှင့် နိုင်ငံခြားငွေဖြင့် ဝင်ငွေရရှိသူများမှ ဝင်ရောက်ရောင်းချနိုင်ပြီး Importer များနှင့် Non -Trade အတွက် ပြည်ပကို နိုင်ငံခြားငွေလွှဲပြောင်းရန်ရှိသူများ ဝင်ရောက်ဝယ်ယူနိုင်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် လိုင်စင်ချထား ပေးပြီးဖြစ်သော ကုန်စည်တင်သွင်းသူများအနေဖြင့် ပြည်ပသို့ငွေပေးချေရာတွင် လိုအပ်သောနိုင်ငံခြား ငွေဝယ်ယူရရှိရေးအတွက် ဗဟိုဘဏ်မှ စီစဉ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ထို့ပြင် လိုအပ်ပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းများအား အမေရိကန်ဒေါ်လာ ရောင်းချပေးခြင်း၊ Back to Back SWAP Facility အသုံးပြုပြီးမှ အမေရိကန်ဒေါ်လာလိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းများ ဆောင်ရွက်ပေးကြောင်း၊ တစ်နည်းအားဖြင့် ငွေလဲနှုန်းတည်ငြိမ်ရေးကို လိုအပ်သလိုဆောင်ရွက်ပြီး ထိန်းကျောင်းပေးလျက် ရှိကြောင်း။

နိုင်ငံခြားငွေသားများကို မလိုအပ်ဘဲ ကိုင်ဆောင်ထားခြင်းမရှိစေရေး ကန့်သတ်ထား

ငွေလဲလှယ်နှုန်းများ တည်ငြိမ်စေရေးအတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း၊ ထိုအထဲမှအချို့ကို ကောက် နုတ်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ငွေပေးချေမှုများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ဈေးနှုန်းသတ်မှတ်ရာတွင်လည်းကောင်း မြန်မာ ကျပ်ငွေကိုသာ သုံးစွဲရန်ဖြစ်ကြောင်းကို လက်အောက်ခံ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များကို ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ စည်ပင်သာယာရေး ကော်မတီများမှတစ်ဆင့် မိမိတို့အနေဖြင့် အကြောင်း ကြားထားကြောင်း၊ နိုင်ငံခြားငွေသားများကို မလို အပ်ဘဲ ကိုင်ဆောင်ထားခြင်းမရှိစေရေးအတွက် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများဖြင့် ကန့်သတ်ထားပြီး ပြည်တွင်း၌ နေထိုင်သူများ အနေဖြင့် တရားဝင်နည်းလမ်းမှရရှိသော အမေရိကန် ဒေါ်လာတစ်သောင်းအထိသို့မဟုတ် ယင်းနှင့်ညီမျှသောငွေထက်မပိုသော နိုင်ငံခြားငွေကို လက်ခံရရှိသည့်နေ့မှ ခြောက်လ အတွင်း ကိုင်ဆောင်ခွင့်ပြုထားပြီး ခြောက်လထက် ကျော်သည်အထိ အသုံးမပြုပါက နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိသူများထံတွင် ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချလဲလှယ်ခြင်း သို့မဟုတ် ဘဏ်စာရင်းများသို့ ထည့်သွင်းခြင်းကို ဆောင်ရွက်ရန် သတ်မှတ်ချက်များ ထုတ်ပြန်ထား ကြောင်း။

အသေးသုံးနိုင်ငံခြားငွေသား ရောင်းချပေးမည့်အစီအစဉ်များဆောင်ရွက်
နောက်တစ်ခုမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်နှင့်အညီ AD လိုင်စင်ရဘဏ်များမှ ဖွင့်လှစ်ထားသည့် Money Changer ကောင်တာများ ရှိကြောင်း၊ ယင်းကောင်တာများတွင်လည်း ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်သူများ၊ ဆေးကုသရန် သွားရောက်မည့်သူများ၊ ပညာတော်သင်သွားရောက် မည့်သူများကို အသေးသုံးနိုင်ငံခြားငွေသား ရောင်းချပေးမည့် အစီအစဉ်များကိုလည်း မိမိတို့အနေဖြင့် ၂၀၂၃ ခုနှစ် မေ ၃၁ ရက်မှစ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ဘုရားဖူးသွားမည့်သူများ၊ ပြည်ပ နိုင်ငံအစိုးရအသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေး တက်ရောက်မည့်သူများကိုလည်း ၂၀၂၃ ခုနှစ် ဩဂုတ် ၁၈ ရက်မှစ၍ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ဖွင့်လှစ်ထားသည့် AD လိုင်စင်ရ ဘဏ်များ၏ Money Changer ကောင်တာများတွင် တစ်ဦးလျှင် နိုင်ငံခြားငွေသား အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ အထိ ဝယ်ယူနိုင်ရေးစီစဉ်ပေးထားကြောင်း၊ နောက်တစ်ချက်မှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံတကာကတ်များဖြစ်သော Visa Card၊ Master Card၊ JCB၊ UPI ကတ်ထုတ်ဝေခြင်း၊ ကတ်လက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ဘဏ်များသို့ ခွင့်ပြုပြီးဖြစ်ကြောင်း။

ပြည်ပသို့သွားရောက်ကြမည့် မြန်မာနိုင်ငံသား များအနေဖြင့်လည်း Retail ငွေပေးချေမှုများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံ ပြင်ပတွင် အသုံးပြုသူများအဆင်ပြေစေရန် ကတ်အသုံးပြုခြင်းကို ခွင့်ပြုထားကြောင်း၊ ထို့ပြင် ကတ် အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံခြားငွေပေးချေသော USD Inflow နှင့် Outflow ထိန်းညှိနိုင်ရန်ကိစ္စ၊ နိုင်ငံခြားငွေ Outflow များ လျှော့ချနိုင်ရေးအတွက် ပြည်တွင်း ဘဏ်များမှ ထုတ်ဝေထားသော International Credit Card များ၏ ပြည်တွင်းအသုံးပြုမှုကို မြန်မာ ကျပ်ငွေဖြင့် CBM-NET မှတစ်ဆင့် စာရင်းရှင်းလင်း မှုပြုလုပ်ပေးရန် ညွှန်ကြားထားကြောင်း၊ ဗီဇာကတ် အသုံးပြုမှုအတွက် ပေးချေမှုကို ယခင်က Nostro တွင်သာ စာရင်းရှင်းလင်းခဲ့သော်လည်း ၂၀၂၃ ခုနှစ် ဩဂုတ် ၁၅ ရက်မှစပြီး AD လိုင်စင်ရပြည်တွင်းဘဏ် တစ်ခုတွင် Local Settlement Bank အဖြစ်သတ်မှတ်ပေးပြီး ဆောင်ရွက်ကာ CBM-NET မှတစ်ဆင့် စာရင်း ရှင်းလင်းဆောင်ရွက်ခွင့်ပြုခဲ့ခြင်းများရှိကြောင်း။

အမေရိကန်ဒေါ်လာလိုအပ်ချက်ကို လျှော့ချနိုင်ရေးအတွက် နယ်စပ်ကုန်သွယ်မှုသာမက ပုံမှန်ကုန်သွယ်မှုတွင်ပါ ယွမ်နှင့်ဘတ်တို့ဖြင့် ဆောင်ရွက်ခွင့်ပြုခြင်း၊ နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု ပိုမိုလွယ်ကူစေရန် နိုင်ငံခြားသုံးငွေများရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များတွင် ထိုင်းဘတ်ငွေကို နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ဆောင်ရွက်နိုင်သည့်ငွေကြေးအဖြစ် သတ်မှတ်ခွင့်ပြုခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ ကြောင်း။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေ စီးဝင်မှု၊ စီးထွက်မှုအခြေအနေများကို အမြဲလေ့လာ ဆန်းစစ်ပြီး ဈေးကွက်လိုလားချက်အရ ဖြစ်သင့်သည့် ငွေလဲလှယ်နှုန်းကိုလည်း အမြဲတမ်းစိစစ်သုံးသပ် လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် ငွေကြေးဖောင်းပွမှုနှုန်းအား ထိန်းချုပ် နိုင်ရေးနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်နိုင်ရေးအတွက် တွန်းအားပေးလုပ်ဆောင်နေသည့် တိုင်အောင် ပြည်ပတွင် ဈေးနှုန်းများမြင့်တက်လျက် ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မြင့်မားနေရခြင်းသည် ကုန်သွယ်မှုနှင့်ပတ်သက်သော မှောင်ခိုရောင်းဝယ်မှုများ၊ တရားမဝင်တင်ပို့မှုများ ကြောင့်ဖြစ်ကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်သော နိုင်ငံခြားငွေလဲလှယ်နှုန်းမဟုတ်ဘဲ နိုင်ငံခြားငွေ လဲလှယ်နှုန်း မြင့်တက်စေရန်ရည်ရွယ်၍ ဈေးကစား နေခြင်းကြောင့်ဖြစ်ကြောင်း၊ သို့ဖြစ်၍ တရားမဝင် နိုင်ငံခြားငွေရောင်းဝယ်မှုများပပျောက်ရေး၊ ပို့ငွေ ရငွေများ သတ်မှတ်ချက်နှင့်အညီ ပြန်လည်ဝင်ရောက် ရေး၊ တရားမဝင်ကုန်သွယ်မှုများ တားဆီးရေး၊ Online Market Rate ဖြင့် Importer အမည်ခံပြီး နိုင်ငံခြားငွေဝယ်ယူ၍ တခြားသူများကို တရားမဝင်ဈေးဖြင့် ညှိနှိုင်းပြီး ရောင်းချခြင်းမျိုးများ မဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့ပြင် ကုန်သွယ်မှုလိုငွေများ လျှော့ချနိုင်မှု သွင်းကုန်များကို ကန့်သတ်ခြင်း၊ သွင်းကုန်အစားထိုး ပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ထုတ်လုပ်မှုတိုးမြှင့်နိုင်ရေးအတွက် သက်သာသော ချေးငွေများရရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် တိုင်းပြည် စီးပွားရေးတိုးတက်မှုအခြေအနေ၊ စီးပွားရေးစနစ် အတွင်းရှိ ငွေကြေးပမာဏ၊ ဘဏ်လုပ်ငန်းကဏ္ဍ၏ ငွေကြေးအခြေအနေများကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး ဘဏ်လုပ်ငန်းကဏ္ဍ တည်ငြိမ်ရေး၊ ငွေကြေးတည်ငြိမ်ရေး၊ ငွေလဲလှယ် နှုန်းတည်ငြိမ်ရေးတို့ကို ချိန်ဆဆောင်ရွက်ပေးလျက် ရှိကြောင်း၊ နိဂုံးချုပ်အနေဖြင့် အသိပေးပြောကြား လိုသည်မှာ ပြည်သူများအနေဖြင့် လတ်တလော လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ငွေကြေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ဖြစ်ပေါ်နေသော ကောလာဟလသတင်းများအပေါ် စိုးရိမ်ပူပန်မှုများ မဖြစ်ကြရန်နှင့် အခြေအမြစ်မရှိသောသတင်းများကို မယုံကြည်ကြရန်၊ အခြေအမြစ်မရှိသည့် မမှန်သတင်း ထုတ်ပြန်ခြင်းများကို သတိပြုကြရန်လိုအပ်ကြောင်း ပြောကြားသည်။(ဆက်လက်ဖော်ပြပါမည်)