မေး။   ။ရုရှားနိုင်ငံနှင့် ဘယ်လာရုစ်ကိုသွားတဲ့ ချစ်ကြည်ရေးခရီးစဉ်သတင်းထုတ်လွှင့်မှုတွေကို မီဒီယာအမြောက်အမြားမှာ တွေ့ရပါတယ်။ အဲ့ဒီနေရာမှာ ကျွန်တော်သတိထားမိတာက အဲဒီနိုင်ငံရဲ့ ပြည်နယ်အဆင့်ဝန်ကြီးအများစု၊ ဝန်ထမ်းအကြီးအကဲတွေ၊ အသင်းအဖွဲ့ တာဝန်ရှိသူတွေဟာ တက်ကြွတဲ့လူငယ်တွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ နည်းပါးနေပါသေးတယ်။ ဒါနဲ့ပတ်သက်ပြီး ဗိုလ်ချုပ် ဘယ်လို ထင်မြင်ပါသလဲ။

 

ဖြေ ။   ။ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍက တော်တော် အရေးကြီးပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်ကိုသွားပြီဆိုရင် လူငယ်အခန်းကဏ္ဍက ပိုအရေးကြီးတယ်။ ဘာကြောင့် လူငယ်အခန်းကဏ္ဍက အရေးကြီးလဲဆိုတော့ ဒီလူငယ်တွေကပဲ ခေါင်းဆောင်တက်လုပ်မှာဖြစ်တယ်။ ဒီလူငယ်တွေကပဲ အဖွဲ့အစည်းအသီးသီမှာ ပါဝင်မှာ ဖြစ်တယ်။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာကတော့ လူငယ်နဲ့လူကြီးတွေရဲ့ ကွာခြားချက်ပေါ့။ လူငယ်တွေကတော့ သူ့ရဲ့လိုအင်ဆန္ဒပေါ့၊ လူကြီးတွေကတော့ ကြောင့်ကြမှုပေါ့။ အတိုချုပ် ပြောရရင် လူငယ်တွေရဲ့ တောင့်တမှုနဲ့ လူကြီးတွေရဲ့ကြောင့်ကြမှု။ လူငယ်တွေရဲ့ တောင့်တမှုဆိုတာ လူငယ်တွေသည် သူတို့က အမြဲတမ်းအလိုရှိတယ်။ တိုးတက်စေချင်တယ်။ လူငယ်တွေသည် ဒါ့ထက်ပိုပြီးတော့ ကောင်းစေချင်တယ်။ ဒါ့ထက်ပိုပြီးတော့ အလုပ်လုပ်ပြ ချင်တယ်။ ဒါ့ထက်ပိုပြီးတော့ ကြိုးစားပြချင်တယ်။ လူငယ်တွေရဲ့ တောင့်တမှုသည် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်စေပါတယ်။ လူကြီးတွေရဲ့ ကြောင့်ကြမှုဆိုတာ ဘာကိုကြောင့်ကြတာလဲ ဆိုတော့ ဒါကိုလုပ်ပေးလိုက်လို့ရှိရင် ကျွန်တော်တို့နိုင်ငံအတွက် ဘာတွေထိခိုက်လာနိုင်မလဲ၊ ဘာမဟုတ်တာတွေ ဝင်လာနိုင်မလဲ၊ ဘာမဟုတ်တာတွေ ဖြစ်လာနိုင်မလဲ၊ လူငယ်တွေရဲ့ တောင့်တမှုနဲ့ လူကြီးတွေရဲ့ ကြောင့်ကြမှုတွေကို အတိုင်းအတာတစ်ခုအထိ သူတို့နိုင်ငံတွေက ချိန်ညှိပေးနိုင်တယ်လို့မြင်တယ်။ ဘာတွေတွေ့ခဲ့သလဲဆိုတော့ လူကြီးတွေ၊ နိုင်ငံ အကြီးအကဲတွေ၊ လူကြီးတွေက ဆွေးနွေးနေတယ်။ ဆွေးနွေးနေတဲ့အချိန်မှာ လူငယ်ဝန်ကြီးတွေက အဲဒီစကားဝိုင်းထဲမှာ ဝင်ပြီးတော့ ပြောချင်ပြောတာပဲ။ လူကြီးတွေက ပြောနေတဲ့စကားဝိုင်းထဲမှာ ဝင်ပြောချင်ပြောတာပဲ။ မှန်ရင် အဲဒီလူကြီးက လက်ခံလိုက်တယ်။ ဆက်ပြော၊ လုပ်ပါလို့ ပြောလိုက်တယ်။ အဲဒီတော့ လူငယ်တွေက ခုနတုန်းကပြောတဲ့ တောင့်တမှုတွေ၊ ဖွံ့ဖြိုးတိုးတက်ချင်မှုတွေနဲ့ လူကြီးတွေရဲ့ ကြောင့်ကြမှုတွေ ဒီနှစ်ခုကို ချိန်ညှိရမယ်။ တောင့်တမှုတွေမရရင်ဘာဖြစ်လာမလဲ၊ တောင့်တမှုတွေမရရင် ဒေါသ ဖြစ်လာတယ်။ ကြောင့်ကြမှုတွေမရရင်ဘာဖြစ်မလဲ၊ ကြောင့်ကြမှုတွေမရရင် မောဟ ဖြစ်တာပေါ့။ ဒီကြားထဲမှာ ချိန်ညှိပေးနိုင်ရင်တော့ ဒီဟာသည် ထပ်ပြီးတော့ တိုးတက်လာမယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့က လူငယ်တွေနဲ့ပတ်သက်ပြီးတော့ ဝန်ကြီးဌာနတစ်ခု သီးသန့် ဖွဲ့စည်းထားတာရှိတယ်။ လူငယ်တွေနဲ့ ပတ်သက်ပြီးတော့ ဗလငါးတန်ဖွံ့ဖြိုးဖို့ လူငယ်တွေ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေတာရှိပါတယ်။ ဒါတွေလည်း ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါသည်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ်လို့ပဲ မြင်ပါတယ်။ လူငယ်တွေနဲ့ပတ်သက်ပြီး ပိုပြီးတိုးတက်တဲ့အသိအမြင်တွေ ပိုပြီးဆောင်ရွက်ချက်တွေ ဆောင်ရွက်မှာဖြစ်တယ်။ ဒါသည် လူကြီးတွေရဲ့တာဝန်လည်း ဖြစ်တယ်၊ လူငယ်တွေရဲ့ တာဝန်လည်း ဖြစ်ပါတယ်။ ခုနက ပြောသလိုတောင့်တမှုနဲ့ ကြောင့်ကြမှုကို ဟန်ချက်ညီအောင် ထိန်းနိုင်တယ်ဆိုရင် ဒါသည်ပိုမိုတိုးတက်လာမယ်လို့ မြင်ပါတယ်။

 

မေး ။ ။ ဒါဆိုမြန်မာနိုင်ငံက လူငယ်တွေဘာလုပ်သင့်သလဲ။

ဖြေ။ ။ လူငယ်တွေအတွက် ကျွန်တော် ပြောချင်တာကတော့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ့်နိုင်ငံ ဒါ့ထက် ငြိမ်းချမ်းရေး၊ ကိုယ့်နိုင်ငံ ဒါ့ထက်သာယာရေးအတွက် မည်သူကအသိအမှတ် ပြုသည်ဖြစ်စေ၊ အသိအမှတ်မပြုသည်ဖြစ်စေ မိမိတာဝန်ပဲ အဲဒီလိုခံယူပြီးတော့ လုပ်သွားပေးကြပါလို့ ပြောချင်ပါတယ်။

 

မေး။   ။ ကျွန်မတို့ သတင်းထုတ်ပြန်မှုတွေကို ကြည့်တဲ့အခါ အခမ်းအနားတိုင်း လုပ်ဆောင်မှုတိုင်းမှာ ရုရှားမီဒီယာတော်တော်များများကို တွေ့ရပါတယ်။ ရုရှားမှာ မီဒီယာကဏ္ဍ တိုးတက်နေတယ်လို့ မြင်ရပါတယ်။ မြန်မာမီဒီယာတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ဘာလုပ်သင့်တယ် လို့ ထင်ပါသလဲ။

ဖြေ ။ ။ သူတို့နိုင်ငံဘက်က မီဒီယာနဲ့ ကျွန်တော်တို့နိုင်ငံဘက်ကမီဒီယာများအနေနဲ့ သူတို့မှာလည်း သူတို့ကိုမကောင်းရေးတဲ့ မီဒီယာရှိကောင်းရှိမှာပေါ့။ ဒါပေမဲ့ ကျွန်တော်မြင်တာက သူတို့နိုင်ငံဘက်မှာခေါ်ထားတဲ့မီဒီယာတွေရဲ့ လှုပ်ရှားပုံက သူတို့နိုင်ငံ သူတို့တော်တော်လေးကို ဂုဏ်ယူတယ်။ သူတို့နိုင်ငံကို သူတို့ချစ်တယ်။ သူတို့လူမျိုးကို သူတို့ချစ်တယ်။ သူတို့လူမျိုးကို သူတို့ဂုဏ်ယူတယ်။ သူတို့လုပ်ရပ်ကိုဂုဏ်ယူတာကို တော်တော်လေးမြင်တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ သွားလာတဲ့အခါ တချို့သောသတင်းထုတ်လွှင့်ချက်ထဲမှာ သူတို့မီဒီယာတွေရဲ့ လှုပ်ရှားမှုကို ခင်ဗျားတို့မြင်ရမှာပဲ။ ဒီလိုမျိုး လုပ်ဆောင်နိုင်ဖို့ ဒီလိုမျိုးဖြစ်နိုင်ဖို့အတွက် ကျွန်တော်တို့ကလည်း ကြိုးစားရမှာဖြစ်တယ်။ မီဒီယာကလည်း ကြိုးစားရမှာဖြစ်တယ်။ အစိုးရပိုင်းကလည်း လုပ်ပေးရမှာဖြစ်တယ်။ မီဒီယာပိုင်းကလည်း လုပ်ပေးရမှာဖြစ်တယ်။ သူတို့နိုင်ငံမှာ ကျွန်တော်တို့တွေ့တာ အလေးပေးဆက်ဆံတာတွေ၊ နေရာပေးတာတွေ၊ မီဒီယာနဲ့ပတ်သက်ပြီး အားပေးအားမြှောက်ပြုတာတွေ တွေ့ရသလို သူတို့ကိုယ်တိုင်ကလည်း တော်တော့်ကို အရည်အချင်းပြည့်ဝပါတယ်။ ပြည့်ဝတယ်ဆိုတာက ကျွန်တော်တို့ မီဒီယာတွေ အများစုနဲ့ မြို့တစ်မြို့ရောက်တိုင်း တွေ့ရပါတယ်။ သူတို့မေးတဲ့မေးခွန်းတွေက မထင်မှတ်တဲ့ မေးခွန်းတွေ ဖြစ်တယ်။

 

မေး။   ။ ဒါဆို မြန်မာနိုင်ငံက မီဒီယာတွေအပေါ်မှာ ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ မီဒီယာအခင်းအကျင်းကတော့ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အားမရဘူးလို့ ပြောရမှာပေါ့။ အားမရဘူး ဆိုတာက ၂ ပိုင်းပေါ့။ နံပါတ် ၁ အပိုင်းက ပြည်ပ ကနေရှိနေတဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ လှုံ့ဆော်မှု၊ နံပါတ် ၂ အပိုင်း ကတော့ ပြည်တွင်းမီဒီယာတွေ အနေနဲ့ကတော့ ကျွန်တော်စာနာပါတယ်။ ကန့်သတ်ချက်တွေ အများကြီးထဲက သူတို့လုပ်နေတာဖြစ်တယ်။ သူတို့မှာ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်တို့ မရှိဘူးလို့ ပြောတာမဟုတ်ဘူး။ ရှိတယ်၊ ရှိပေမယ့်လို့ ဒါကိုသူတို့မှာ ထင်ထင်ပေါ်ပေါ် ပြနိုင်ဖို့၊ ပွင့်ပွင့်လင်းလင်း ပြနိုင်ဖို့ ဒါမှမဟုတ် ရက်ရက်ရောရော ပြနိုင်ဖို့ အခွင့်အလမ်းနည်းပါးတယ်။ ဘာပဲပြောပြော ကျွန်တော်တို့က ရွေးကောက်ပွဲလုပ်မယ့် အခင်းအကျင်း၊ ရွေးကောက်ပွဲပြီးတဲ့ ကာလတွေမှာတော့ ပိုပြီးပွင့်လင်းလာမယ်လို့ မြင်ပါတယ်။ မြန်မာ့မီဒီယာကဏ္ဍလည်း ဒါ့ထက်ပိုမိုပြီး ဖွံ့ဖြိုးတိုးတက်လာစေဖို့ ကျွန်တော့်အနေနဲ့ ဆန္ဒပြုပါတယ်။ ကျေးဇူးတင်ပါတယ်။