နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲတက်ရောက်

စစ်တွေ အောက်တိုဘာ ၁၁

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် လိုဏ်ဂူတော်အတွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်အရာရှိကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့် တာဝန်ရှိသူများက ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ နန္ဒာရာမ ပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနန္ဒသိရီ အမှူးပြုသော သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို သံဃာတော်အရှင်သူမြတ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး ဆရာတော် ဘဒ္ဒန္တနန္ဒသိရီထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ 

ယင်းနောက် ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ ဓမ္မသုခကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တသောမ မဟာထေရ်မြတ်က ပရိတ်ပဋ္ဌာန်းဒေသနာတော်နှင့် ပတ်သက်၍ ဩဝါဒကထာ ချီးမြှင့်တော်မူပြီး စစ်တွေမြို့နယ် သံဃနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဒက္ခိဏာရာမကျောင်းတိုက် ပဓာနနာယက ဆရာတော် မဟဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တမေဃိယက ရောင်ခြည်တော်ဖွင့်ဂါထာတော်ဖြင့် ဘုရားရှင်အားပင့်လျှောက်သည်။ ဆက်လက်၍ လောကာနန္ဒာ စေတီတော်ဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးမောင်သိန်းခိုင်က ပဋ္ဌာန်းတရားတော် နာကြားရန် နတ်ဗြဟ္မာများကို ဖိတ်ကြားပြီး ဒက္ခိဏာရာမကျောင်းတိုက် စာချဆရာတော် ဘဒ္ဒန္တတေဇသီရိက ပဋ္ဌာန်းအမွှမ်းဂါထာတော်ဖြင့် ရွတ်ဖတ်ပူဇော်ကြသည်။

ဆက်လက်၍ ပြည်နယ်ဩဝါဒါစရိယ ဆရာတော်ကြီးများက ဦးဆောင်ကာ ဘာဏကသံဃာတော်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် ဧည့်ပရိတ်သတ်များက  မြတ်ပဋ္ဌာန်းဒေသနာတော်မြတ်အား စတင်ဖွင့်လှစ်ပူဇော်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်