စစ်တွေ စက်တင်ဘာ ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက သံတွဲခရိုင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုပြီး ဂွမြို့နယ်မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့် အဖွဲ့သည် သံတွဲမြို့၊ အခြေခံပညာအထက်တန်း ကျောင်း(မြို့မ)သို့ သွားရောက်ပြီး ကျောင်းအတွင်း ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသူများအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ် ဆေးထိုးနှံနေမှုကို ကြည့်ရှုအားပေးပြီး သင်ထောက်ကူပစ္စည်း များနှင့် စားသောက်ဖွယ်ရာများပေးအပ်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်အဖွဲ့သည် ကျိန္တလီမြို့၊ ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုကြကာ ဆေးကုသမှုခံယူနေကြသူများအား တွေ့ဆုံအားပေးစကားပြောကြား၍ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်အဖွဲ့သည် ဂွမြို့နယ်၊ ရဟိုင်ကွင်းကျေးရွာ၌ စိုက်ပျိုးရေးဦးစီး ဌာနမှ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာဖော်ဆောင်ခြင်း မိုးစပါးမျိုးစေ့ထုတ်နှင့် အထွက်နှုန်း တိုးတက်ရေး စိုက်ကွင်းစိုက်ပျိုးအောင်မြင်နေမှုကို လည်းကောင်း၊ ဂွချောင်းတံတားကြံ့ခိုင်မှု အခြေအနေကိုလည်းကောင်း သွားရောက် ကြည့်ရှုကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့် အဖွဲ့သည် ဂွမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်က တိုင်းပြည်တစ်ပြည်တိုးတက်ရန် အခြေခံမှာ ပညာတတ်များ ပေါကြွေဝခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများ မဖြစ်မနေလိုအပ်နေသည့်အတွက် နိုင်ငံသားတိုင်း ပညာရည်မြင့်မားရေးကို နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက် လျက်ရှိကြောင်း၊ ထို့ပြင်နိုင်ငံ၏ စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးမြေအားလုံးကိုလည်း အပြည့်အဝအသုံးချရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တစ်သီးစားစိုက်ပျိုးရုံမကဘဲ သီးထပ်စိုက်ပျိုးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် သွင်းအားစုများ ပံ့ပိုးပေးနိုင်ရေး၊ ဈေးကွက်ဖော်ဆောင်ရေးတို့ကိုလည်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် MSME စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ပေးရမည်ဖြစ်ပြီး ဒေသထွက်ကုန်ကြမ်း များကိုအခြေခံကာ ပြည်တွင်းလိုအပ်သည့် အခြေခံစားကုန်၊ သောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို အလုံအလောက် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသော မြို့မိ၊ မြို့ဖများနှင့် ဒေသခံပြည်သူများက မြို့နယ်၏ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)