နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ၊ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ

ဟားခါး    ဖေဖော်ဝါရီ  ၂၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်တို့သည် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့်အတူ ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းတွင် ဟားခါးမြို့၊ တောင်ဇလပ်ရိပ်သာ၌ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ချင်းပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း များ နှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာမှုထန်က မိမိတို့နိုင်ငံ၏ ဒို့တာဝန်အရေး (၃) ပါး တွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးသည် အရေးကြီးသည့် အကြောင်းတစ်ရပ်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနအနေဖြင့် အဆိုပါကိစ္စရပ် ကိုအလေးထားဆောင်ရွက်နေရသည့်ဌာနဟုမိမိရှုမြင်ပါကြောင်း၊ ယခု ချင်းပြည်နယ်တွင် လည်းတိုင်းရင်းသားများစည်းလုံးညီညွတ်ရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ရန် လိုပါကြောင်း၊ တိုင်းရင်းသားများစည်းလုံးညီညွတ်မှ တိုင်းပြည်တစ်ခုလုံး တိုးတက်လာမည်ဖြစ် ပါကြောင်း၊ တိုင်းရင်းသားများအကြား အမုန်းတရားများမဖြစ်စေရန် ပြောဆိုနေထိုင်ကြရန် လိုအပ်ပါကြောင်း၊ ဘာသာတရားတိုင်းတွင်မေတ္တာကိုအလေးထားကြသည်ဖြစ်၍ ဝန်ထမ်းများကလည်း မိမိတာဝန်ကျရာ ပြည်နယ်ရှိတိုင်းရင်းသားများကို မေတ္တာ၊ စေတနာထားရှိကြရန်နှင့် ချင်းပြည်နယ် အတွင်းတာဝန် ထမ်းဆောင်စဉ် မိမိတို့ ဌာနရှိဝန်ထမ်းများအပြင် အခြားဌာနဝန်ထမ်းများနှင့် စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် တာဝန်ထမ်းဆောင်ကြရရန် မှာကြားလိုပါကြောင်း ပြောကြား သည်။

ယင်းနောက်ဝန်ထမ်းများက တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနနှင့် တိုင်းရင်း သား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန တာဝန်ခံများက လုပ်ငန်းဆောင် ရွက်မှု ကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ချင်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှက ပြည်နယ်အတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်           ပတ်သက်ပြီး လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင် ပြပြီးတိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်က ဖြည့်စွက်ဆွေးနွေးတင်ပြသည်။

  ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုင်းရင်းသားများ၏ ဘာသာစကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုအမွေအနှစ်၊ ဓလေ့ထုံးတမ်းနှင့် အမျိုးသားရေး လက္ခဏာရပ်များကို ဖွံ့ဖြိုးတိုးတက်အောင်နှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်အောင် ကူညီဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရန်၊ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်ကို သိရှိလိုက်နာကျင့်ကြံရန် လိုအပ်ပါကြောင်း၊ မိမိတို့ဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်၊ တာဝန်ဝတ္တရားများကို သိရှိနားလည်ပြီးလုပ်ငန်းတာဝန်များကို အောင်မြင်စွာဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ယခုထူးခြားသည့်အခြေအနေကာလတွင် နိုင်ငံတော်ကချမှတ်ဆောင်ရွက်နေသည့် အမျိုးသားရေးလုပ်ငန်းစဉ်များ၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၁၂)ရပ်တို့ကို သိရှိ နားလည်ထားပြီး လုပ်ငန်းများကို မိမိကျရာကဏ္ဍများတွင် တာဝန်ကျေပွန်အောင် ကြိုးစား ဆောင်ရွက်ရန်နှင့် နိုင်ငံဘဏ္ဍာရန်ပုံငွေများကို ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက် များနှင့်အညီသုံးစွဲဆောင်ရွက်ကြရန်၊ ဝန်ထမ်းများသက်သာချောင်ချိရေးနှင့် ကျန်းမာရေးတို့ကိုလည်း အထူးဂရုပြုဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်တို့က ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များအတွက် စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန် ဖွံ့ဖြိုးမှုထောက် ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်