နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင် ဟိုပုံးမြို့ နမ့်ဟူးဘုန်းတော်ကြီးကျောင်း ဆရာတော်၏ အန္တိမစျာပနအား သွားရောက်ဖူးမြော်၊ အလှူတော်ငွေနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်း

ဟိုပုံး၊ မေ ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်သည် ရှမ်းပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူးနှင့် အရာရှိကြီးများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ကျောက်တန်းကျေးရွာအုပ်စု၊ နမ့်ဟူးဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ဆရာတော်၊ သံဃာတော်များအား ဖူးမျှော် ကြည်ညို၍ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြသည်။  
ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် နမ့်ဟူးဘုန်းတော်ကြီးကျောင်း  ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝါယာမ၏ ရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညို၍ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။ 
ကျောက်တန်းကျေးရွာအုပ်စု၊ နမ့်ဟူးဘုန်းတော်ကြီးကျောင်း  ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝါယာမသည် သက်တော် (၁၀၁)နှစ် ဝါတော် (၈၁) ဝါရှိပြီး ဧပြီ (၂၆) ရက်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။ ဆရာတော်သည် ပျံလွန်တော်မမူမီ ဟိုပုံးမြို့နယ် ဇောတိကာ ရာမဩဝါဒစရိယ၊ ပအိုဝ်းစာပေယဉ်ကျေးမှုပြန့်ပွားရေး၊ သံဃာအဖွဲ့ဩဝါဒစရိယ၊ ဟိုပုံးမြို့နယ် သီရိမင်္ဂလာဩဝါဒစရိယ၊ ဟိုပုံးမြို့နယ် ပရိယတ္တိ ပါလက စာမေးပွဲကြီး ဩဝါဒစရိယ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရ သာမဏေ စာမေးပွဲကြီး ဩဝါဒစရိယ တာဝန်များကိုထမ်းဆောင်ခဲ့ပြီး  ဆရာတော်၏ ရုပ်ကလာပ်တော်အား မေ (၆) ရက် မွန်းလွဲပိုင်းတွင်  နမ့်ဟူးကျေးရွာ၌ မီးသင်္ဂြိုဟ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။ 
သတင်းစဉ်