ပုသိမ်၊ အောက်တိုဘာ ၂
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြန်အောင်ခရိုင်အတွင်းရှိ မိုးစပါးရေကြီး နစ်မြုပ်ဧရိယာများအား မိုးစပါးပြန်လည် စိုက်ပျိုးနေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် အောက်စုကျေးရွာရှိ တောင်သူဦးတင်ထွန်း၏ မိုးစပါးရေကြီး နစ်မြုပ်ဧရိယာ စိုက်ဧက (၂ ဒသမ ၅၀) ဧကတွင် ဗျော့ထွန်းစပါးမျိုးအား ကောက်စိုက်သမများဖြင့် စိုက်ပျိုးနေမှုကိုလည်းကောင်း၊ မြန်အောင်မြို့နယ် ကညင်ငူကျေးရွာရှိ တောင်သူဦးအောင်စိုး၏ ယာမြေတွင် ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ထုတ် (၅) ဧက စိုက်ပျိုးပွဲကိုလည်းကောင်း၊ မြန်အောင်မြို့နယ် ကဇွန်းခုံ ကျေးရွာအုပ်စုရှိ ဆီထွက်သီးနှံ အထူးဇုန် မြေပဲ၊ နှမ်း၊ နေကြာ ဧက (၃၅၀) စိုက်ခင်းရှိ တောင်သူ ဦးမိုးကျော်သူ၏ မိုးနေကြာ (ဆင်းရွှေကြာ-၂) နှင့် မိုးမြေပဲ (မကွေး-၁၂) စိုက်ခင်း၊ တောင်သူ ဦးအေးလင်း၏ မိုးနေကြာ (ဆင်းရွှေကြာ-၂) စိုက်ခင်း၊ တောင်သူဦးမြင့်အောင်၏ မိုးနှမ်း (စမုံနက်) စိုက်ခင်းတွင် ပေါင်းလိုက်ခြင်း၊ သမန်းနှိုးခြင်း ဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုအားပေးသည်။
ထို့နောက် မြန်အောင်မြို့ သဘာဝမီးစက်လမ်းရှိ “ကောင်းသန့်” ဆီစက်သို့သွားရောက်၍ မြေပဲ၊ နေကြာဆီများ ကြိတ်ခွဲထုတ်လုပ်မှု၊ ကုန်ကြမ်းရရှိမှု၊ ဈေးကွက်ရရှိမှုအခြေအနေများ၊ ယခင် နှစ်များထက် နေကြာဆီပိုမိုကြိတ်ခွဲရရှိမှု အခြေအနေများကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် မြန်အောင်မြို့၊ အမှတ်(၄) ရပ်ကွက်၌ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များ၊ အထောက်အကူပြု အဖွဲ့များဖြစ်သည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့နှင့် တိုင်းရင်းသား ဘာသာရပ်သင် ဆရာ၊ ဆရာမများက Tablet များဖြင့် တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်း ကောက်ယူနေမှု၊ ပြည်သူများက စိတ်ပါဝင်စားစွာ ဖြေကြားနေမှုများကိုကြည့်ရှုအားပေးသည်။
ဆက်လက်၍ မြန်အောင်မြို့ အောင်ဇေယျ အားကစားခန်းမတွင်ပြုလုပ်သည့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က သန်းခေါင်စာရင်း ကောက်ယူခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် မူဝါဒများချမှတ်နိုင်ရန်အတွက် အရေးကြီးသော လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းဖြစ်၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့ကျရာအခန်းကဏ္ဍ၌ မိမိတို့တိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ဝိုင်းဝန်းကူညီပူးပေါင်းဆောင် ရွက်ရမည် ဖြစ်ပါကြောင်း အမှာစကားပြောကြားသည်။
ယင်းနောက် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များမှ တောင်သူများထံသို့ မျိုးစပါးနှင့် သွင်းအားစုများ ထောက်ပံ့ ပေးအပ်ကြသည်။
သတင်းစဉ်







