နေပြည်တော် စက်တင်ဘာ ၁၈
ကယားပြည်နယ်အတွင်း အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံခြင်း ပြည်နယ်အဆင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲရေးမှူး ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV)ကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ လမှစတင်၍ အသက်(၉)နှစ်နှင့် (၁၀) နှစ် ပြည့်ပြီးသော မိန်းက လေးများကို ထိုးနှံပေးခဲ့ပြီး ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလတွင် ကျောင်းအခြေပြုထိုးနှံခြင်းနှင့် အောက်တိုဘာလတွင် ပြည်သူလူထု အခြေပြု ကာကွယ်ဆေး ထိုးနှံခြင်း အစီအစဉ်များဖြင့် ထိုးနှံပေးလျက်ရှိကြောင်း၊ ပြည်နယ် အတွင်းရှိ ကျောင်းသူများ၊ ကျောင်းပြင်ပ မိန်းကလေးငယ်များအားလုံး သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံနိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက ဒေသခံပြည်သူများနှင့် အတူတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် သွားကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်း အထိမ်းအမှတ် Video Clip ကိုပြသပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကျောင်းကျန်းမာရေး အသိပညာပေးဆိုင်ရာပြခန်းများ၊ ကျောင်းသူများအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးနေမှုများကို လှည့်လည် ကြည့်ရှုအားပေးကြပြီး ကာကွယ်ဆေးထိုးနှံပြီးသော ကျောင်းသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့တွင်းလမ်းအပိုင်းများ အဆင့်မြှင့် ကတ္တရာကွန်ကရစ်လမ်း ခင်းကျင်းနေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးကြပြီး ပြည်နယ်လမ်းဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးက ၂ဝ၂၃ - ၂ဝ၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်အတွင်းရှိ အဆင့်မြှင့် ကတ္တရာကွန်ကရစ်လမ်း ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းတင် ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း လမ်းတံတားများ တိုးချဲ့ဆောက်လုပ်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)