ဝမ်ဟုန် စက်တင်ဘာ ၁၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများသည် ယနေ့နံနက် ပိုင်းတွင် မိုင်းဆတ်ခရိုင် မိုင်းဆတ် မြို့နယ်ဝမ်ဟုန်ဒေသရှိ “ဝ” ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေသော “ဝ”တိုင်းရင်းသား ပြည်သူများကို အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာ ပစ္စည်းများနှင့် ဆေးရုံအတွက် ချီးမြှင့်ငွေများပေးအပ်ရာ ဆေးရုံတာဝန်ရှိသူများက လက်ခံရယူကြသည်။
ဆက်လက်၍ ဝမ်ဟုန်မြို့နယ် အစည်းအဝေးခန်းမ၌ ဒေသခံ “ဝ” တိုင်းရင်းသားများနှင့်တွေ့ဆုံပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိမှ ဒေသဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍ ဒေသခံ တိုင်းရင်းသားပြည်သူများ အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ် ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရွှေကြိမ်းက ဒေသအတွက် လိုအပ်ချက်များကို တင်ပြပေးကြ ရန်နှင့် လူငယ်လူရွယ်များကို ဗလငါးတန်နှင့်အညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ယင်းနောက် “ဝ” ဒေသခံတိုင်းရင်းသားပြည်သူ တစ်ဦးက ဒေသလိုအပ်ချက်များတင်ပြရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က နိဂုံးချုပ်စကားပြောကြားပြီး ဝမ်ဟုန်ဒေသခံ “ဝ” တိုင်းရင်းသားပြည်သူများ က ဒေသထွက်အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ဒေသခံ “ဝ” တိုင်းရင်းသားများအား စားသောက်ဖွယ်ရာ ပစ္စည်းများ ပြန်လည်ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟိုပန်၊ ဟိုရွက်ရှိ အစည်းအဝေးခန်းမ၌ ဒေသခံ “ဝ”တိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်တို့က အမှာစကားပြောကြားပြီး ဒေသခံများ၏ တင်ပြချက်များအပေါ် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဒေသလိုအပ်ချက်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒေသခံ “ဝ” တိုင်းရင်းသားပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် တာဝန်ရှိသူများက ဟိုပန်၊ ဟိုရွက်ဒေသခံ “ဝ” ပြည်သူများအား စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကြောင်း သိရသည်။
သတင်းစဉ်