နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်အားကစားကွင်းအတွင်း မီတာ(၄၀၀) Synthetic ပြေးလမ်းနှင့် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေး အားကစားခန်းမတို့ကိုဖွင့်လှစ်

လွိုင်ကော် ဇန်နဝါရီ ၁၅

ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်မည့် (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီတွင် ဘားအံမြို့ ပြည်နယ်အားကစားကွင်းအတွင်း မီတာ(၄၀၀) Synthetic ပြေးလမ်းနှင့်ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေးအားကစားခန်းမတို့ကို ဖွင့်လှစ်ပေးကြသည်။

ဝိုင်းဝန်းထိန်းသိမ်းပေးရန်လို

ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အတွင်းရှိ ဒေသခံလူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ရေး၊ ပညာရည်မြင့်မားစေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ ပြေးခုန်ပစ် အားကစားအဆင့်အတန်းမြင့်မားလာစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရေး၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်အဆင့်မှသည် အာဆီယံပြိုင်ပွဲများနှင့် နိုင်ငံတကာပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရေးတို့ကို ရည်ရွယ်ပြီး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကဏ္ဍပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ အားကစားကဏ္ဍကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ပေးထားသော မီတာ(၄၀၀) Synthetic ပြေးလမ်းပါအဆင့်မြင့်အားကစားကွင်းကြီးကို ဌာနဆိုင်ရာများ၊ မိဘပြည်သူများ၊ အားကစားဝါသနာရှင်များက ဆက်လက်၍ ဝိုင်းဝန်းထိန်းသိမ်းပေးရန်လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး

ထို့နောက် မီတာ (၄၀၀)Synthetic ပြေးလမ်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ အားကစားသမားများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး မီတာ ၄၀၀ ပြေးလမ်းနှင့် အားကစားကွင်းကို ကြည့်ရှုကြသည်။

ယင်းနောက် ကျောင်းသား ကျောင်းသူများ ဖျော်ဖြေတင်ဆက်သောပန်းပွားအကနှင့် Fitness Dance သရုပ်ပြဖျော်ဖြေမှုများ၊ ပြေးခုန်ပစ်ပြိုင်ပွဲကျင်းပပြုလုပ်နေမှုများကို ကြည့်ရှုအားပေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်  ပြည်နယ်ဝန်ကြီးချုပ်တို့က ဆုရအားကစားသမားများနှင့် အကသရုပ်ပြအဖွဲ့တို့ကို ဂုဏ်ပြုဆုများချီးမြှင့်ကြသည်။

လှည့်လည်ကြည့်ရှု

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်တို့က ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေးအားကစားခန်းမကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အားကစားခန်းမအတွင်း ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေးအားကစားပစ္စည်းများ သရုပ်ပြအသုံးပြုနေမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)