နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွံတေးမြို့နယ် ရွှေမုယင်းဒေသအတွင်း ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်  ငါးလုပ်ငန်းသိပ္ပံ (တွံတေး) သို့ သွားရောက်ကြည့်ရှုစစ်ဆေး

 

 

နေပြည်တော်၊ ဖေဖော်ဝါရီ ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ယနေ့နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး  တင်အောင်စန်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ ရွှေမုယင်းဒေသအတွင်း ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ငါးလုပ်ငန်း သိပ္ပံ (တွံတေး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ရှင်းလင်းတင်ပြ

 

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌဒုတိယ ဗိုလ်ချုပ်ကြီးဆန်းဦးနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က ရွှေမုယင်းဒေသအတွင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့မှ ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ထွက်ရှိလာသည့် ငါးများကို တပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းများနှင့် ပြင်ပသို့ သက်သာသော နှုန်းထားများဖြင့် ရောင်းချပေးနိုင်မှု၊ တိုင်းစစ်ဌာနချုပ် အစာစပ်စက်ရုံမှ ငါးစာအပြင် အခြားသော မွေးမြူရေးအစာများ ထုတ်လုပ်နိုင်မှု၊ ငါးမွေးမြူရေး ဧရိယာအတွင်း မွေးမြူရေးလုပ်ငန်းများကို လုပ်ငန်းအဆင့်အလိုက် ဆောင်ရွက်လျက်ရှိမှု၊ ရွှေမုယင်းဒေသမှ ငါးထွက်ကုန်များကို ပိုမိုလျင်မြန် ချောမွေ့စွာ ဈေးကွက်သို့ ဖြန့်ချိနိုင်ရေးအတွက် ကင်းရွာ - ခရမ်းဝ - ရေတွင်းကုန်း - ကွင်းပေါက်လမ်း ကွန်ကရစ်လမ်းသစ် ဖောက်လုပ်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

အာဟာရပြည့်မီအောင် စားသုံးနိုင်မည်

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးဇုန်များ သတ်မှတ်၍ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်စေခြင်းသည် တိုင်းဒေသကြီး၏ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက် ဖူလုံမှုရှိစေရေးနှင့် ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရန် ရည်ရွယ်ဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊ ရွှေမုယင်းဒေသအတွင်း ငါးမွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်စေခြင်းသည်လည်း တိုင်းဒေသကြီးအတွင်း ငါးလိုအပ်ချက်ပြည့်မီစေရေး ရည်ရွယ်ဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးတွင် လူဦးရေ ၉ သန်းခန့်ရှိပြီး လူတစ်ဦးလျှင် တစ်ရက် ငါးအသား ၅ ကျပ်သားခန့် စားသုံးမည်ဆိုလျှင်ပင် လိုအပ်ချက်များစွာ ရှိနေမည် ဖြစ်ကြောင်း၊ နေ့စဉ် ငါးလိုအပ်ချက်အတွက် ဧရာဝတီတိုင်းဒေသကြီးနှင့် အခြားသော တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ တင်သွင်းနေရခြင်းထက် မိမိတို့ဒေသအတွင်း ပြည့်မီအောင် ထုတ်လုပ်နိုင် မည်ဆိုပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း၊ ဒေသခံများအနေဖြင့်လည်း ဈေးနှုန်းသက်သာစွာဖြင့် ပြည့်ပြည့်ဝဝ ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ငါးမွေးမြူရေးလုပ်ငန်းကို ထုတ်လုပ်မှု ကုန်ကျစရိတ်နည်းစွာဖြင့် အရေအတွက်များများ ရရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာပါက ပြည်သူလူထု အကျိုးရှိမည်ဖြစ်ပြီး အာဟာရပြည့်မီအောင် စားသုံးနိုင်မည် ဖြစ်ကြောင်း၊ ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက် သည့် ဒေသ၏ အကျိုးကိုလည်း ဖြစ်ထွန်းစေရမည်ဖြစ်ကြောင်း။

 

ဆေးဝါးစက်ရုံများနှင့် ချိတ်ဆက်ဆောင်ရွက်

 

ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် မွေးမြူရေး မြေဧရိယာများကို အကျိုးရှိရှိ အသုံးချရန်လိုပြီး အထွက်နှုန်းတိုးစေရေးအတွက် အစာပြည့်ဝစွာ ကျွေးမွေးရန်၊ အကောင်ရေ ပြည့်မီစွာ ထည့်သွင်းရန် လိုအပ်မည်ဖြစ်ကြောင်း၊ ငါးမျိုးများ မှန်ကန်စွာ ရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန် ရှိသူများက သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်၍ ပေါင်းစပ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အခြားလိုအပ်သည်များကို အစိုးရက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းတစ်ခုဖြစ်သည့် တိရစ္ဆာန်အစာ ထုတ်လုပ်ခြင်း လုပ်ငန်းများကိုလည်း အားပေးဆောင် ရွက်ကြရမည်ဖြစ်ပြီး ဒေသတွင်းရရှိသည့် ကုန်ကြမ်းများဖြင့် ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ အခြား လိုအပ်သည့် တိရစ္ဆာန်ဆေးဝါးများ ရရှိရေးအတွက်လည်း ဆေးဝါးစက်ရုံများနှင့် ချိတ်ဆက်ဆောင်ရွက် သွားကြရန်လိုကြောင်း။

 

ဒေသတွင်းမှထွက်ရှိသည့် မွေးမြူရေးထုတ်ကုန်များကို ဈေးကွက်သို့ လျင်မြန်စွာ ရောက်ရှိစေရေးနှင့် ဈေးနှုန်းသက်သာစေရေးအတွက် သယ်ယူပို့ဆောင်ရေးသည် အရေးကြီးကြောင်း၊ ထုတ်ကုန်ကို ဈေးနှုန်း သက်သာစွာ ထုတ်လုပ်နိုင်သည်ဖြစ်သော်လည်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ရှည်လျားခြင်း၊ ခက်ခဲခြင်းတို့ကြောင့် စရိတ်များကြီးမြင့်လာနိုင်သဖြင့် ကုန်ထုတ်လုပ်မှုလမ်းကြောင်းကို ဆောင်ရွက်ရာတွင် စနစ်တကျကွင်းဆင်းစစ်ဆေးပြီး တွက်ချက်ဆောင်ရွက်ရန်လိုကြောင်း၊ အမှန်တကယ် အသုံးဝင်ပြီး ဒေသနှင့် ကုန်ထုတ်လုပ်မှုကို အကျိုးပြုသည့် လမ်းကြောင်းဖြစ်ရန်လိုကြောင်း၊ ထို့ပြင်ရွှေမုယင်း ဒေသမှ ထွက်ရှိသည့် ငါးများကို ကနဦးပထမအဆင့် သန့်စင်ပြီး အအေးခန်း ပို့ဆောင်ရေးယာဉ်များ အသုံးပြု၍ ဈေးကွက်သို့ ဖြန့်ချိနိုင်ရေး ဆောင်ရွက်နိုင်ရန်လည်းလိုကြောင်း၊ စနစ်ကျနသည့် မွေးမြူရေး လုပ်ငန်းဖြစ်ရန်လိုပြီး ဒေသနှင့် ဒေသခံများကိုလည်း အကျိုးဖြစ်စေရမည်ဖြစ်ကြောင်းမှာကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငါးမွေးမြူရေးကန်များအတွင်း ငါးမွေးမြူထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန လက်အောက်ရှိ ငါးလုပ်ငန်းသိပ္ပံ (တွံတေး) သို့ ရောက်ရှိကြပြီး အုပ်ချုပ်မှု တာဝန်ခံများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။

 

mdn

 

ဖြည့်စွက်တင်ပြ

 

ဦးစွာ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်က ဘာသာရပ်အလိုက် စာတွေ့၊ လက်တွေ့ ဖွင့်လှစ်သင်ကြားပေးနေမှု၊ ငါးလုပ်ငန်း သိပ္ပံ (တွံတေး) ၏ သမိုင်းအကျဉ်း၊ အဆောက်အဦများ ဆောက်လုပ်နေမှု၊ ကျောင်းသား ကျောင်းသူများကို နိုင်ငံတော်မှ ထောက်ပံ့ပေးထားမှု၊ သင်တန်းပြီးဆုံးပါက တက္ကသိုလ်၊ ကောလိပ်များသို့ ဆက်လက် တက်ရောက်နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများ တာဝန်ထမ်းဆောင်လျက်ရှိမှု၊ ကျောင်းသား ကျောင်းသူများ လေ့လာရေး ခရီးများနှင့် ကျောင်းအားကစားပွဲများ ပြုလုပ်ပေးမှုနှင့် ကျောင်းရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဖြည့်စွက် တင်ပြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံသည် မြစ်ချောင်း အင်းအိုင်များ ပေါများပြီး ပင်လယ်ကမ်းရိုးတန်း ရှည်လျားစွာ ပိုင်ဆိုင်ထားကြောင်း၊ ငါးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နိုင်သည့် နေရာများစွာရှိခြင်းကြောင့် ငါးမွေးမြူရေးနှင့်ပတ်သက်၍ သိပ္ပံ ကျောင်းဖွင့်နိုင်ရန် စီမံဆောင်ရွက်ခဲ့ကြောင်း၊ ငါးသည် စားရေးအတွက် များစွာ အထောက်အကူပြုစေနိုင်သည့်အတွက် ငါးလုံလောက်စွာရရှိရေး စနစ်တကျဖြင့် မွေးမြူနိုင်ရန်အတွက် သုတေသနပြုဆောင်ရွက်ရန်လိုကြောင်း၊ ရေချိုပုစွန်နှင့် ရေငန်ပုစွန်မွေးမြူရေး လုပ်ငန်းများ တိုးတက်ရေးအတွက်လည်း သုတေသနပြုလုပ်ရန်လိုကြောင်း၊ ငါးနှင့် ပုစွန် မွေးမြူရေး အောင်မြင်ရန်အတွက် လူသားအရင်းအမြစ်ကောင်းများ များစွာလိုအပ်ပြီး ယခုကျောင်းမှတစ်ဆင့် ပညာရှင်များ ပေါ်ထွန်းလာမည်ဖြစ်သဖြင့် ဂုဏ်ယူပါကြောင်း၊ အဆင့်မြင့်ပညာရပ်များကို ဆက်လက် သင်ကြားနိုင်ရန်အတွက် သိပ္ပံကျောင်းမှတစ်ဆင့် တက္ကသိုလ်နှင့် ကောလိပ်များကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်း ခရိုင် ၅၀ ရှိ အထက် တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ နည်းပညာနှင့် စက်မှုသင်တန်းများကို လာမည့် ပညာသင်နှစ်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် နည်းပညာဘာသာရပ်များကို သင်ကြားပေးသွားမည် ဖြစ်ကြောင်း၊ အဆိုပါသင်တန်းကျောင်းများမှ ထူးချွန် သည့်ကျောင်းသား ကျောင်းသူများအနေဖြင့် အဆင့်မြင့် ပညာရပ်များ ဆက်လက်သင်ကြားနိုင်မည် ဖြစ်ကြောင်း။

 

ပိုမိုတိုးတက်အောင် လေ့လာဆောင်ရွက်

 

ပညာသင်ကြားမှုများအပေါ်မူတည်၍ ယခုမွေးမြူရေး သိပ္ပံကျောင်းကို ကောလိပ်အဆင့်သို့ မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံအတွက်လိုအပ်သည့် လူသားအရင်းအမြစ်များကို မွေးထုတ် ပေးနိုင်မည်ဖြစ်ကြောင်း၊ ဆရာဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများ အမှန်တကယ် တတ်မြောက်စေရေးအတွက် စနစ်တကျဖြင့် သင်ကြားလေ့ကျင့်မည်ဆိုပါက များစွာအကျိုးရှိမည် ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးသည့် အချိန်တွင်လည်း သင်ကြားခဲ့သည့် ဘာသာရပ်များနှင့်လျော်ညီသည့် လုပ်ငန်းများကို ဆောင်ရွက်စေလိုကြောင်း၊ လူမှန်၊ နေရာမှန်ရှိမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူ ပြုမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်သို့ ရောက်ရှိချိန်တွင်လည်း သင်ကြားပေးလိုက်သည့် ပညာရပ်များကို စနစ်တကျအသုံးချပြီး မိမိတို့၏ လုပ်ငန်းရပ်ဆိုင်ရာပညာများ ပိုမိုတိုးတက်အောင် လေ့လာ ဆောင်ရွက်ကြစေလိုကြောင်း၊ ဘာသာရပ်ဆိုင်ရာများတွင် အထောက်အကူရရှိစေရေးအတွက် အင်္ဂလိပ် ဘာသာရပ်ကို လေ့လာသင်ယူကြရန် လိုကြောင်း။

 

ယဉ်ကျေးလိမ္မာသည့် လူငယ်လေးများဖြစ်လာမည်

 

ကျောင်းသား ကျောင်းသူများအနေဖြင့် ပညာရပ်များကို သင်ကြားနေမှုနှင့် ပြည့်စုံမှုမရှိဘဲ ကိုယ်တိုင်လည်း လေ့လာဆောင်ရွက်နေရန်လိုကြောင်း၊ ကျန်းမာရေးကို အထောက်အကူပြုရန်အတွက် အားလပ်ချိန်များတွင် ကိုယ်လက်လှုပ်ရှား အားကစားမှုများကိုလည်း ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ မိမိကို အကျိုးမဖြစ်စေနိုင်သည့် အရက်သေစာသောက်စားမှုနှင့် ဆေးလိပ်၊ ကွမ်း၊ မူးယစ်ဆေးဝါးများကို ရှောင်ရှားကြရန် လိုကြောင်း၊ ဘာသာတရားအဆုံးအမများအတိုင်း လိုက်နာပြီး မိမိကိုယ်ကိုမိမိ ထိန်းသိမ်းဆောင်ရွက်သွားမည်ဆိုပါက ယဉ်ကျေးလိမ္မာသည့် လူငယ်လေးများဖြစ်လာ မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ကျောင်းသား ကျောင်းသူများ အသုံးပြုရန် သင်ကြားမှု၊ သင်ယူမှု အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ငွေများကိုပေးအပ်ရာ ကျောင်းအုပ်ဆရာမ ကြီး ဒေါ်မိုးသူဇာမောင်က လက်ခံရယူသည်။

 

mdn

 

လိုအပ်သည်များ လမ်းညွှန်မှာကြား

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငါးလုပ်ငန်းသိပ္ပံ (တွံတေး) အတွင်း လှည့်လည်ကြည့်ရှု ၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ လမ်းညွှန်မှာကြားသည်။

 

အဆိုပါ ငါးလုပ်ငန်းသိပ္ပံ (တွံတေး) ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ငါးလုပ်ငန်းနည်းပညာရပ် ဆိုင်ရာများ တိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်ဆောင်ရွက်နိုင်သည့် ငါးလုပ်ငန်းသိပ္ပံ ကျောင်းတစ်ကျောင်းအဖြစ် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် ငါးလုပ်ငန်းနှင့် ပတ်သက်သည့် ပထမဦးဆုံး သိပ္ပံတစ်ခုဖြစ်ကာ ကျောင်းတွင် ပထမနှစ် သင်တန်းသား ၁၈ ဦး၊ သင်တန်းသူ ၂၃ ဦး တက်ရောက်ပညာသင်ကြား လျက်ရှိသည်။ ယခု ငါးလုပ်ငန်းသိပ္ပံ (တွံတေး) တွင် အဆင့်မြင့်ပညာများ ဆက်လက်သင်ယူနိုင်ရန်အတွက် ပညာသင်နှစ်နှင့် အကျိုးရလဒ်အပေါ် မူတည်၍ ကောလိပ်အဆင့်သို့ မြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်