နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရခိုင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဖေဖော်ဝါရီ  ၂၇

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒေါက်တာ မှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ ရခိုင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

MSME လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသဆိုင်ရာ အချက်အလက်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကူညီပံ့ပိုးမှုများ ဆောင်ရွက်လျက်ရှိမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်မှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်လျက်ရှိမှု၊ One Village One Product လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဆိုင်ရာများ ဆောင်ရွက်လျက်ရှိမှု၊ ရခိုင် ပြည်နယ်အတွင်း ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှု၊ ပြည်တွင်း၊ ပြည်ပခရီးသွားများ ဝင်ရောက်မှု၊ ဟိုတယ် နှင့်ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု၊ MSME လုပ်ငန်းရှင်များအတွက် ချေးငွေများထုတ်ချေး ပေးထားမှုနှင့် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ ထုတ်ပေးထားရှိမှု၊ MSME ထုတ်ကုန်ပြပွဲများ ကျင်းပ ပြုလုပ်လျက်ရှိမှုနှင့် ရခိုင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ် စား စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦး၊ ရခိုင်ပြည်နယ် ဆန်စပါးလုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌ ဦးရွှေထွန်းအောင်၊ ရခိုင် ပြည်နယ် ဆီစက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်အေးမောင်၊ ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များက နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများတွင် အချိန်လိုအပ်ချက်ကြောင့် အခက်အခဲရှိမှု၊ နယ်စပ် ကုန်သွယ်ရေးအတွက် ဆိပ်ခံတံတားတည်ဆောက်ပေးစေလိုမှု၊ ကုန်သွယ်မှုအတွက် ရာသီမရွေးသွားလာနိုင်သည့် ကားလမ်းများ ဖောက်လုပ်ပေးစေလိုမှု၊ ကမ်းရိုးတန်းသွား ကုန်သွယ်ရေး သင်္ဘောများ ပြေးဆွဲပေးစေလိုမှု၊ ဘဏ်စနစ်များကို ပြည်ပနိုင်ငံများနှင့် တိုက်ရိုက် ပေးချေဆောင်ရွက်နိုင်ရေး ရခိုင်ပြည်နယ်အတွင်း ခွင့်ပြုပေးရန် လိုအပ်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရေးအတွက် စက်မှုဇုန်များ ခွင့်ပြုဆောင်ရွက်ပေးရန်လိုအပ်မှု၊ ရခိုင်ပြည်နယ်အတွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း နွေစပါးစိုက်ပျိုးမှု နည်းပါးပြီး ယခုအခါ တောင်သူများအနေဖြင့် နွေစပါး စိုက်ပျိုးလိုမှုများပြားလာခြင်းကြောင့် လိုအပ်သည့် စိုက်ပျိုးရေများရရှိအောင် ဆောင်ရွက်ပေးစေလိုမှု၊ ရခိုင်ပြည်နယ်အတွင်း ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်၊ နည်းပညာ၊ သွင်းအားစုနှင့် အခြားလိုအပ်သည်များကို နိုင်ငံတော်မှ ကူညီပံ့ပိုးပေးစေလိုမှု၊ ရခိုင်ပြည်နယ်အတွင်း ဆီထွက်သီးနှံများ စိုက်ပျိုးမှုနှင့် ထွက်ရှိမှု၊ ဆီစက်လုပ်ငန်းမြှင့်တင်နိုင်ရေးအတွက် ရင်းနှီးမတည် ငွေများ လိုအပ်လျက်ရှိမှု၊ ရခိုင်ပြည်နယ်အတွင်း ဆားလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ထုတ်လုပ်နိုင်မှု၊ ဈေးကွက်လိုအပ်ချက်အရ ဆားလိုအပ်ချက်များ ပိုမိုများပြားလာသည့်အတွက် ဆားကောင်းဆားသန့်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး လိုအပ်သည့် ရင်းနှီးမတည်ငွေများ ပံ့ပိုးကူညီပေးစေ လိုမှု၊ ရခိုင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စား နှင့်အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည်များ ကူညီပံ့ပိုးပေးစေလိုမှု၊ ရခိုင်ပြည်နယ်အတွင်း အများအပြား ပေါက်ရောက်ဖြစ်ထွန်းသည့် ဓနိပင်မှ အဆင့်မြင့် ထုတ်ကုန်များကို ထုတ်လုပ်လျက်ရှိမှု၊ ရခိုင်ပြည်နယ်အတွင်း ချည်မျှင်နှင့် ရက်ကန်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိမှုနှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြားလိုအပ်သည်များကို တင်ပြဆွေးနွေးကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ပြန်လည်မေးမြန်း ဆွေးနွေးပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး

 

ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးများက ဝန်ကြီးဌာနအလိုက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ ရခိုင်ပြည်နယ်အတွင်း နယ်စပ်ဒေသကုန်သွယ်မှု ဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်သည့် လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်မှ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်သည့် ရင်းနှီးမတည်ငွေများကို ထိုက်သင့်သော အတိုးနှုန်းများဖြင့် ထုတ်ချေးပေးလျက်ရှိမှု၊ တင်ပြချက်များတွင် ပါဝင်သည့် ရင်းနှီးမတည်ငွေများကိုလည်း သတ်မှတ်ချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်သဖြင့် စနစ်တကျ ဆက်သွယ်ဆောင်ရွက်ပေးစေလိုမှု၊ ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် လျှပ်စစ်နှင့် လောင်စာဆီသုံး မြစ်ရေတင် လုပ်ငန်းများများစွာကို ပြုလုပ်ထားရှိပြီးဖြစ်သော် လည်း စိုက်ဧက ယခုထက်ပိုမိုအကျိုးပြုနိုင်မည့် မြစ်ရေတင်လုပ်ငန်း၊ ချောင်းရေတင် လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိမှု၊ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သမဝါယမအသင်း အဖွဲ့များဖွဲ့၍ လိုအပ်သည်များ ကူညီပံ့ပိုးပေးလျက် ရှိမှု၊ ရခိုင်ပြည်နယ်အတွင်း သစ်တောသယံဇာတများကို အကျိုးရှိစွာ ထုတ်ယူသုံးစွဲရန်နှင့် အလွန်အကျွံ ထုတ်ယူသုံးစွဲမှုများကြောင့် ပြုန်းတီးမှုမဖြစ်စေရေး၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုမဖြစ်စေ ရေးတို့အတွက် ထိန်းသိမ်းစောင့်ရှောက်ရန်လည်း လိုအပ်မှု၊ အရည်အသွေးမြင့်ဆားများကို ပြည်ပမှ တင်သွင်းနေရမှုအား လျှော့ချနိုင်ရေးအတွက် ရခိုင် ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွင်းရှိ ဆားလုပ်ငန်းရှင်များအနေဖြင့် မိရိုးဖလာဆား ထုတ်လုပ်မှု နည်းစနစ်များထက် နည်းစနစ်တကျ အရည်အသွေးမြင့် ဆားများ ထုတ်လုပ်သည့် နည်းစနစ်များကို အသုံးပြုကြရန် လိုအပ်မှု၊ MSME လုပ်ငန်းများအတွက် နည်းပညာ လိုအပ်ချက်များအတွက် သင်တန်းများ ပို့ချပေးမည်ဖြစ်သဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ တရားမဝင် ကုန်သွယ်မှုသည် ပြည်တွင်းစီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကိုများစွာ ထိခိုက်နစ်နာစေနိုင်သည် ဖြစ်သဖြင့် ဝိုင်းဝန်းတိုက်ဖျက်ကြရန်လိုအပ်မှု စသည်ဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပြန်လည် ဆွေးနွေးပြောကြားကြသည်။

 

ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ကြမ်းများကို  အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို

အားပေးဆောင်ရွက်

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေး ပြောကြားရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ရေးတို့အတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် ရင်းနှီးမတည်ငွေများ ထုတ်ပေးခဲ့ပြီး ရခိုင်ပြည်နယ်အတွက် ရန်ပုံငွေကျပ် ၁၀ ဘီလီယံကို ထုတ်ပေးခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အောင်မြင်အောင် အားပေးဆောင်ရွက်ကြရန်လိုကြောင်း။

 

မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းခဲ့ရပြီး ယခင်က ပြည်တွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အားပေးမှုမရှိခဲ့ခြင်းကြောင့်လည်း အခက်အခဲများ ပိုမိုတွေ့ကြုံခဲ့ရကြောင်း၊ ယခင်က မိမိတို့နိုင်ငံသည် ပြည်ပမှ ထောက်ပံ့မှုများ ချေးငွေများကို အလွန်အမင်း အားကိုး၍ ရပ်တည်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွား ပြန်လည်တိုးတက်စေရေး မိမိတို့အနေဖြင့် အခက်အခဲများကြားမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြကြောင်း၊ စီးပွားရေးမြှင့်တင်မှုများ ဆောင်ရွက်ရာတွင် ခိုင်မာသည့် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရန်လိုသဖြင့် ဒေသတွင်းရရှိသည့် ကုန်ကြမ်းပစ္စည်းများကို အခြေခံသည့် ကုန်ထုတ် လုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ စီးပွားရေးမှာ နိမ့်ကျလျက်ရှိသဖြင့် ၎င်းတို့၏ လူမှုဘဝတိုးတက်စေရေး ကျေးလက်ကို အခြေခံသည့် စီးပွားရေးကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း။

 

ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးခြင်းသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို  အားပေးခြင်းပင်ဖြစ်

 

ပြည်တွင်း စီးပွားရေး တိုးတက်ရန်အတွက် ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံ မှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အသုံးပြုရမည်ဖြစ်ကြောင်း၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးခြင်းသည် နိုင်ငံ့စီးပွား မြှင့်တင်ရေးကို အားပေးခြင်းပင် ဖြစ်ကြောင်း၊ တန်ဖိုးမြှင့်ကုန်ချောများ ထုတ်လုပ်ခြင်းသည် အလုပ်အကိုင် အခွင့်အလမ်းများကို ပေါများလာစေမည်ဖြစ်ပြီး ငွေကြေးလည်ပတ်မှုများလည်း ဖြစ်ပေါ်လာမည် ဖြစ်သဖြင့် များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများမှ ထွက်ရှိသည့် တန်ဖိုးမြှင့် ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်ရန်အတွက် နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးလျက်ရှိပြီး ထုတ်ကုန်များ တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။

 

ဒေသထွက်ကုန်များနှင့် သယံဇာတများကို  အကျိုးရှိရှိအသုံးချပြီး ဒေသနှင့် ဒေသခံများ၏  အကျိုးစီးပွား တိုးတက်စေမည်

 

ရခိုင်ပြည်နယ်သည် ရေခံမြေခံကောင်းများကို ပိုင်ဆိုင်ထားရှိပြီး သဘာဝသယံဇာတများလည်း များစွာကြွယ်ဝသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ရော်ဘာကုန်ကြမ်းများ များစွာထွက်ရှိသဖြင့် ရော်ဘာကိုအခြေခံသည့် တန်ဖိုးမြှင့် လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်တွင်းသုံးစွဲမှုကို အထောက်အကူပြုမည်ဖြစ်ပြီး ပိုလျှံသည်များကိုလည်း ပြည်ပသို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ သုံးစွဲမှုများသည့် မော်တော်ကားတာယာနှင့် မော်တော်ဆိုင်ကယ်တာယာကဲ့သို့သော ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်မည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများမှလည်း သားရေများ ထုတ်လုပ်၍ရနိုင်ပြီး ရော်ဘာနှင့် သားရေကို အခြေခံသည့် လူသုံးကုန်ပစ္စည်းများကိုထုတ်လုပ် နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအတွက် လိုအပ်သည့် စက္ကူများကို နှစ်စဉ်ပြည်ပမှ တင်သွင်းနေရခြင်းကြောင့် နိုင်ငံခြားငွေများစွာ သုံးစွဲရလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်း စက္ကူပျော့ဖတ်များထုတ်လုပ်နိုင်သည့် အခြေခံကုန်ကြမ်းဖြစ်သော ဝါးများရှိပြီးဖြစ်သဖြင့် စနစ်တကျဖြင့် အသုံးပြုကြစေလိုကြောင်း၊ ထို့ပြင် ရခိုင်ပြည်နယ်အတွင်း အုန်းပင်များများစွာ ဖြစ်ထွန်းပေါက်ရောက်သဖြင့် အုန်းနှင့် အုန်းထွက်ပစ္စည်းများကို အောင်မြင်စွာ ထုတ်လုပ်နိုင်ကြောင်း၊ ပြည်နယ်အတွင်းရှိနေသည့် ကုန်ကြမ်းပစ္စည်းများကိုအသုံးပြု၍ စက်မှုထုတ်ကုန်များကို ထုတ်လုပ်ခြင်းဖြင့် ဒေသအတွက်များစွာ အကျိုးရှိမည်ဖြစ်ကြောင်း။

 

ကုန်ထုတ်လုပ်မှုများအတွက် သွင်းအားစုများ မဖြစ်မနေလိုအပ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်သည့် သဘာဝဓာတ်မြေဩဇာများရရှိရေး မွေးမြူရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ခြင်းဖြင့် တိရစ္ဆာန်များ၏ စွန့်ပစ်ပစ္စည်းများမှ တစ်ဆင့် ဇီဝမြေဩဇာများ ရရှိစေမည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို စုပေါင်းသမဝါယမစနစ် ဖြင့် စနစ်တကျ မွေးမြူဆောင်ရွက်နိုင်မည်ဆိုပါက ပိုမိုအောင်မြင် ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း။

 

ပညာရေးအားပေးမြှင့်တင်ခြင်းဖြင့်  နိုင်ငံတော်ကို တည်ဆောက်

 

မည်သည့်လုပ်ငန်းကို ဆောင်ရွက်သည်ဖြစ်စေ လူသာလျှင်ပဓာနဖြစ်ကြောင်း၊ လူ၏ ကြိုးစား အားထုတ်မှုဖြင့်သာ လုပ်ငန်းများ အောင်မြင်နိုင်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင် အရည်အသွေးမြင့်မားသော လူသားအရင်းအမြစ်များ ရရှိစေရေး ပညာရေးကို အားပေးရမည်ဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် အားနည်းမှုများ ရှိခဲ့သဖြင့် ပညာရည်မြင့်မားရေး၊ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများ များစွာပေါ်ထွန်းလာရေး ပညာရေးကိုအားပေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခင်က ရခိုင်ပြည်နယ်၏ ပညာရေးမှာ မြင့်မားခဲ့သည်ကို တွေ့ရှိရသော်လည်း နောက်ပိုင်းတွင် ကျဆင်းမှုများရှိခဲ့ကြောင်း၊ တန်းစဉ်ကူးပြောင်းမှုများ နည်းပါးခြင်းကြောင့်ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ပညာရေးအားနည်းမှုများသည် လုပ်ငန်း ကျွမ်းကျင်မှုရှိသည့် လုပ်သားများဖြစ်သည့် ကျွမ်းကျင်လုပ်သား (Skill Labour) အရင်းအမြစ်များကို နည်းပါးစေခဲ့ကြောင်း၊ ထို့ကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင်လည်း များစွာနောက်ကျကျန်ခဲ့ရသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံ၏ ပညာရေးသည် မဖြစ်မနေအားပေး မြှင့်တင်ဆောင်ရွက်ရမည်ကို သတိပြုဖွယ် တွေ့ရှိရ ကြောင်း၊ ထို့ကြောင့် ပြည်တွင်းစီးပွားရေးနှင့် ပြည်တွင်း ပညာရည်မြင့်မားရေးကို မိမိတို့အနေဖြင့် အလေးထား အားပေးဆောင်ရွက်လျက်ရှိကြောင်း။

 

လူသားအရင်းအမြစ် လိုအပ်ချက်နှင့်ပတ်သက်၍ တက္ကသိုလ်များ၊ ကောလိပ်များ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း၊ ဒေသအလိုက် ကျောင်းသား မိဘများနှင့် တာဝန်ရှိသူများအနေဖြင့် မိမိတို့၏ သားသမီးများ ပညာတတ်များဖြစ်စေရေး ပညာရေး ကို အားပေး ဆောင်ရွက်ကြစေလိုကြောင်း၊ ပညာတတ်များဖြစ်မှသာလျှင် ၎င်းတို့၏ လူမှုဘဝရပ်တည်မှုများ မြင့်မားနိုင်မည်ဖြစ်သဖြင့် ကောင်းမွန်သည့် ပညာအမွေများပေးနိုင်ရေး မိဘများအနေဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပညာတတ်များ ပေါများမှသာ နိုင်ငံတော်အတွက် လိုအပ်သည့် လူသားအရင်းအမြစ်ကောင်းများ ရရှိမည်ဖြစ်သဖြင့် ကျောင်းသားမိဘများ၊ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပညာရည် မြှင့်တင်ရေး လုပ်ငန်းများကို အလေးထား အားပေးဆောင်ရွက်ကြစေလိုကြောင်း။

 

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး

 

ရခိုင်ပြည်နယ်သည် ပြည်တွင်း၊ ပြည်ပခရီးသွား လုပ်ငန်းများအတွက် အခြေခံကောင်းများ ရှိပြီးဖြစ် ကြောင်း၊ ခရီးသွားလုပ်ငန်းများ တိုးတက်လာမည်ဆိုပါက ဒေသထွက် အစားအစာများနှင့် အသုံး အဆောင်များကို ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ရောင်းချနိုင်ရန်အတွက် ကုန်ပစ္စည်းထုတ်လုပ်မှုများကို ဆောင်ရွက်ရာတွင် အရည်အသွေး ကောင်းမွန် စေရန်နှင့် ထုပ်ပိုးမှုများကို အဆင့်မီအောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ခရီးသွားများကို ဆွဲဆောင် နိုင်ရန်အတွက် မိမိတို့ဒေသ သန့်ရှင်းသာယာလှပရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပမှသာ မျက်စိ ပသာဒဖြစ်စေမည်ဖြစ်ကြောင်း။

 

ဒေသတည်ငြိမ်အေးချမ်းမှသာ ကောင်းမွန်သည့် အနာဂတ်ကို လက်ဆင့်ကမ်းနိုင်မည်

 

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်သင့်သည်များကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများအနေဖြင့်လည်း မိမိတို့ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြစေလိုကြောင်း၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရှိပါက ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြစေလိုကြောင်း၊ နိုင်ငံတော်မှ လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြန်လည် ကျင်းပနိုင်ရေးအတွက်လည်း မိမိတို့အနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲ ပြန်လည်ကျင်းပချိန်တွင် ရခိုင်ပြည်နယ်လုံးကျွတ် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် ထာဝရ ငြိမ်းချမ်းစေရေး ဆောင်ရွက်နိုင်မှသာလျှင် ဒေသခံ နောင်လာနောက်သားများကို ကောင်းမွန်သည့် အနာဂတ်ဘဝများ လက်ဆင့်ကမ်းနိုင်မည်ဖြစ်ပြီး ဒေသသည်လည်း ပိုမိုဖွံ့ဖြိုး တိုးတက်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေး ရည်မှန်းချက်များ၊ စီးပွားရေး ရည်မှန်းချက်များ ချမှတ်၍ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ရည်မှန်းချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်သည်လည်း ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး အတွက်လည်း ရခိုင်ပြည်နယ်တွင် လာရောက်တာဝန် ထမ်းဆောင်ကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ အားလုံး တက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ဆွေးနွေးတိုက်တွန်း ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်း ပြသထားသည့် ရေထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှုထုတ်ကုန်များ၊ အဝတ်အထည်များ စသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်း ပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှု အခြေအနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေး လုပ်ငန်းရှင်များက လိုက်လံရှင်းလင်း တင်ပြခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်