နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စင်ကာပူနှင့်အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ အော်သိုဒေါ့ဘုန်းတော်ကြီး His Eminence Sergiy ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံဆွေးနွေး

နေပြည်တော် မေ ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စင်ကာပူနှင့်အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ အော်သိုဒေါ့ဘုန်းတော်ကြီး His Eminence Sergiy ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌တွေ့ဆုံဆွေးနွေးသည်။

ထိုသို့တွေ့ဆုံစဉ် ရှေးယခင်ကတည်းက နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ကောင်းမွန်ခဲ့မှုနှင့် တိုးတက်ကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ ယဉ်ကျေးမှုနှင့်ဘာသာရေး အပြန်အလှန်ဖလှယ်ရေး၊ ဘာသာရေးအရချစ်ကြည်ရင်းနှီးမှုမှသည် နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြားနှင့် ပြည်သူများအကြားချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် ခိုင်မာလာနိုင်သည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် ရုရှားအော်သိုဒေါ့ ဘုရားကျောင်း တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ရုရှားနိုင်ငံတွင် ဗုဒ္ဓစင်တာနှင့် ရွှေစည်းခုံစေတီတော်ပုံစံတူ တည်ဆောက်ထားမှု အခြေအနေများ၊ ကမ္ဘာ့အကြီးဆုံးဖြစ်လာမည့် စကျင်ကျောက်တော်ဖြင့် ထုဆစ်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်လျက်ရှိမှုအခြေအနေများကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ပြီး ဘုန်းတော်ကြီးက မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက် ဆုမွန်တောင်းစကားပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စင်ကာပူနှင့်အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ အော်သိုဒေါ့ ဘုန်းတော်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ စင်ကာပူနှင့် အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ အော်သိုဒေါ့ဘုန်းတော်ကြီးနှင့်အတူ အော်သိုဒေါ့ ဘုန်းတော်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H. E. Mr. Dr. Nikolay Listopadov တို့တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်