နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံလေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်နိုင်မည့် အခြေအနေများနှင့် ကျိုင်းတုံဟော်နန်း ပုံစံတူတည်ဆောက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ကျိုင်းတုံလေဆိပ်အဆင့်မြှင့်တင်နိုင်မည့် အခြေအနေများနှင့် ကျိုင်းတုံဟော်နန်းပုံစံတူ တည်ဆောက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်ကျိုင်းတုံမြို့သို့ရောက်ရှိကြရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် လေဆိပ်ရှင်းလင်းဆောင်တွင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဇော်နိုင်ဦးတို့က ကျိုင်းတုံလေဆိပ် သမိုင်းအကျဉ်းနှင့် လေဆိပ်ဆိုင်ရာများ၊ လေယာဉ်ပြေးလမ်းနှင့် လေဆိပ်အဆင့်မြှင့်တင်နိုင်မည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လျာထားစီမံကိန်းလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျိုင်းတုံမြို့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ မြို့တော်ဖြစ်ပြီး လမ်းပန်းဆက်သွယ်မှုဝေးကွာသည့် နေရာတစ်ခုလည်းဖြစ်ကြောင်း၊ ကျိုင်းတုံဒေသသည် သာယာလှပသည့် သဘာဝပတ်ဝန်းကျင်ရေမြေတောတောင်ကို ပိုင်ဆိုင်ထားရှိပြီးဖြစ်ပြီး ပန်ကွဲကျေးရွာရှိဗုဒ္ဓဥယျာဉ်၊ လွယ်မွေအပန်းဖြေတောင်စခန်းမြို့နှင့် အခြား လည်ပတ်နိုင်သည့်နေရာများစွာရှိကြောင်း၊ ယခုအခါ ပြည်တွင်းခရီးစဉ်များ၌ ဝေးကွာသည့်နေရာများသို့ ဂျက်လေယာဉ်များကို အသုံးပြုလာပြီဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် အသုံးပြုလျက်ရှိသော လေယာဉ်ကြီးများ ဆင်းသက်နိုင်သည့်အထိ အဆင့်မြှင့်တင် ဆောင်ရွက်ရန်လိုကြောင်း၊ အိမ်နီးနားချင်းနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင်လည်း လာအိုနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများမှ ကျိုင်းတုံလေဆိပ်သို့ တိုက်ရိုက် ပျံသန်းဆင်းသက်နိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ ကျိုင်းတုံမြို့ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသနှင့်ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန် ယခုကဲ့သို့ အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံလေယာဉ်ကွင်း၊ လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်နိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နောင်တုံကန်အနီးရှိ ဟော်နန်းဥယျာဉ်မြေ၊ ဟော်နန်းမြေနှင့် တစ်ဆက်စပ်တည်း တည်ရှိသည့်နေရာတွင် ကျိုင်းတုံဟော်နန်းပုံစံတူ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် နောင်တုံကန် ပြုပြင်ထိန်းသိမ်းထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးနှင့် နယ်မြေခံ စစ်မြေပြင်အင်ဂျင်နီယာတပ်မှတာဝန်ရှိသူတစ်ဦးက နောင်တုံကန် ရေဝင်၊ ရေထွက် အခြေအနေများနှင့် ကန်ရေကို ထိခိုက်မှုမရှိစေဘဲ သဲနုန်းတူးဖော်ရေးလုပ်ငန်းကို နုန်းများကို အရည်ပျော်စေ၍ စုပ်ထုတ်ဆောင်ရွက်မှုအခြေအနေများ၊ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ရေအောက်မြေ မျက်နှာသွင်ပြင်တိုင်းတာခြင်းနှင့် ပုံထုတ်ခြင်းလုပ်ငန်း (Sonic water Level meter) များကို ဆောင်ရွက်ပြီး သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်လျက်ရှိမှုနှင့် ကန်ရေသန့်ရှင်းမှုရှိစေရေး ခေတ်မီစက်ကိရိယာ၊ ယန္တရားများကို အသုံးပြုဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို တင်ပြသည်။

တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ကန်ပတ်လမ်းတစ်လျှောက် လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်