နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုကြောင့် ရေဝင်၊ ရေဝပ်မှုများနှင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုကြောင့် ရေဝင်၊ ရေဝပ်မှုများနှင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပြုပြင်ထိန်းသိမ်းထားရှိမှုအခြေအနေများ ကြည့်ရှုစစ်ဆေး၊ လိုအပ်သည်များလမ်းညွှန်မှာကြား

နေပြည်တော်    ဩဂုတ်   ၂၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများလိုက်ပါ၍ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုကြောင့် ရေဝင်၊ ရေဝပ်မှုနှင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပြုပြင်ထိန်းသိမ်းထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။      

အာနန္ဒာဘုရား

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် အာနန္ဒာဘုရားသို့ ရောက်ရှိဖူးမြော်ကြည်ညိုကြကာ ဘုရားကြီးအတွင်းပရိဝုဏ်နှင့် အပြင်ပရိဝုဏ်အတွင်း ထိန်းသိမ်းထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏   တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  မြန်မာ့ဗိသုကာပညာရပ်သည် ရှေးယခင်ကတည်းကပင် အရည်အသွေးမြင့်မားခဲ့ကြောင်း၊ ထို့ကြောင့် တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းလက်ရာများကို ထိန်းသိမ်းရာတွင် စနစ်တကျနှင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်းရန်လိုပြီး သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများမရှိစေရေး လိုအပ်သည့်ပြုပြင်ဆောင်ရွက်မှုများကို တာဝန်ရှိသူများက အမြဲမပြတ် စစ်ဆေးဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ မကြာမီကာလအတွင်း ပွင့်လင်းရာသီသို့ ရောက်ရှိမည်ဖြစ်ပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးများသို့ လာရောက်ဖူးမြော်ကြမည့် ဘုရားဖူးလာ ရဟန်းရှင်လူ၊ ပြည်သူတို့သည်လည်း အများအပြားလာရောက်ကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စေတီပုထိုးများကို သန့်ရှင်းသပ်ရပ်ပြီး ကြည်ညိုသပ္ပာယ်ဖွယ်ဖြစ်အောင် စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အာနန္ဒာဘုရားကြီးအပါအဝင် ရှေးဟောင်းစေတီပုထိုးများအား ပြုပြင်ထိန်းသိမ်းရာတွင်   အရည်အသွေးကောင်းမွန်သည့် အပေါ်ခံဆေးသုတ်ထားခြင်းဖြင့် ရာသီဥတုကြောင့် ပျက်စီးမည့်ဒဏ်ကို ခံနိုင်မည်ဖြစ်ပြီး ရေဝင်ပျက်စီးမှုများကိုလည်း ခံနိုင်မည်ဖြစ်သဖြင့် ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး၍ စဉ်းစားဆောင်ရွက်ကြစေလိုကြောင်း၊ ပြုပြင်ထိန်းသိမ်းမှုအပေါ်မူတည်၍ ရေရှည်တည်တံ့ခိုင်မြဲမှုကို ဖြစ်ပေါ်စေမည်ဖြစ်သဖြင့် မူလလက်ရာကိုမထိခိုက်စေဘဲ ခေတ်မီနည်းပညာများ အသုံးပြုထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။

စူဠာမဏိဂူဘုရားကြီး

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်ခဲ့ပြီး ရေဝပ်မှုများဖြစ်ပေါ်ခဲ့သည့် နရပတိစည်သူမင်း  တည်ထားခဲ့သော စူဠာမဏိဂူဘုရားကြီးသို့ ရောက်ရှိကြပြီး ဘုရားကြီးအား ဖူးမြော်ကြည်ညိုကာ ဘုရားကြီးအား ပြုပြင်ထိန်းသိမ်းထားရှိမှုနှင့် ဘုရားကြီးပရိဝုဏ်အတွင်း မြေညှိခြင်းနှင့် မြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ယခင်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဝင်၊ ရေဝပ်မှုများဖြစ်ပေါ်ခဲ့ရသည့် သင်ခန်းစာရရှိပြီးဖြစ်သဖြင့် နောင်တွင် ရေဝင်ရောက်မှုများမဖြစ်စေရေး ရေထွက်ပေါက်များ ဆောင်ရွက်နေမှုများကို စနစ်တကျ တွက်ချက်ထည့်သွင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဘုရားကြီး၏ အတွင်းအပြင်ထိန်းသိမ်းရာတွင် သမိုင်းဝင်တန်ဖိုးကြီးအမွေအနှစ်ဖြစ်သည့်အတွက် စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ မူလရင်ပြင်တော်ကိုလည်း ယခုအခြေအနေမှ တဖြည်းဖြည်း စနစ်တကျ ဖော်ထုတ်သွားရန်လိုကြောင်းနှင့် ရှေးဟောင်းလက်ရာ နံရံဆေးရေးပန်းချီများ ရေရှည်တည်တံ့စေရေးအတွက် မှန်ဖြင့်ကာရံနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ စေတီပုထိုးများ ပတ်ပတ်လည်၌သန့်ရှင်း သပ်ရပ်နေမှသာလျှင် ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးလာရောက်သူများ စိတ်အေးသက်သာစွာဖြင့် လှည့်လည်ဖူးမြော်နိုင်မည်ဖြစ်သဖြင့် နေ့စဉ်သန့်ရှင်းရေး ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။

ထီးလိုမင်းလို ဘုရားကြီး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ထီးလိုမင်းလိုဘုရားကြီးသို့ ရောက်ရှိကြပြီး ဘုရားကြီးအတွင်း၊ အပြင်နှင့် အထက်ပစ္စယံတို့၌ သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို ထိန်းသိမ်းထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ဘုရား၊ စေတီ၊ ပုထိုးများသည် ရှေးဟောင်းသမိုင်းဝင်လက်ရာများဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်သည့် အမွေအနှစ်များဖြစ်သည့်အတွက် ထိန်းသိမ်းဆောင်ရွက်မှုများကို အလေးထား ဆောင်ရွက်ရန်လိုကြောင်း၊ ထီးလိုမင်းလိုဘုရားကြီး၏ အထက်ပစ္စယံမှ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ဘုရား၊ စေတီ၊ ပုထိုးများကို ကြည်ညိုဖူးမြော်နိုင်မည်ဖြစ်ပြီး ပုဂံဒေသ၏ အလှအပများကို လည်း ကြည့်ရှုနိုင်မည်ဖြစ်သဖြင့် လူဦးရေအကန့် အသတ်၊ အချိန်အကန့်အသတ်တို့ဖြင့် ပြန်လည် တက်ရောက်ကြည်ညိုခွင့်ပြုပေးနိုင်ရေး စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။

ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်း

ထိုကဲ့သို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အာနန္ဒာဘုရား၊ စူဠာမဏိဂူဘုရားကြီးနှင့် ထီးလိုမင်းလိုဘုရားကြီးတို့သို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ပြုပြင်ထိန်းသိမ်းထားရှိမှုများအား ကြည့်ရှု စစ်ဆေးစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဧည့်သည်တော်မှတ်တမ်းစာအုပ်များတွင် လက်မှတ်ရေးထိုးပူဇော်သည်။

ယခုနှစ်မေလအတွင်း မန္တလေးတိုင်းဒေသကြီးညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရွှေစည်းခုံစေတီ၊ အာနန္ဒာဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ ဓမ္မရာဇကဘုရား၊ ဆင်ဖြူရှင်ကွန်းပလက်၊ ခေမင်္ဂဘုရား၊ သပိတ်မှောက်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ လေးမျက်နှာဘုရား၊ ဆင်ပေါင်းအုတ်ကျောင်း၊ ဓမ္မရာဇကအနီးရှိဘုရား၊ ပုဂံမျှော်ဘုရား၊ ရွာဟောင်းကြီးဘုရား၊ ရွှေနန်းရင်တောဘုရားတို့၌ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ရှေးဟောင်းဘုရား/ အဆောက်အအုံ ၈ ခုတို့တွင် ထိခိုက်ပျက်စီးမှု အနည်းငယ်ဖြစ်ပေါ်ခဲ့သဖြင့် ရှေးဟောင်းလက်ရာမပျက် အမြန်ဆုံးပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်

ထို့ပြင် ယနေ့ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များလိုက်ပါ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့ရုံးသို့ရောက်ရှိပြီး တာဝန်ရှိသူများအား တွေ့ဆုံကာ ရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည့် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူများ စိတ်လက်ချမ်းသာစွာဖြင့် ဖူးမြော်နိုင်ရေး လိုအပ်သည်များ စီမံဆောင်ရွက်ထားရှိရန်၊ ရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ သာသနိကအဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရေး၊ သန့်ရှင်းသာယာပြီး  ကြည်ညိုသပ္ပာယ်ဖွယ်ဖြစ်စေရေးအတွက် လိုအပ်သည့် ထိန်းသိမ်းမှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး ပန်းနှင့် သောက်တော်ရေချမ်းတို့ကို ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်တွင်လည်းကောင်း၊ ဂန္ဓကုဋိတိုက်များတွင်လည်းကောင်း၊ ကျောက်စာရုံစေတီတော်များအတွင်း၌လည်းကောင်း လှည့်လည်ကြည်ညိုကြပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများကို ခင်မင်ရင်းနှီးစွာဖြင့် နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။                                           

သတင်းစဉ်