နေပြည်တော် နိုဝင်ဘာ ၈
တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် ချုံချင့်မြို့ရှိ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာသည်။
Zhongyue Aviation UAV Firefighting-Drone Co.,Ltd.
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Zhongyue Aviation UAV Firefighting-Drone Co.,Ltd. သို့ ရောက်ရှိကြရာ ကုမ္ပဏီမှ Founder & Chairman ဖြစ်သူ Mr. CAO, Bing နှင့် တာဝန်ရှိသူများ က ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ကုမ္ပဏီပြခန်းအတွင်း ကုမ္ပဏီ၏ သမိုင်းအကျဉ်းနှင့် နှစ်အလိုက် ဖွံ့ဖြိုးတိုးတက်မှုများ၊ သုတေသနပြုလုပ် ဆောင်ရွက်ခဲ့မှုများနှင့် လူသားအကျိုးပြုဆောင် ရွက်ချက်များ ကြောင့် ပြည်တွင်း ပြည်ပမှ ချီးမြှင့်ခြင်းခံခဲ့ရသည့် ဆုတံဆိပ်များကို လိုက်လံ ရှင်းလင်းပြသပြီး လူမှုကယ်ဆယ် ရေးလုပ်ငန်းများတွင် အဆင့်မြင့် ဒရုန်းများ အသုံးပြု၍ ကူညီ ဆောင်ရွက်ခဲ့သည့် မှတ်တမ်း Video ကို ပြသသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကုမ္ပဏီမှ ထုတ်လုပ်ထားသော လူမှုကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုသည့် အဆင့်မြင့်ဒရုန်းများ ခင်းကျင်း ပြသထား ရှိမှုကို လိုက်လံကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက အထပ်မြင့်အဆောက်အဦများ၊ တောမီးလောင် ကျွမ်းမှုများနှင့် အခြားသော သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းတို့တွင် ဒရုန်းများအသုံးပြု၍ ပြုလုပ်ပုံ အဆင့်ဆင့်ကို ရှင်းလင်းတင်ပြ ကြပြီး ဒရုန်းဖြင့် မီးငြှိမ်းသတ်မှု အား လက်တွေ့သရုပ်ပြသသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် ကုမ္ပဏီတာဝန်ခံအား ယခုကဲ့သို့ အဆင့်မြင့် နည်းပညာများကိုအသုံးပြု၍ လူသားအကျိုးပြုဒရုန်း များ တီထွင်ထုတ်လုပ်မှုနှင့် ဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှု ကို ချီးကျူးဂုဏ်ပြုပါကြောင်း ပြောကြားပြီး အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။
SERES မော်တော်ကားကုမ္ပဏီ
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် SERES မော်တော်ကား ကုမ္ပဏီသို့ သွားရောက်လေ့လာကြရာ ကုမ္ပဏီမှ Chairman ဖြစ်သူ Mr. Li Bo နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ကားစက်ရုံ၏ သမိုင်း အကျဉ်း၊ ကုမ္ပဏီမှ ထုတ်လုပ် လျက်ရှိသည့် ကားအမျိုးအစားများကို ပြကွက်တစ်ခုချင်းစီ အလိုက်၊ ကားအမျိုးအစားအလိုက် အချက်အလက်များနှင့် စက်ရုံ အတွင်း ကားထုတ်လုပ်နေမှု အဆင့်ဆင့်ကို အသေးစိတ် လိုက်လံရှင်းလင်းပြသကြရာ သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ကုမ္ပဏီမှ ထုတ်လုပ်သည့် မော်တော်ကားပုံစံငယ်ကို ဂါရဝပြု ပေးအပ်ရာ အမှတ်တရလက် ဆောင်ပစ္စည်း ပြန်လည်ပေးအပ်သည်။
Chongqing International Logistics Hub Park
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Chongqing Internat-ional Logistics Hub Park သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး တရုတ်-ဥရောပ - အနောက်နိုင်ငံတို့ အကြား ကုန်စည် စီးဆင်းလျက်ရှိသည့် ကုန်းလမ်း၊ ရေလမ်း လမ်းပြ မြေပုံ၊ ချုံချင့်မြို့၏ ဖွံ့ဖြိုးတိုးတက်မှုသမိုင်း၊ ယန်စီမြစ်ပေါ်ရှိ ကုန်စည်စီးဆင်းမှု ဆိပ်ကမ်းများနှင့် လမ်းပန်းဆက်သွယ်ရေးနှင့် မြို့ပြပုံစံငယ်တို့ကို လိုက်လံ ရှင်းလင်းပြသကြသည်။
ရှင်းလင်း ပြသမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည် မေးမြန်းဆွေးနွေးပြီး ဧည့်သည် တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။
Weimaလယ်ယာစက်မှု ထုတ်ကုန်ကုမ္ပဏီ
ဆက်လက်၍ မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Weima လယ်ယာစက်မှုထုတ်ကုန် ကုမ္ပဏီ သို့ သွားရောက်လေ့လာကြရာ ဥက္ကဋ္ဌဖြစ်သူ Mr. Yan Hua နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ကုမ္ပဏီ၏ သမိုင်းအကျဉ်းနှင့် အိမ်နီးချင်းနိုင်ငံများ၊ အရှေ့တောင် အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံ များသို့ လယ်ယာလုပ်ငန်းသုံး ထုတ်ကုန်စက်ပစ္စည်းများ၊ ရေစုပ် စက်၊ မီးစက်၊ နှင်းရှင်းစက်နှင့် လမ်းရှင်းစက်များ တင်ပို့ရောင်း ချရလျက်ရှိမှု၊ ကုမ္ပဏီမှ ထုတ်လုပ် ထားရှိသည့် စက်ပစ္စည်းများ ခင်းကျင်းပြသ ထားရှိမှုနှင့် အဆင့်ဆင့် ထုတ်လုပ်နေမှုတို့ ကို လိုက်လံရှင်းလင်းပြသရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည် မေးမြန်းဆွေးနွေးသည်။
Chongqing Planning Exhibition ပြတိုက်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Chongqing Planning Exhibition ပြတိုက်သို့ ရောက်ရှိ ကြရာ ချုံချင့်မြို့ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် ပြတိုက်မှတာဝန်ရှိသူများက ချုံချင့်မြို့၏ ခေတ်အဆက်ဆက် ဖြစ်ပေါ်ပြောင်းလဲ တိုးတက်ခဲ့မှုများ၊ ဒေသနေပြည်သူများ၏ လူနေမှုဘဝအဆင့်အတန်း မြင့်မားတိုးတက်လာမှုနှင့် ရိုးရာယဉ်ကျေးမှုပုံစံများ၊ မြို့ပြ ပုံစံငယ်များ၊ ကဏ္ဍပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်နေမှုကို ဖော်ပြထားသည့် အထူး ပြုလုပ်ချက်ဗီဒီယိုများ စသည်ဖြင့် ပြကွက် တစ်ခုချင်းစီအလိုက် လိုက်လံရှင်းလင်းပြသကြရာ သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပြတိုက်ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး ပြတိုက်တာဝန်ခံများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ချုံချင့်မြို့ရှိ Yuantongsi သင်္ဘောဆိပ်သို့ရောက်ရှိပြီး ယန်စီမြစ်အတွင်း သင်္ဘောစီး၍ လေ့လာခဲ့ကြကြောင်းနှင့် သင်္ဘောပေါ်တွင် လိုက်ပါလာသည့် ချုံချင့် မြို့မှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ တရုတ်-မြန်မာ စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်