နေပြည်တော် နိုဝင်ဘာ ၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင် ဒေသခွဲ ထိပ်သီးအစည်းအဝေး 8th Greater Mekong Subregion (GMS) အပါအဝင် ထိပ်သီးအစည်းအဝေး များသို့ တက်ရောက်ခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၇ ရက် ညနေပိုင်းတွင် ကူမင်းမြို့ မှ ချုံချင့်မြို့သို့ ထွက်ခွာရာ တရုတ် ကွန်မြူနစ်ပါတီ အမြဲတမ်းကော်မတီအဖွဲ့ဝင် Mr. Yang Yalin နှင့် တာဝန်ရှိသူများ၊ တရုတ်ရိုးရာယဉ်ကျေးမှု အဖွဲ့များက နှစ်နိုင်ငံအလံများ ဝှေ့ယမ်း၍ ရိုးရာ ယဉ်ကျေးမှုအကအလှများကပြကာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ညပိုင်းတွင် ချုံချင့်မြို့ ကျန်းပေအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ချုံချင့်မြို့ ဒုတိယ မြို့တော်ဝန် Mr. Shang Kui နှင့် အဖွဲ့ဝင်များ၊ ချုံချင့်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် တာဝန်ရှိသူများက ပန်းစည်းကမ်း၍ လှိုက်လှဲ နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် အဖွဲ့ဝင်များလိုက်ပါ၍ ချုံချင့်မြို့ရှိ မြန်မာကောင်စစ် ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများနှင့် ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကား ပြောကြားသည်။ ဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကောင်စစ်ဝန်ချုပ်ရုံးခန်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာကောင်စစ်ဝန် ချုပ်ရုံး ဝန်ထမ်းမိသားစုများနှင့် ပညာတော်သင်သင်တန်းသားများအား တွေ့ဆုံရာ ကောင်စစ် ဝန်ချုပ်က စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားနယ်ပယ်ပေါင်းစုံတို့တွင် ပူးပေါင်းဆောင် ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး လုပ်ဆောင်နေမှုအခြေ အနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကောင်စစ်ဝန်ချုပ်ရုံးတွင် နိုင်ငံ့တာဝန်ထမ်းဆောင်နေသူများအနေဖြင့် သံတမန်ရေးရာဆိုင်ရာ ဆက်ဆံရေးသာမက အခြားကဏ္ဍများ၌လည်း အောင်မြင်အောင် ဆောင်ရွက်သွားနိုင်ကြ ရန်လိုကြောင်း၊ နှစ်နိုင်ငံအကြား အကျိုးတူ စီးပွားရေးလုပ်ငန်းများ၊ ပို့ကုန်သွင်းကုန် လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ပါက ကူးလူးဆက်ဆံမှုများ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများအတွက် အကျိုးစီးပွားကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံ့စီးပွားရေး ကိုလည်း မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတစ်နိုင်ငံ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်သည် လူသားအရင်းအမြစ်များ အများအပြား မွေးထုတ်ပေးနိုင်ခြင်းပင် ဖြစ်သည့် အတွက် ပညာရေးမြှင့်တင်မှု အခန်းကဏ္ဍအတွက်လည်း သံတမန်ဝန်ထမ်းများအနေဖြင့် ဖော်ဆောင် ပေးကြရမည်ဖြစ်ကြောင်း၊ တာဝန်များကို ထမ်းဆောင်ရာတွင် မိမိကိုယ်ကို ထိန်းထိန်း သိမ်းသိမ်း နေထိုင်ခြင်း၊ လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ခြင်း၊ ဆက်ဆံရေး ကောင်းမွန်ခြင်း တို့ဖြင့် မိမိတို့နိုင်ငံ၏ဂုဏ်ကိုလည်း မြှင့်တင်ဆောင်ရွက်သွားရန်လိုကြောင်း၊ မြန်မာ-တရုတ် ချစ်ကြည်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးတွင် အဓိကအထောက်အကူပြုသည့် နေရာတစ်ခုအဖြစ် ရောက်ရှိအောင် ဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ပါစေကြောင်း မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကောင်စစ် ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများနှင့် ပညာတော်သင်သင်တန်းသားများအတွက် လက်ဆောင်ပစ္စည်း များနှင့် ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ရာ ကောင်စစ်ဝန်ချုပ်နှင့် ပညာတော်သင် သင်တန်းသား တို့က လက်ခံရယူကြသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ချုံချင့်မြို့ မြန်မာကောင်စစ်ဝန်ချုပ် ရုံးဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် အမှတ်တရ လက်မှတ်ရေးထိုး ပေးပြီး ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများနှင့် ပညာတော်သင် သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်