နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများပါဝင်သော အဖွဲ့သည် မတ် ၃ ရက်မှ စတင်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေး ရှင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေး ခရီးနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ လူကာရှန်းကော့၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ် သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် (Official State Visit)ချစ်ကြည်ရေးခရီးများ သွားရောက်ခဲ့သည်။
အဆိုပါ ချစ်ကြည်ရေးခရီးစဉ်များအတွင်း နှစ်နိုင်ငံအစိုးရနှင့်ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာကြရာ ဘာသာပေါင်းစုံအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အနုပညာရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြု နှုတ်ဆက်ခဲ့ကြရာ ၎င်းတို့နှင့် တွေ့ဆုံ၍ ချစ်ကြည်ရေး ခရီးစဉ်များအတွင်း မြန်မာနိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့မှုအပေါ် ဝမ်းသာပီတိစကားသံ များကို ရေးသားဝေမျှလိုက်ရပါသည်-
ဦးဇော်ဇော်နိုင်
(ဥက္ကဋ္ဌ၊ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်း)
ဒီနေ့ကတော့ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ရုရှားနိုင်ငံမှာ မြန်မာနိုင်ငံရဲ့ ကဏ္ဍပေါင်းစုံဖွံ့ဖြိုး တိုးတက်ဖို့အတွက် စာချုပ်များစွာချုပ်ဆိုပြီး ပြန်လာတဲ့နေ့တစ်နေ့ ဖြစ်ပါတယ်။ ဒီစာချုပ်တွေကနေ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိကြပါလိမ့်မယ်။ ရုရှားနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံတွေဟာ ကမ္ဘာမှာနည်းပညာ မြင့်တဲ့နိုင်ငံတွေ ဖြစ်ပါတယ်။ ဒီလိုနိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကတစ်ဆင့် ကျွန်တော်တို့နိုင်ငံ အတွက် စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ခဲ့တယ်လို့ ကြားသိရပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ဆောင်ရွက်မှုတွေကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့ကနေ လာရောက် ကြိုဆိုခြင်းဖြစ်ပါတယ်။ ဒီလို ကြိုဆိုခွင့်ရတဲ့အတွက် လည်း ဂုဏ်ယူမိပါတယ်။
ဒိန်းဒေါင် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး-ဗဟို)
နိုင်ငံတော်ဝန်ကြီးချုပ်ကြီး နိုင်ငံခြားခရီးစဉ် သွားတဲ့သတင်းကို အမြဲကြည့်ဖြစ်ပါတယ်။ နိုင်ငံတော် ဝန်ကြီးချုပ်ကြီးရဲ့ လုပ်ဆောင်ချက်တွေ အားလုံးကို ကျွန်တော်သိထားတဲ့ အသိအမြင်လေးနဲ့ ပြောရမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ မကြာခင်အလွန်တရာဖွံ့ဖြိုးတိုးတက်ပြီး ကောင်းမွန်လာမယ်လို့ မြင်မိပါတယ်။ နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းလာမယ်လို့လည်း ယုံကြည်ပါတယ်။ ဒါကြောင့်ဝမ်းပန်းတသာနဲ့ လာရောက်ဂုဏ်ပြုကြိုဆိုခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံကြီး အမြန်ဆုံးအေးချမ်း သာယာဝပြောပြီး တခြားနိုင်ငံတွေနဲ့ ရင်ပေါင်တန်းကာ အလုံးစုံချမ်းသာ ကြွယ်ဝမှုပြည့်စုံမှုကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
ဦးတိမ်ညွန့်(မြန်မာနိုင်ငံသဘင်အစည်းအရုံး-ဗဟို)
နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အတွင်း ဆောင်ရွက်မှုတွေဟာ ကျွန်တော်တို့နိုင်ငံအတွက် များစွာ အကျိုးရှိစေမယ်လို့ မျှော်လင့်မိပါတယ်။ ဒီလိုမျှော်လင့်တဲ့အတိုင်းပဲ နိုင်ငံအကြီးအကဲတွေက စွမ်းစွမ်းတမံဆောင်ရွက်နေတာကိုလည်း မြင်ရတဲ့ အတွက် ဝမ်းသာမိပါတယ်။ ဒါကြောင့် ဒီနေ့မှာ ဝမ်းသာ ဂုဏ်ယူတဲ့စိတ်အပြည့်နဲ့ လာရောက်ကြိုဆိုခြင်း ဖြစ်ပါတယ်။ ကြိုဆိုတဲ့နေရာ ရောက်တော့လည်း တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေကို တစုတစည်းတည်း တွေ့ရတဲ့အတွက် ဝမ်းသာမိပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေ့လိုကြိုဆိုခွင့်ရခြင်းဟာလည်း နိုင်ငံအတွက် ကိုယ်နိုင်တဲ့ဘက်က တာဝန်ထမ်းဆောင်ပေးရာရောက်တဲ့အတွက် ကျေးဇူးလည်း တင်ရှိသလို ဂုဏ်လည်းယူမိပါတယ်။
နောင်တော်လေး
(အယ်ဒီတာချုပ်၊ Myanmar National Post)
ကျွန်တော့်အနေနဲ့ ဒီနေ့ကြိုဆိုပွဲကို မီဒီယာသမားတစ်ယောက်အနေနဲ့ရော သီးခြားဂုဏ်ပြုတဲ့ အနေနဲ့ပါ ဝမ်းမြောက်ဝမ်းသာလာရောက်ကြိုဆိုခြင်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတော် ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ရလဒ်တွေကိုကြည့်ဖြစ်ပါတယ်။ တရုတ်နိုင်ငံကို သွားတုန်းကလည်း နှစ်နိုင်ငံ အကျိုးစီးပွားအတွက် အကောင်းဆုံးဆောင်ရွက်နိုင်ခဲ့တယ်။ အခုဒီခရီးစဉ်ကျတော့ ပိုပြီးထူးခြားလေးနက်ပါတယ်။ ခရီးစဉ်မှာ ရလဒ်ကောင်းတွေရခဲ့တာဖြစ်တဲ့အတွက် နိုင်ငံရဲ့ အနာဂတ်အတွက် အများကြီးမျှော်လင့်လို့ ရခဲ့ပါတယ်။ ဒီကိစ္စကိုလည်း ပြည်သူတွေက ဂုဏ်ယူ ရမှာဖြစ်ပါတယ်။ နိုင်ငံကောင်းဖို့ဆောင်ရွက်နေတဲ့ ကိစ္စမှန်သမျှကို ပြည်သူတွေက ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရမှာဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲတွေက ဒီလိုမျိုးရှေ့ကနေ နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်နေပါတယ်။ ဒါကြောင့် နိုင်ငံ့ဝန်ထမ်းတွေရော ပြည်သူတွေကပါ ဒီအပေါ်မှာ တစ်သွေးတည်းတစ်သားတည် ဖြစ်ရင် ကျွန်တော်တို့နိုင်ငံအနေနဲ့ တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲတွေရဲ့ ဦးဆောင်မှုနောက်ကို ဖြောင့်ဖြောင့် တန်းတန်းလိုက်သင့်ပါတယ်လို့ ပြောလိုပါတယ်။
ဒေါ်အေးအေးမိုး(ဒေသခံပြည်သူ)
ကျွန်မက တပ်ကုန်းမြို့နယ်ကိုယ်စားပြုအနေနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်ရဲ့ ပြည်ပခရီးစဉ်အပြန်ကို လာရောက်ကြိုဆိုတာဖြစ်ပါတယ်။ ကျွန်မအနေနဲ့ အခုလိုနိုင်ငံတော်အဆင့်ကြိုဆိုတဲ့ပွဲကို ပထမဆုံးအကြိမ် လာရောက်ကြိုဆိုခွင့် ရတဲ့အတွက် အလွန်ကို ပျော်ရွှင်ဂုဏ်ယူမိပါတယ်။ ဒီခရီးစဉ်ကနေ မြန်မာနိုင်ငံရဲ့ ကဏ္ဍပေါင်းစုံ တိုးတက်ဖို့ စာချွန်လွှာတွေ လက်မှတ်ရေးထိုးခဲ့တယ်လို့သိရတယ်။ အဲဒီအကျိုးရလဒ် အသီးအပွင့်တွေကို ကျွန်မတို့ ပြည်သူတွေ အမြန်ဆုံး ခံစားရမယ်လို့လည်း မျှော်လင့်မိပါတယ်။
စောလားကပေါ်
(ကြီးကြပ်ရေးမှူး၊ မြန်မာ့စာတိုက်လုပ်ငန်း)
နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ရုရှားနိုင်ငံကို သွားရောက်ပြီးတော့ တိုင်းပြည်အတွက်များစွာ အကျိုးရှိစေမယ့် MoU လက်မှတ်တွေ ရေးထိုးနိုင်ခဲ့တဲ့အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်မိ ပါတယ်။ ဒါကြောင့်အခုလိုကြိုဆိုတဲ့ပွဲကြီးမှာပါဝင်ပြီး လာရောက်ကြိုဆိုခွင့် ရရှိတဲ့အတွက် ပျော်ရွှင်မိပါတယ်။ အခု ခရီးစဉ်ကနေ ကျွန်တော်တို့နိုင်ငံ ကဏ္ဍပေါင်းစုံတိုးတက်ဖို့ အများကြီး ဆောင်ကြဉ်းပေးနိုင်ခဲ့ တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ရုရှား - မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးလည်း ဒီထက်မက အဓွန့်ရှည်တည်တံ့ပါစေလို့ ဆုတောင်းပါတယ်။
တွေ့ဆုံမေးမြန်- မျိုးဆက်သစ်
ဓာတ်ပုံ- ကိုကျော်ထိန်အေး