နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့ရှိ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား သီးခြားစီတွေ့ဆုံ၍ ငလျင်ဘေးဒဏ် ထိခိုက်မှုများကြောင့် ပျက်စီးမှုများအပေါ် ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေများပေးအပ်

 

 

နေပြည်တော် ဧပြီ ၁၉

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်ကိုင်းမြို့ရှိ ခရိုင်အဆင့် တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများကို စစ်ကိုင်းမြို့ရှိ အသင်္ခရာဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင် လည်းကောင်း၊ မန္တလေးမြို့ရှိ ခရိုင်အဆင့်တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ လည်းကောင်း သီးခြားစီတွေ့ဆုံ၍ ငလျင်ဘေးဒဏ်ထိခိုက်မှုများကြောင့် ပျက်စီးမှုများအပေါ် ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

အဆိုပါ တွေ့ဆုံပွဲများသို့ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့ရှိ ခရိုင်အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

 

ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် မန္တလေး ငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် စစ်ကိုင်းမြို့နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများပြားခဲ့ ကြောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများမှတစ်ဆင့် မိမိတို့အတွက် သင်ခန်းစာများလည်းရရှိခဲ့ကြောင်း၊ အဆိုပါသင်ခန်းစာများကိုဖော်ထုတ်၍ နောင်အချိန်တွင် ယခုကဲ့သို့ ထပ်မံကြုံတွေ့ရချိန်၌ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ နည်းပါးအောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သဘာဝဘေးမှာရှောင်လွှဲ၍ မရသော်လည်း ကာကွယ်ခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ မိမိတို့နိုင်ငံ၌ သဘာဝဘေးဒဏ်များ ကျရောက်ခဲ့ချိန်များတွင် မိမိတို့အနေဖြင့် အခက်အခဲများကြားမှ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် မိုခါမုန်တိုင်းဝင်ရောက်ခဲ့ချိန်နှင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံ မှုများ ဖြစ်ပွားခဲ့ချိန်၌လည်း သဘာဝဘေးဒဏ်ကိုခံစားခဲ့ရပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြကြောင်း။

 

Video Message ရိုက်ကူး၍ နိုင်ငံတော်နှင့် နိုင်ငံတကာသို့ အသိပေး

မိမိအနေဖြင့် ငလျင်လှုပ်ခတ်ပြီးချိန်၌ နေပြည်တော်ကောင်စီနယ်မြေအတွင်း ချက်ချင်းလှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက် စေခဲ့ကြောင်း၊ အခြေအနေအားသုံးသပ်၍ ငလျင်ဒဏ်သင့်ဒေသများအား အရေးပေါ် အခြေအနေ ကြေညာခဲ့ကြောင်း၊ ချက်ချင်း Video Message ရိုက်ကူး၍ နိုင်ငံတော်နှင့် နိုင်ငံတကာသို့ အသိပေးခဲ့ကြောင်း၊ နိုင်ငံတကာမှလည်း အကူအညီများ အချိန်ပိုင်းအတွင်း အမြန်ဆုံးပေးပို့ခဲ့သဖြင့် အချို့ပိတ်မိနေသူ များကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ အားလုံးမှ တက်ညီလက်ညီဖြင့် ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသည့် အတွက် ယခု အခြေအနေသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း။

 

တံတားသံပေါင်အချို့ ဖယ်ရှားနိုင်ရေး ဆောင်ရွက်လျက်ရှိ

ယခု လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင် ကြီးသည် မိမိတို့နိုင်ငံ၌ လှုပ်ခတ်ခဲ့သည့် ၁၉၀၀ ပြည့်နှစ်နောက်ပိုင်း ငလျင်များ အနက် ဒုတိယအပြင်းဆုံး လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးပင်ဖြစ်ကြောင်း၊ ငလျင်ဒဏ် ကြောင့် ဘုရားစေတီပုထိုးများ၊ ဘုန်းတော် ကြီးကျောင်းများ၊ လူနေအဆောက်အအုံများနှင့် လမ်းတံတားများ ထိခိုက်ပျက်စီး ခဲ့ရကြောင်း၊ စစ်ကိုင်းမြို့(အင်းဝ)တံတား အနေဖြင့်လည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ရေကြောင်းသွားလာမှုများ အဆင်ပြေစေရေး အတွက် အဆိုပါတံတားမှ ပြိုပျက်ခဲ့သည့် သံပေါင်အချို့အား မိုးရာသီမတိုင်မီ ဖယ်ရှားနိုင်ရေးစီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ တံတားကိုလည်း ပြန်လည်တည်ဆောက်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

 

ဘိလပ်မြေ၊ သံနှင့် သွပ်များ သင့်လျော်သည့် ဈေးနှုန်းများဖြင့် ရောင်းချပေးမည်

မန္တလေးမြို့နှင့် စစ်ကိုင်းမြို့အတွင်းရှိ ပျက်စီးသွားသည့် အဆောက်အအုံများ ရှင်းလင်းရေးနှင့် ပြန်လည်ဆယ်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတော်မှလည်း ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများအတွက် လိုအပ်သည့် ဘိလပ်မြေ၊ သံနှင့်သွပ်များကိုလည်း နိုင်ငံတော်မှသင့်လျော်သည့် ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လူနေအိမ်များအတွက်လည်း အမျိုးအစားများ အလိုက် သင့်လျော်သည့်နှုန်းထားများဖြင့် ငွေကြေးများထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေး သကဲ့သို့ မိမိတို့ကိုယ်တိုင် မှလည်း ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နေရာချထားမှု Town Plan များ စနစ်တကျ ပြန်လည်ရေးဆွဲပြီး မြို့၏ကောင်းရာ ကောင်းကျိုး အတွက် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိအနေဖြင့်လည်း ကောင်းစေချင်သည့်စိတ်ဖြင့် ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း၊ မြို့တည်ဆောက်ရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရာတွင် ခေတ်နှင့်လျော်ညီသည့် လမ်းများ၊ မြို့ကွက်များဖြစ်ရန်လိုကြောင်း။

 

ရစ်(ခ်)တာစကေး ၈ အဆင့်ထိ ခံနိုင်သည့် အဆောက်အအုံများ တည်ဆောက်ရန်လို

ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခင်မိမိတို့နိုင်ငံ ၌ အမြင့်ဆုံးလှုပ်ခတ်ခဲ့သည့် ရစ်(ခ်)တာ စကေး ၈ အဆင့်ထိခံနိုင်သည့် အဆောက်အအုံ၊ လမ်းတံတားများဖြစ်အောင် တည်ဆောက်သွားကြရန်လိုကြောင်း၊ အဆောက်အအုံများ တည်ဆောက်ရာတွင် အင်ဂျင်နီယာရှုထောင့်မှကြည့်၍ အင်ဂျင်နီယာဆိုင်ရာ သတ်မှတ်ချက်များ နှင့်အညီ တည်ဆောက်ပြီး ငလျင်ဒဏ်ခံနိုင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့ လက်ထက်တွင် စနစ်တကျ တည်ဆောက်မှုများသည် မိမိတို့၏ နောင်လာနောက်သား မျိုးဆက်များအတွက်ပင်ဖြစ်သဖြင့် ရေရှည်ကိုကြည့်၍ ဆောင်ရွက် သွားကြရန်လိုကြောင်း၊ သဘာဝဘေးအန္တရာယ်မှာ ရှောင်လွှဲ၍မရကြောင်း၊ ယခုကဲ့သို့ သဘာဝဘေးဒဏ် ကြောင့် ပျက်စီးသွားသည့် အဆောက်အအုံများအား ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပျက်စီးသွားသည့် အဟောင်းများနေရာတွင် အသစ်များဖြင့် အစားထိုးတည်ဆောက်နိုင်ရုံသာမက ယခင်ထက် ပိုမိုသာလွန်ကောင်းမွန်စွာ တည်ဆောက်သွားမည်ဟူသော စိတ်ဓာတ်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း။

ငလျင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သကဲ့သို့ မိမိတို့ဒေသအလိုက်ရှိ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များနှင့် MSME ထုတ်ကုန်များကိုလည်း တိုးတက်ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဒေသတွင်းထုတ်ကုန်များ တိုးတက်ခြင်းဖြင့် ဒေသစီးပွားတိုးတက်ရေးကို များစွာအထောက်အကူပြုစေမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ရေလုံလောက်စွာရရှိရေး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မြစ်ရေတင် လုပ်ငန်းများကို ဆောင်ရွက်သွားရန် လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် မိမိတို့ဒေသအလိုက်ရှိ ပြည်သူလူထုကို နားလည်သိရှိအောင် တိုက်တွန်း ပြောကြား၍ စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်ထွန်းအောင် ဆောင်ရွက်ပေးကြစေလို ကြောင်း။

 

Green City ၊ Clean City ၊ Smart City ဖြစ်စေရေး ဝိုင်းဝန်းကြိုးပမ်း

ငလျင်ဘေးဒဏ်နှင့် ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ယခင်ကထက် ပိုမို တိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ Green City ၊ Clean City ၊ Smart City ဖြစ်စေရေး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသတွင်းပညာတတ်များ ပေါကြွယ်ဝလာမှသာ ဒေသဖွံ့ဖြိုးတိုးတက် ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ပညာတတ်များ ပေါကြွယ်ဝရေးအတွက် လာမည့်ပညာသင်နှစ်တွင် ကျောင်းနေ အရွယ် ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးကြစေလိုကြောင်း၊ အသက်အရွယ်ကြီးရင့်ပြီး အတန်းပညာ မတက်ရောက်ခဲ့ရသူများအတွက်လည်း စာကြည့်တိုက်များ၊ ပညာပေးအစီအစဉ် များနှင့် ကျောင်းပြင်ပ ပညာရေးကို ဆောင်ရွက်ပေးသွားကြစေလိုကြောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရသည့် စာသင်ကျောင်းများ အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရေး မိမိတို့အနေဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း။

 

ခုတင် ၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး အဖြစ် အဆင့်မြှင့်တင်တည်ဆောက်

ကျန်းမာမှသာ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်ကိုင်းမြို့ရှိ ခုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးအား ခုတင် ၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ပေးသွား မည်ဖြစ်ကြောင်း၊ အလားတူ စစ်ကိုင်းမြို့ နှစ်(၇၀၀) အားကစားကွင်းကြီးကိုလည်း ပွဲကြည့်စင်ပါဝင်သည့် အဆင့်မီအားကစား ကွင်းကြီးအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှဒေသအတွက် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသကဲ့သို့ ဒေသတွင်းနေထိုင်သူများအနေဖြင့်လည်း ရေရှည်တည်တံ့ခိုင်မြဲစေရေး ဆောင်ရွက်ပေးသွား ကြစေလိုကြောင်း၊ မိမိတို့ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုပါရပ်ရွာတွင် နေထိုင်ကြသူများတွင် တာဝန်ရှိ ကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသအလိုက် တိုးတက်စေရေးအားလုံးမှ ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား လိုကြောင်းဖြင့် ပြောကြားသည်။

 

ငွေကျပ် ဘီလီယံ ၅၀ ပေးအပ်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသကြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ် ဘီလီယံ ၅၀ ကိုပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ် ဘီလီယံ ၆၀ ကို ပေးအပ်ရာ ရပ်မိရပ်ဖ တစ်ဦးကလည်းကောင်း လက်ခံရယူသည်။

 

ယင်းနောက် ရပ်မိရပ်ဖများက ယခုကဲ့သို့ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ပြီးချိန်တွင် နိုင်ငံတော် အကြီးအကဲကိုယ်တိုင် မိမိတို့ဒေသများသို့ နှစ်ကြိမ်တိုင်တိုင်လာရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လာရောက်ဝိုင်းဝန်း ဆောင်ရွက်ပေးမှုအပေါ် မိမိတို့အနေဖြင့် ကျေးဇူးတင်ရှိပါ ကြောင်း၊ ထို့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပိုမိုမြန်ဆန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေး မမျှော်လင့်သောရန်ပုံငွေများ ပေးအပ်မှုအတွက်လည်း ရပ်မိရပ်ဖများအနေဖြင့် အထူးကျေးဇူးတင် ဝမ်းမြောက်ပါကြောင်း ပြောကြားပြီး စာသင်ကျောင်းများ ပြန်လည်ပြင်ဆင်ပေးရန် လိုအပ်မှု၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများ ဖယ်ရှားရှင်းလင်းရန်အတွက် စက်ပစ္စည်းကိရိယာများ ထပ်မံလိုအပ်မှု အခြေအနေများကို အသီးသီး ပြောကြားကြရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ရပ်မိရပ်ဖများ နှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်