နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စိန့်ပီတာစဘတ်အစိုးရအဖွဲ့ အကြီးအကဲနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇူလိုင်  ၁၅

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင် ၁၄ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့အကြီးအကဲ Mr.Alexander Beglov နှင့် အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံဆွေးနွေးသည်။

 

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင် မန်းငြိမ်းမောင်၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် စစ်ဘက်၊ နယ်ဘက်မှ အရာရှိကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ်မိုးကျော် တို့တက်ရောက်ကြပြီး စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ အကြီးအကဲနှင့်အတူ ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌနှင့် စိန့်ပီတာ စဘတ်မြို့ အစိုးရအဖွဲ့ဝင်အရာရှိကြီးများ တက်ရောက်ကြသည်။

 

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား ခင်မင်ရင်းနှီးစွာကြိုဆို ကြောင်းနှင့် ရုရှား-မြန်မာ နှစ်နိုင်ငံကောင်းမွန်သည့် ဆက်ဆံရေးသမိုင်းကြောင်းသည် နှစ်ပေါင်း ၇၅ နှစ် ကျော်ရှိပြီဖြစ်သည့် အခြေအနေများ၊ စိန့်ပီတာစဘတ်မြို့ အခြေစိုက်ကုမ္ပဏီများအနေဖြင့် မြန်မာ နိုင်ငံရှိ စိုက်ပျိုးရေး လုပ်ငန်းများတွင် လာရောက်ပူးပေါင်းဆောင်ရွက်လိုသည့် အခြေအနေများအပြင် ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်၊ ပညာရေးနယ်ပယ်၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှုနယ်ပယ်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်၊ ဘာသာသာသနာထွန်းကား ပြန့်ပွားရေးအတွက် ယဉ်ကျေးမှု ဖလှယ်ရေးရာနယ်ပယ် စသည်ဖြင့် နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်နိုင်မည့် အခြေအနေများ။

 

မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်အပြင် ကောင်းမွန်သည့်မူဝါဒများ ချမှတ်၍  နိုင်ငံတော်အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေဖြင့် အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများ၊ ဇူလိုင်လ ၁ ရက်တွင် မြန်မာနိုင်ငံအနေဖြင့် ရုရှားနိုင်ငံသား များကို မိတ်ဆွေရင်းနိုင်ငံပီသစွာ ဗီဇာကင်းလွတ်ခွင့်ပေးခဲ့သည့်အတွက် ရုရှားဖက်ဒရေးရှင်း နိုင်ငံသားများအားလုံးကိုယ်စား ကျေးဇူးတင်ရှိသည့် အခြေအနေများ၊ စိန့်ပီတာစဘတ်မြို့တွင် မြန်မာနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်နိုင်ရေး အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက် သွားမည့် အခြေအနေများ၊  state level၊ regional level ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် နှစ်နိုင်ငံ နိုင်ငံတော်အဆင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာအောင် ဆောင်ရွက် နိုင်မည်ဖြစ်သည့် အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေး ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် စိန့်ပီတာ စဘတ်မြို့အစိုးရအဖွဲ့ အကြီးအကဲတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေး အပ်ကြပြီး တက်ရောက်လာကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးခွန်းများကို အတူတကွ ဖြေကြားခဲ့ကြသည်။

 

ထို့နောက် စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ အကြီးအကဲက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား အစိုးရအဖွဲ့ရုံး အတွင်းလှည့်လည်ပြသ၍ နိုင်ငံ့ခေါင်းဆောင် များ ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် ရုံးခန်းများနှင့် ရုံးဖွဲ့စည်းဆောင်ရွက်မှုများအား လိုက်လံ ရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)