နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Novosibirsk အစိုးရအဖွဲ့အကြီးအကဲနှင့် တွေ့ဆုံဆွေးနွေး၊ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

နေပြည်တော် ဇူလိုင် ၁၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Novosibirsk မြို့သို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် Novosibirsk အစိုးရအဖွဲ့ အကြီးအကဲ Mr. Andrey Alexandrovich Travnikov နှင့် အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင် မန်းငြိမ်းမောင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ခရီးစဉ်တွင် လိုက်ပါလာသည့် စစ်ဘက်၊ နယ်ဘက် အရာရှိကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးလွင်ဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ်မိုးကျော်တို့ တက်ရောက်ကြပြီး Novosibirsk အစိုးရအဖွဲ့ အကြီးအကဲနှင့်အတူ Higher Military Command School ကျောင်းအုပ်ကြီး၊ သိပ္ပံနှင့်နည်းပညာ၊ ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် အခြားနယ်ပယ်အသီးသီးမှ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် Novosibirsk ဒေသ၏ ပထဝီဆိုင်ရာ အချက်အလက်များအရ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံပို့ကုန်၊ သွင်းကုန်များ အပြန်အလှန် တင်ပို့ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ချိတ်ဆက် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ Novosibirsk နှင့် မြန်မာနိုင်ငံ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲပျံသန်းနိုင်မည့် အခြေအနေများ၊ Novosibirsk ဒေသတွင် နယ်ပယ်ကဏ္ဍ အသီးသီးမှ အဆင့်မြင့် တက္ကသိုလ်ပေါင်း ၂၂ ခု ရှိပြီး နိုင်ငံခြားသား သင်တန်းသားများကိုပါ လက်ခံသင်ကြားပေးလျက်ရှိသည့်အတွက် ပညာရေးနယ်ပယ်တွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပမည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖိုရမ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပေးနိုင်ရေးနှင့် သိပ္ပံနှင့် နည်းပညာကဏ္ဍအတွက် လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်သည့် အခြေအနေများ၊ ယဉ်ကျေးမှု နယ်ပယ်တွင်လည်း အပြန်အလှန် ဖလှယ်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို စစ်ဘက်၊ နယ်ဘက်ကဏ္ဍပေါင်းစုံ၌ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည့် အခြေအနေများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် Novosibirsk အစိုးရအဖွဲ့ အကြီးအကဲတို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များသည်လည်း Novosibirsk မြို့ Marriott Hotel အနီးရှိ ကမ္ဘာ့အကြီးဆုံး ပြဇာတ်ရုံများအနက် တစ်ခုဖြစ်သည့် ရှေးဟောင်းသမိုင်းဝင် Novosibirsk State Academic Opera and Ballet Theatre သို့ ရောက်ရှိ လေ့လာကြရာ ပြဇာတ်ရုံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပြဇာတ်ရုံဆိုင်ရာ အချက်အလက်များအား လိုက်လံ ရှင်းလင်းပြသခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Novosibirskမြို့၊ Tolmachevo လေဆိပ်မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)မှအထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာရာ Novosibirsk အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ Higher Military Command School ကျောင်းအုပ်ကြီး၊ တပ်မ ၄၁ ယာယီတပ်မမှူးနှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့် တာဝန်ရှိသူများက လေဆိပ်တွင် လိုက်လံပို့ဆောင် နှုတ်ဆက်ကြသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကိုယ်စားလှယ် အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားကြသည့် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီဝင် မန်းငြိမ်းမောင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသိန်းကျော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ ရန်ကုန် မြို့တော်ဝန် ဦးဗိုလ်ဌေး၊ မြန်မာ့တပ်မတော်မှ ထူးချွန်ဆုရ အရာရှိများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာခဲ့ကြသည်။

ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာလုဂါပြည်နယ် အတနာမီ ကမ္ဘာ့ယဉ်ကျေးမှု မြို့တော်အတွင်းရှိ ရွှေစည်းခုံစေတီတော်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူ ပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကာအနေကဇာတင် မင်္ဂလာအခမ်းအနားပြုလုပ်ခြင်း၊ စစ်ဘက်၊ အရပ်ဘက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့ အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခဲ့ကြပြီး နှစ်နိုင်ငံ အစိုးရနှင့် တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ၊ စစ်ဘက်နည်းပညာဆိုင်ရာကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ သုတေသနလုပ်ငန်းကဏ္ဍ၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍနှင့် အခြားကဏ္ဍ ပေါင်းစုံတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည်။

ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာစံတော်ချိန် ညပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်သို့ ပြန်လည် ရောက်ရှိကြရာ ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံရုံးမှ သံရုံးဒုတိယ အကြီးအကဲ Mr. Pavel A.KLABUKOV နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်