နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Eastern Economic Forum-2022 ရှိ Exhibition အတွင်း ခင်းကျင်းပြသထားမှုများအား လေ့လာကြည့်ရှု၊  Rosatom State Corporations  မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေး

နေပြည်တော်     စက်တင်ဘာ    ၆

(၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်(The 7th Eastern Economic Forum-2022)ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University(FEFU)၌ စက်တင်ဘာ ၅ ရက် တွင် စတင်ဖွင့်လှစ်ခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုများ၊ နားလည်မှုစာချွန်လွှာရေးထိုးပွဲများ၊ တွေ့ဆုံမေးမြန်းမှုများကို ဆောင်ရွက်လျက်ရှိကြပြီး ကဏ္ဍပေါင်းစုံအလိုက် ပြခန်းများလည်း ခင်းကျင်းပြသထားသည်။

 

ထိုသို့ Eastern Economic Forum-2022 ရှိ Exhibition အတွင်း  ခင်းကျင်းပြသထားသည့် ပြခန်းများအား ရုရှား ဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့်အဖွဲ့ဝင်များက ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုလေ့လာကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   အဖွဲ့ဝင်များသည်   RZD Russian Railways ကုမ္ပဏီပြခန်းသို့ ရောက်ရှိကြရာ ပြခန်းတာဝန်ခံများက  မီးရထား လမ်းကြောင်း နည်းပညာများနှင့် ဝန်ဆောင်မှုပေးနိုင်သည့်အခြေ အနေများကို    ရှင်းလင်းတင်ပြရာ  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

 

ယင်းနောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး Rus Hydro Hydroelectric power generation company ပြခန်း၊   ငွေကြေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ VEB.RF Investment company ပြခန်း၊ Aeroflot Airline ပြခန်းတို့သို့         ရောက်ရှိလေ့လာခဲ့ရာ ပြခန်းများအလိုက်    တာဝန်ခံများက   လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများနှင့်      ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။      ရှင်းလင်းတင်ပြမှုများအပေါ်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက သိရှိလိုသည်များ ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြသည်။

 

ထို့နောက်    မွန်းလွဲပိုင်းတွင်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း Rosatom State Corporations ၏   အမှုဆောင် အရာရှိချုပ် Mr. Alexey Evgenievich Likhachev ဦးဆောင်သည့်အဖွဲ့ဝင်များအား FEFU Campus အတွင်းတွေ့ဆုံ၍  နျူကလီးယား စွမ်းအင်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များတွင် အတွေ့အကြုံနှင့် နည်းပညာများကို လေ့လာခွင့် ရရှိနိုင်မည့် အခြေအနေများနှင့် နှစ်နိုင်ငံပြည်သူလူထု အကျိုးရှိ စေနိုင်မည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက် နိုင်မည့် အခြေအနေများ၊ နျူကလီးယားစွမ်းအင်ကို နိုင်ငံသူ၊ နိုင်ငံသားများ၏ လူမှုဘဝ စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက်    ငြိမ်းချမ်းစွာအသုံးပြုနိုင်ရန်    ပူးပေါင်းဆောင်ရွက်မှုအတွက် လုပ်ငန်းစဉ်များ (Road Map) ချမှတ် ဆောင်ရွက်မည့် အစီအစဉ်များ၊ နျူကလီးယားစွမ်းအင်ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ကဲ့သို့သော လုပ်ငန်း အပါအဝင် သိပ္ပံနှင့် သုတေသနစမ်းသပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊ စက်မှုကဏ္ဍနှင့် ကဏ္ဍပေါင်းစုံတွင် အကျိုးရှိစွာ အသုံးပြုဆောင်ရွက် နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍   ဆွေးနွေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် Rosatom State Corporations ၏ အမှုဆောင်အရာရှိချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ  အပြန်အလှန် ပေးအပ်ကြသည်။

 

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့နှင့်  ရုရှားနိုင်ငံပိုင်  အဏုမြူကော်ပိုရေးရှင်း Rosatom State Corporations တို့အကြား       ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကို   ဆက်လက်ဆောင်ရွက်ကြရာ Rosatom State Corporations ၏ အမှုဆောင်အရာရှိချုပ် Mr. Alexey Evgenievich Likhachev၊     သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာမျိုးသိန်းကျော်၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်တို့က  ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရှေ့မှောက်တွင်       နားလည်မှု စာချွန်လွှာများကို အသီးသီးလက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်