နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း ထိန်းသိမ်းထားရှိမှုတို့အား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နေ့လယ်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ် ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဥယျာဉ်ရှင်းလင်းဆောင်ခန်းမတွင် ဥယျာဉ်မှတာဝန်ရှိသူများက အမျိုးသား ကန်တော်ကြီးဥယျာဉ်ဆိုင်ရာ အချက်အလက်များ၊ ဥယျာဉ်အတွင်းရှိ ရေကန်များ၌ သစ်ပင်သစ်တောများ ပြုန်းတီးခြင်းကြောင့် ရေအရင်းအမြစ်များအားနည်းလာခြင်း၊ သဘာဝရေထွက်များမှ ရေထွက်ရှိမှုမရှိခြင်း၊ ဒေသတွင်းအပူချိန်နှုန်းထား မြင့်မားလာခြင်း၊ ရေဝင်ပေါက်များမှ ရေဝင်ရောက်မှု အားနည်းခြင်းနှင့် အခြားအကြောင်း အမျိုးမျိုးကြောင့် ဥယျာဉ်အတွင်းရှိ ရေကန်များတွင် ရေခမ်းခြောက်မှုများ ကြုံတွေ့ခဲ့ရသည့် အခြေအနေများ၊ ထိုသို့ ကြုံတွေ့ခဲ့ရမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၁ ခုနှစ်အတွင်း လာရောက်ခဲ့သည့် ခရီးစဉ်လမ်းညွှန်ချက်နှင့်အညီ ကန်တော်ကြီး ဥယျာဉ်အတွင်းရှိ ရေကန်များသို့ ရေဝင်ရောက်သည့် ရေဝင်ပေါက်များ၊ စိမ့်စမ်းနေရာများ၊ မြေအောက်ရေနုတ်မြောင်းများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် မွမ်းမံပြင်ဆင်မှုများ ရေလမ်းကြောင်း ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့မှုကြောင့် ရေဝင်ပေါက်များမှ ရေများပြန်လည်စီးဝင်လျက်ရှိသည့် အခြေအနေများ၊ ဥယျာဉ်သန့်ရှင်းသာယာ လှပရေးအတွက် ဥယျာဉ်ဝန်ထမ်းများဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ၁၅ ကြိမ်မြောက် ပန်းပွဲတော်ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော် ဝန်ကြီးချုပ်က ကန်တော်ကြီးဥယျာဉ်သည် ဥယျာဉ်အတွင်းရှိကန်များ၌ ရေများပြည့်လျှံပြီး သစ်ပင်ပန်းမန်အလှအပများဖြင့် လှပနေသည့်အတွက် ၎င်းရေကန်ကြီးကိုအစွဲပြုပြီး ကန်တော်ကြီးဥယျာဉ်ဟု ခေါ်ဆိုခြင်းဖြစ်ကြောင်း၊ ဥယျာဉ်၏အသက်သည် ရေကန်များပင်ဖြစ်ကြောင်း၊ ဥယျာဉ်သို့လာရောက်လည်ပတ်သူများကို အဓိကဆွဲဆောင်ထားသည့် ရေကန်များသာယာလှပရန်နှင့် ရေကိုစနစ်တကျ ထိန်းသိမ်းထားရှိမှသာလျင် လာရောက်လည်ပတ်သူများကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ ရေဝင်ရောက်ရန်နှင့် ရေကိုထိန်းသိမ်းနိုင်ရေး အတွက် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်၍ ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း။

ရေကန်တို့တွင် လူလုပ်ရေကန်နှင့် သဘာဝအလျောက်ဖြစ်ပေါ်နေသည့် ရေကန်ဟူ၍ရှိပြီး ကန်တော်ကြီး ဥယျာဉ်အတွင်းရှိရေကန်များသည် နှစ်မျိုးလုံး ပေါင်းစပ်ထားရှိသည့် ရေကန်အမျိုးအစားများဖြစ်ကြောင်း၊ ယင်းကို ပန်းခြံများဖြင့် အလှဆင်ထားခြင်းဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့ကို တောင်ပေါ် အပန်းဖြေမြို့တော်၊ ချယ်ရီမြို့တော်၊ ပန်းမြို့တော်ဟု ခေါ်ဆိုကြသည်နှင့်အညီ ဒေသမျိုးရင်း ပန်းများ ဥယျာဉ်အတွင်းမြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ဖူးပွင့်လှပနေစေရေး ဖော်ထုတ်စိုက်ပျိုးကြ ရမည်ဖြစ်ကြောင်း၊ ဒေသမျိုးကို ထိန်းသိမ်းနိုင်ရန်နှင့် ခိုင်မာမှုရှိရန် ပန်းသုတေသနခြံကိုလည်း ဆောင်ရွက်ရန်လိုကြောင်း၊ ဆယ့်နှစ်လရာသီပတ်လုံး ဖူးပွင့်နိုင်သည့် ပန်းမျိုးစုံရှိသည့်အတွက် ဒေသသို့လာရောက်သည့် ခရီးသွားအပန်းဖြေသူ ဧည့်သည်များ မည်သည့်အချိန်တွင် လာရောက်သည်ဖြစ်စေ စိတ်ချမ်းသာမှုရှိစေရေး ပန်းများ အမြဲမပြတ်ဖူးပွင့်လှပနေအောင် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပန်းတို့၏ သဘောသည် လူကို လန်းဆန်းစေပြီး ကန်ရေပြင်နှင့် အေးမြလတ်ဆတ်သည့် ရေထု၊ လေထုတို့ဖြင့် မြို့ကို လာရောက်သူများ စိတ်အေးချမ်းမှုရရှိစေရန် ပေးစွမ်းနိုင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကန်တော်ကြီးဥယျာဉ် စိမ်းလန်းစိုပြေစေရေး၊ ရေကန်များ ရေဝင်ရေထွက်ကောင်းမွန်စေရေး တာဝန်ရှိသူတို့က ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန် လိုကြောင်းဖြင့် ဆွေးနွေးမှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ကန်တော်လေး ရေပိုလွှဲတိုးချဲ့ တည်ဆောက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

အဆိုပါ အမျိုးသားကန်တော်ကြီးဥယျာဉ်တော်အတွင်းရှိ ရေကန်များသို့ ယခင်နှစ်ပိုင်းက ရေဝင်ရောက်မှုများ နည်းပါးနေသည့်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၁ ခုနှစ် စက်တင်ဘာလနှင့် ဒီဇင်ဘာလ၊ ၂၀၂၂ ခုနှစ် ဧပြီလ တို့အတွင်း ပြင်ဦးလွင်မြို့သို့ လာရောက်သည့် ခရီးစဉ်များတွင် ကန်တော်ကြီး ရေကန်များ၏ ရေဝေရေလဲကောင်းမွန်စေရေးနှင့် ရေဝင်ရောက်မှုများများပြားစေရေးအတွက် ဥယျာဉ်တော် အတွင်းနှင့် ရေဝေရေလဲဧရိယာအတွင်းရှိ ညောင်နီရေထွက်အပါအဝင် သဘာဝရေထွက်များအားလိုက်လံကြည့်ရှု လမ်းညွှန်မှာကြားချက်အရ သက်ဆိုင်ရာဌာနများမှ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်တွင် ကန်တော်ကြီးအတွင်း ရေဝင်ရောက်မှုမှာ ယခင်နှစ် စစ်ဆေးစဉ် ရေလှောင်ကန်အတွင်း ကန်ရေအနက်ပေ ၁၆ ပေသာ ရှိခဲ့ရာမှ ယခုအခါတွင် ပေ ၃၁ ဒသမ ၈ ပေသို့ ရောက်ရှိလာပြီဖြစ်ကြောင်းနှင့် ကန်အမှတ် ၁ တွင် ရေပြည့်အမှတ် ၆ ပေရှိ သည့်အနက် လက်ရှိရေအမှတ် ၆ ဒဿမ ၅ ပေ၊ ကန်အမှတ် ၂ တွင် ရေပြည့်အမှတ် ၇ ပေရှိသည့်အနက် လက်ရှိရေအမှတ် ၇ ပေ၊ ကန်အမှတ် ၃ တွင် ရေပြည့်အမှတ် ၁၁ ပေ ရှိသည့် အနက် လက်ရှိရေအမှတ် ၈ ဒဿမ ၈ ပေရှိကြောင်းသိရှိရပြီး ရေအရင်းအမြစ် ထိန်းသိမ်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းတွင်လည်း ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (B.E FALLS) သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS) သမိုင်းအကျဉ်း၊ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ အများပြည်သူများ လာရောက်အပန်းဖြေမှု အခြေ အနေများ၊ တောတွင်းလျှောက်လမ်းများတိုးချဲ့ရန် ဆောင်ရွက်နေမှုနှင့် Sky Cable တည်ဆောက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အပန်းဖြေစခန်းအတွင်း ပြည်သူများစိတ်ချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရေးအတွက် အမြဲသန့်ရှင်းသာယာ လှပအောင်ဆောင်ရွက်ရန်နှင့် တောတွင်းလျှောက်လမ်းများတွင် ရေညှိများကပ်ငြိမှု မရှိစေရေး စနစ်တကျဆောင်ရွက်ရန်တို့အား မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် Sky Cable တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (B.E FALLS) အတွင်း လှည့်လည်ကြည်ရှုကာ လာရောက်အပန်းဖြေ အနားယူနေကြသည့် ပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် ဆင်ကလေးများ၏ ကျွမ်းကျင်မှုနှင့်အလှပြ ပြကွက်များကို ကြည့်ရှုအားပေးကာ အစာကျွေးကြပြီး ချီးမြှင့်ငွေများပေးအပ်သည်။ ၎င်းနောက်ရေတံခွန်သို့ လာရောက်လည်ပတ်အပန်းဖြေသူများ သဘာဝတောတွင်း အလှအပများကို လှည့်လည်ကြည့်ရှုနိုင်ရန် ဖောက်လုပ်ထားသည့် တောတွင်းလျှောက်လမ်းအား လှည့်လည်ကြည့်ရှုပြီး Sky Cable ဆင်းသက်မည့် နေရာတည်ဆောက်နေမှုကို ကြည်ရှုစစ်ဆေးခဲ့သည်။

ပွဲကောက်ရေတံခွန်သည် ယခင်က စနစ်ကျသည့် အကွက်ချမှုမရှိခြင်း၊ ဈေးဆိုင် ခန်းများ များပြားလာခြင်း၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း၊ သစ်ပင်များ ခုတ်လှဲခြင်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်လာခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန်ချက်များအရ အဆင့်မြှင့်တင်ပြုပြင် ထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေတံခွန်အတွင်း ရေသန့်စင်စေရေးသဘာဝ ရေသန့်စင်စနစ်ကို အသုံးပြုထားသဖြင့် ရေကစားလိုသူများအနေဖြင့်လည်း သန့်ရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်စွာ ရေကစားမှု ပြုနိုင်မည်ဖြစ်ကြောင်း၊ အပန်းဖြေစခန်း အတွင်းရေတံခွန် ၃ ခုရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံး LED မှန်တံတားကိုလည်း ကမ္ဘာ့အဆင့်မီစွာဖြင့် ထည့်သွင်းဆောက်လုပ်ထားကာ မှန်တံတား အောက်ခြေရှုခင်းများကို ရင်ခုန်စိတ်လှုပ်ရှားစွာခံစားနိုင်မည်ဖြစ်ကြောင်း၊ ပန်းမြို့တော်၊ ခရီးသွားမြို့တော် ဖြစ်သည်နှင့်အညီ ပန်းမျိုးစုံကို စိုက်ပျိုးထားရှိပြီး နှစ်စဉ်ပန်းပွဲတော်များကို လည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လာရောက်လည်ပတ်သူများ စိတ်အပန်းပြေစေရန်ရည်ရွယ်၍ အဆင့်မြှင့်တင်ဆောင်ရွက်ထားပြီး မှန်တံတား၊ ကြိုးတံတားများအပြင် log house၊ coffee shop၊ တောတွင်း လျှောက်လမ်းများ၊ အပန်းဖြေနေရာများ၊ ကလေးကစားကွင်းများ စသည်တို့ကို ပြည့်စုံအောင် ထည့်သွင်းအဆင့်မြှင့်တင်ထားရှိသည့်အပြင် ယခုအခါတွင် အရှည် ၅၅၄ မီတာရှိ Sky Cable ကိုလည်း တည်ဆောက်လျက်ရှိပြီး မကြာမီအချိန်အတွင်း ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်