နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများအား သွားရောက်ကြည့်ရှု၊ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်

နေပြည်တော် ဧပြီ ၃၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင် ကျောင်းတိုက်ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တဓမ္မသီရိအား ကျန်းမာရေး စောင့်ရှောက်မှု ပေးထားသည့် အခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးထားသည့် အခြေအနေများကိုကြည့်ရှုရာ တာဝန်ရှိသူများက ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများကို မပြတ်စောင့်ကြည့်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ ကိုယ်ခံစွမ်းအားရှိစေရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေးတို့အတွက်ကိုလည်း ဆောင်ရွက်ပေးရန်နှင့် အခြားလိုအပ်သည်များကို အလေးထားမှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဆရာတော်ကြီးအားလှူဖွယ်ပစ္စည်းများ၊ ဆေးပစ္စည်းများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် နဂါးနှစ်ကောင်ကျောင်းတိုက် လက်ထောက်ကျောင်းထိုင် ဆရာတော်ဘဒ္ဒန္တသုဓမ္မ အားဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းရာ ဆရာတော်ကဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယကဆရာတော်ကြီး၏ ကျန်းမာရေးနှင့်ပတ်သက်၍ အထူးအလေးထားစောင့်ကြည့်ကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး၊ ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေအရ ဧည့်တွေ့ဖူးမြော်မှုများကိုလည်း စနစ်တကျဖြစ်စေရေးတို့နှင့် ပတ်သက်၍ တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်