နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  နာဂရိုးရာနှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်          

 

နေပြည်တော်၊ ဇန်နဝါရီ  ၁၅

 

နာဂရိုးရာ  နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနား ကျင်းပမည့် လဟယ်မြို့သို့ရောက်ရှိကြရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်း ထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ နာဂတိုင်းရင်းသား မျိုးနွယ်စုများက ရိုးရာအကအလှများဖြင့် လှိုက်လှဲနွေးထွေးစွာ ခရီးဦးကြိုနှုတ်ဆက်ကြသည်။

 

ရိုးရာကွင်းသို့ရောက်ရှိ

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အခမ်းအနားကျင်းပမည့် လဟယ်မြို့ ရိုးရာကွင်းသို့ရောက်ရှိ နေရာ ယူကြသည်။

 

mdn

 

အဆိုပါ နာဂရိုးရာနှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊  Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဦးလှမိုး၊ ဦးသောင်းဟန်၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ နာဂရိုးရာ စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ဗဟို) နာယက ဦးမောင်ဉာဏ်နှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ နာဂ မျိုးနွယ်စု တိုင်းရင်းသားရိုးရာ အကအဖွဲ့များ၊ နာဂတိုင်းရင်း သား၊ တိုင်းရင်းသူများ တက်ရောက်ကြသည်။ 

 

နာဂရိုးရာနှစ်သစ်ကူးပွဲတော် အခမ်းအနားကို စတင်ကျင်းပ ပြုလုပ်ရာ အစီအစဉ်အရ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ၂၀၂၃ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်သို့ ယခုကဲ့သို့ကိုယ်တိုင် တက်ရောက်ခွင့်ရသည့်အတွက် လွန်စွာ ဝမ်းမြောက်ဂုဏ်ယူကြောင်းကို ဦးစွာပြောကြားလိုပါကြောင်း၊ မင်္ဂလာရှိလှသည့် နာဂလူမျိုးတို့၏ နှစ်သစ်ကူးပွဲတော်၌ နာဂဒေသအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ နှင့် မိမိတို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ မှီတင်းနေထိုင်ကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရန် ဆုမွန်ကောင်း တောင်းပါကြောင်း။

 

မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများသည် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ မတူကွဲပြားကြသော်လည်း တိုင်းရင်းသားလူမျိုးများအားလုံး မိသားစုစိတ်ဓာတ် မွေးမြူပြီး တစ်ဦးအပေါ် တစ်ဦး တန်ဖိုးထားပြီး လေးစားမှုဖြင့် အတူတကွ နေထိုင်ခဲ့ကြပါကြောင်း၊ မွေးဖွားရာဇာတိ၊ နေထိုင်ရာအရပ်ဒေသ ပြောဆိုသုံးနှုန်းသည့် စာပေ၊ စကား၊ ကိုးကွယ်ယုံကြည်သည့် ဘာသာ၊ လိုက်နာကျင့်သုံးသည့် ဓလေ့ထုံးတမ်း အစဉ်အလာများ မည်ကဲ့သို့ပင် ကွဲပြားစေကာမူ တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်အေးအတူပူအမျှ စည်းလုံး ညီညွတ်စွာဖြင့် ဆွေမျိုးသားချင်း ညီအစ်ကို မောင်နှမများပမာ လက်တွဲ နေထိုင်ခဲ့ကြပါကြောင်း၊ နာဂလူမျိုးဆိုသည်မှာလည်း နာဂတိုင်းရင်းသားတို့၏ မျိုးနွယ်စုတစ်ခုချင်းစီတို့၏ လူမျိုး၊ ဇာတိ၊ ဘာသာ အယူဝါဒ၊ ယုံကြည်ကိုးကွယ်မှုတို့ နှင့် မသက်ဆိုင်ဘဲ အားလုံးသော နာဂမျိုးနွယ်များ၊ မျိုးနွယ်စုများ၊ မိသားစု အနွယ်တူများအားလုံးကို ပေါင်းစည်း ဆိုလိုခြင်းပင်ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် နာဂတိုင်းရင်းသားများ နှင့်  အနယ်နယ်အရပ်ရပ်ရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်းများနှင့်အတူ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ် အလာများကို သားစဉ်မြေးဆက် လက်ဆင့်ကမ်း ထိန်းသိမ်း စောင့်ရှောက်သွားကြရမည် ဖြစ်ပါကြောင်း၊ လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ တိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမှုရိုးရာ ဓလေ့ထုံးတမ်း စဉ်လာများ တိမ်ကောပပျောက်မှု မရှိအောင် အလေးထားထိန်းသိမ်း စောင့်ရှောက်ကြရန် တိုက်တွန်း လိုပါကြောင်း။

 

မိမိတို့ အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အခြေခံမူများဖြစ်သည့် ရှေ့လုပ်ငန်းစဉ်(၅) ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်လျက် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး နှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက် ဖွံ့ဖြိုးရေးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသရွေ့ ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း။

 

ပြည်ထောင်စုကြီး တစ်ခုလုံး ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရန် အတွက်ဆိုပါက နိုင်ငံတော် တစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စုကြီးတစ်ခုလုံး တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်နေမှု အပေါ်၌ ပြည်သူများအနေဖြင့်လည်း မိမိတို့ကျရာအခန်းကဏ္ဍမှ အစိုးရ အဖွဲ့နှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ တည်ငြိမ်အေးချမ်းပြီး ဖြစ်သည့် နာဂဒေသကို ယခုထက် ပိုမိုတည်ငြိမ်အေးချမ်းအောင် နာဂဒေသတွင်ရှိသည့် တိုင်းရင်းသားအားလုံး ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်း။

 

တောင်ပေါ်ဒေသ တစ်ခုဖြစ်သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာတွင်လည်း မိမိတို့ပြည်ထောင်စု အစိုးရ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ တိုင်းရင်းသား ပြည်သူလူထုများက တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင်လည်း တစ်ဦးချင်းစီ တာဝန်ယူတတ်သည့် စိတ်ဓာတ်များ မွေးမြူပြီး စေတနာ အပြည့်ဖြင့် ဆောင်ရွက်ကြရန်လည်း လိုအပ်ပါကြောင်း၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများ၌လည်း ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရန်အတွက် လာရောက် တာဝန်ထမ်းဆောင် ကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့်လည်း စေတနာ၊ မေတ္တာအပြည့်ဖြင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ လူမှု၊ စီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း။

 

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့သည့် ပြည်သူလူထု၏ လူမှုစီးပွား ဘဝနှင့် နိုင်ငံတော်၏ စီးပွားရေး အခြေအနေကို ပြန်လည်မြှင့်တင် နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေမှ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွက် ငွေ ကျပ် ငါးဘီလီယံ မတည်ထောက်ပံ့ ပေးမှုများအပေါ် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် ပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် အကျိုးရှိရှိ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင် ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

 

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့နယ်များ၏ လမ်းပန်းဆက်သွယ်ရေးသည် ယခင်ကထက် ပိုမို ကောင်းမွန်ပြီး မြို့ရွာများ ဖွံ့ဖြိုးတိုးတက်နေကြောင်း သိရှိရသည့်အတွက် သက်ဆိုင်ရာဌာနများ၏ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် နာဂဒေသ၏ လမ်းပန်းဆက်သွယ်ရေး အပါအဝင် ကဏ္ဍအားလုံးကို ယခုထက် ပိုမိုမြှင့်တင်နိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် နာဂတိုင်းရင်းသားများ၏ ပညာရေးကဏ္ဍ၊ လမ်းပန်း ဆက်သွယ်ရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများ အချိုးညီညီဖွံ့ဖြိုးတိုးတက်နိုင်စေရေး ကြိုးပမ်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။

 

ယခုအချိန်သည် နာဂတိုင်းရင်း သားလူမျိုးများ၏ နှစ်သစ်ကူး အချိန်ကာလဖြစ်ပြီး အလွန် မင်္ဂလာရှိလှသည့် နှစ်သစ်ကူးကာလတွင် နာဂတိုင်းရင်းသူ၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ၍ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ပြောကြားသည်။          

 

ယင်းနောက် နာဂရိုးရာနှစ်သစ် ကူးပွဲတော် ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းအား နာဂတိုင်းရင်းသူ အိကျန်ထွေညူ က အကျယ်တဝင့် ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား နာဂ ရိုးရာ စာပေနှင့်ယဉ်ကျေးမှုဗဟို ကော်မတီဥက္ကဋ္ဌ ဦးပေါင်ခုက နှစ်သစ်ကူး အမှတ်တရ လက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။

 

mdn

 

ထို့နောက်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ပစ္စည်းများ၊ စိုက်ပျိုးရေးအထောက် အကူပြုပစ္စည်းများ၊ အားကစားပစ္စည်းများနှင့် စားသောက်ဖွယ်ရာ ပစ္စည်းများကို ပေးအပ်ရာ နာဂရိုးရာ စာပေနှင့် ယဉ်ကျေးမှု ကော်မတီ(ဗဟို)  နာယက ဦးမောင်ဉာဏ်နှင့်အဖွဲ့ဝင်များက လက်ခံ ရယူကြသည်။

 

mdn

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နာဂရိုးရာနှစ်သစ် ကူးပွဲတော်အတွက် ထောက်ပံ့ငွေ ကျပ်သိန်းတစ်ထောင်ကို ပေးအပ်ရာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ က လက်ခံရယူသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နာဂတိုင်းရင်းသူ၊ တိုင်းရင်းသားများ၏ ခမ်ညူငမ်မျိုးနွယ်စု အက၊ လိုင်းနောင်မျိုးနွယ်စု အက၊ မကျန်ပေါင်းညွှမ်မျိုးနွယ်စု အက၊ ကွန်ညှပ်မျိုးနွယ်စု အက၊ ဂုဏ်ဝမ် ပုံညိုမျိုးနွယ်စု အက၊ ပြည်ထောင်စု၏ ထာဝရအလှများသီချင်း စသည်တို့ဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး တည်ခင်းဧည့်ခံသည့် ရိုးရာအစား အစာများကို သုံးဆောင်ကြသည်။

 

သီဆိုကပြဖျော်ဖြေမှုများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က နာဂရိုးရာတိုင်းရင်းသား အကအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နာဂရိုးရာပြခန်းများအတွင်း လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်း ပြသကြသည်။

 

mdn

 

ညပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နာဂရိုးရာယဉ်ကျေး မှုမီးပုံပွဲသို့ တက်ရောက်ပြီး ဒေသခံ တိုင်းရင်းသားများနှင့် အတူတကွ ပါဝင်ဆင်နွှဲသည်။ ဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် လဟယ်မြို့နယ် နာဂ ရိုးရာယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌတို့သည် နာဂရိုးရာယဉ်ကျေးမှု မီးပုံပွဲကို မီးထွန်းညှိဖွင့်လှစ်ပေးသည်။

 

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နာဂရိုးရာအကအလှများဖြင့် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေး ခဲ့ပြီး အတူတကွ ပါဝင်ဆင်နွှဲခဲ့သည်။

 

ထို့နောက် နာဂမျိုးနွယ်စုအက အဖွဲ့များအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ ကောင်စီဝင်များ နှင့် ပြည်ထောင်စုဝန်ကြီးများကိုယ်စား ကောင်စီဝင် Jeng Phang နော်တောင်က ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း အသီးသီး ပေးအပ်ကြရာ နာဂမျိုးနွယ်စုအက အဖွဲ့များကိုယ်စား တာဝန်ရှိသူများက လက်ခံရယူကြသည်။

 

mdn

 

၎င်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရိုးရာအကအလှ အဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများအား ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်ခဲ့ကြသည်။

 

အဆိုပါ နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်ကို နာဂရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများ၊ ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်စေရေးအတွက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်၊ နာဂရိုးရာယဉ်ကျေးမှု အနုပညာများကို  ဖော်ထုတ်၍ ထိန်းသိမ်းမြှင့်တင်ဆောင်ရွက်ရန်၊ နာဂတိုင်းရင်းသားလူမျိုးစုများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်နားလည်မှုများ ပိုမို ရရှိလာနိုင်စေရန်၊ နာဂဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် နာဂတိုင်းရင်းသားများ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်သွား နိုင်ရန်နှင့် နာဂမျိုးနွယ်စုအချင်းချင်း ရင်းနှီးချစ်ကြည်မှုကို အခြေခံ၍ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ကာ ပြည်ထောင်စုစိတ်ဓာတ် ထွန်းကား လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ယခင်က မြို့နယ်တစ်ခု ချင်းစီအလိုက် ကျင်းပပြုလုပ်ခဲ့ ခြင်းဖြစ်သော်လည်း ၁၉၉၂ ခုနှစ် မှစပြီး နာဂဒေသရှိမြို့နယ်များအတွင်း အလှည့်ကျကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း၊ နာဂရိုးရာ ပွဲတော်သို့ ပြည်တွင်း၊ ပြည်ပမှ ခရီးသွား ဧည့်သည်များသည်လည်း စိတ်ဝင်တစားဖြင့် လာရောက်ကြည့်ရှုလေ့လာကြပြီး မီးပုံပွဲများတွင်လည်း ပျော်ရွှင်စွာဖြင့်အတူတကွ ပါဝင်ဆင်နွှဲလေ့ ရှိကြကြောင်း သိရသည်။

 

သတင်းစဉ်