နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးနှင့် ဖိုရမ်ဖြစ်မြောက်ရေးကော်မတီ အထူးအတွင်းရေးမှူး Mr. Anton Kobyakov နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်   စက်တင်ဘာ    ၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌   ရောက်ရှိနေသည့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်    ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏  အကြံပေးနှင့် ဖိုရမ်ဖြစ်မြောက်ရေး ကော်မတီ အထူးအတွင်းရေးမှူး Mr. Anton Kobyakov နှင့် ယနေ့ဒေသစံတော်ချိန် ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့  FEFU Campus   အတွင်း၌  တွေ့ဆုံဆွေးနွေးသည်။

 

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီ တွဲဖက်အတွင်းရေးမှူး  ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊  ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ  သံအမတ်ကြီး ဦးလွင်ဦးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်  မိုးကျော်တို့  တက်ရောက်ကြပြီး   ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏ အကြံပေးနှင့် ဖိုရမ် ဖြစ်မြောက်ရေးကော်မတီ အထူးအတွင်းရေးမှူးနှင့် အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  Colonel General Alexander Vasilievich Fomin နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ထိုသို့တွေ့ဆုံရာတွင် (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022)ကို တက်ရောက်နိုင်ရေး  ဖိတ်ကြားခဲ့သည့် အခြေအနေများနှင့် ဧည့်ဝတ်ကျေပွန်မှုများအတွက် ကျေးဇူးတင်ရှိသည့် အခြေအနေများ၊ လာမည့်နှစ်တွင်  ရုရှားဖက်ဒရေး ရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား သံတမန်ဆက်ဆံမှု ၇၅ နှစ်ပြည့်မြောက် မည်ဖြစ်ပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား၊ တပ်မတော်နှစ်ရပ်အကြား မိတ်ဆွေကောင်း ပီသစွာဖြင့် ဆက်ဆံရေးကောင်းများကို တည်ဆောက် နိုင်ခဲ့သည့် အခြေအနေများ၊ စစ်ဘက်နည်းပညာ  ပူးပေါင်း ဆောင်ရွက်မှုကဏ္ဍတွင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သကဲ့သို့ အရပ်ဘက်ဆက်ဆံရေး၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကဏ္ဍတို့တွင်လည်း ခိုင်မာသည့် ဆက်ဆံရေးသမိုင်းကောင်းကို တည်ဆောက် နိုင်ခဲ့သည့် အခြေအနေများ၊  ရုရှား-မြန်မာ   မိတ်ဆွေညီအစ်ကို နိုင်ငံနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍအသစ်များကိုလည်း ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊  ကုန်သွယ်မှုကဏ္ဍမြှင့်တင်ရေးတို့အတွက်  တိုက်ရိုက်လေကြောင်းလိုင်းများ ပြေးဆွဲရေး   ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊  နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့်   ကဏ္ဍပေါင်းစုံ ပူးပေါင်း ဆောင်ရွက်မှုများ  တိုးမြှင့်ခိုင်မာရေး ဆက်လက်ဆောင်ရွက် သွားမည့်အခြေအနေများအား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲအပြီးတွင်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ၏ အကြံပေးနှင့်    ဖိုရမ်ဖြစ်မြောက်ရေးကော်မတီ    အထူးအတွင်းရေးမှူးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း  သတင်းရရှိသည်။

သတင်းစဉ်