နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ပြန်လည်ရှင်းလင်း

နေပြည်တော် ဩဂုတ် ၂၉

 

အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ) သံရည်ကျိုမီးဖို အမှတ်(၁) ပြန်လည်စတင်ခြင်း ဖွင့်ပွဲအခမ်းအနား၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည့်အခမ်းအနား၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ BPI Pharmaceutical Museum နှင့် မြွေဆိပ်ဖြေဆေး အေးခဲခြောက် ထုတ်လုပ်ရေးစက် (Freeze Dryer Machine) စတင် သုံးစွဲသည့် အခမ်းအနားတို့တွင် ပြောကြားခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့် ပြန်လည်ရှင်းလင်းသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီး ဌာန၌ ကျင်းပသည်။

 

အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး စက်ရုံ၊ အလုပ်ရုံများမှ စက်ရုံမှူးများ၊ စိုက်ကွင်း၊ စိုက်ခြံတာဝန်ခံများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတို့မှ ဦးစီးမှူးများ၊ စက်မှုသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

 

လက်တွေ့ကျသည့်အစီအမံများဖြင့် ပံ့ပိုးဆောင်ရွက်

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ပြန်လည်ရှင်းလင်းပြောကြားပြီး နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို စက်မှုဝန်ကြီးဌာနအနေဖြင့် မူဝါဒအဖြစ်သတ်မှတ်၍ အမြန်ဆုံးအောင်မြင်အောင် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)၊ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)နှင့် ဆေးဝါးစက်ရုံ(အင်းစိန်)၊ ဆေးဝါးစက်ရုံ (အင်ရောင်း)တို့တွင် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နေသကဲ့သို့ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကျန်ရှိသည့်စက်ရုံ၊ အလုပ်ရုံများ ကလည်း ဆောင်ရွက်ရန်လိုကြောင်း၊ စက်မှုဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျသည့် အစီအမံများဖြင့် ပံ့ပိုးဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ စက်မှုသင်တန်းကျောင်းဆင်း များဖြစ်သည့်  စက်မှုကျွမ်းကျင်လုပ်သားများကို နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများတွင် ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်