နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရိုးရိုးယဉ်ယဉ် မြန်မာ့အသွင်၊ ရောင်စုံခြယ်သ မြန်မာအမျိုးသမီးများအလှ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲသို့ တက်ရောက်အားပေး

နေပြည်တော် ဇူလိုင် ၂

ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရိုးရိုးယဉ်ယဉ်မြန်မာ့အသွင်၊ ရောင်စုံခြယ်သ မြန်မာအမျိုးသမီးများ အလှဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန- ၂ ၌ကျင်းပရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ တက်ရောက်အားပေးသည်။

အခမ်းအနားသို့ ဂုဏ်ထူးဆောင်နာယကများဖြစ်ကြသည့် ဒေါ်ခင်သက်ဌေး၊ ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၏ ဇနီး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့်ဇနီးများ၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာချုပ် တိုင်းမှူး၏ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ ဝန်ကြီးဌာန အသီးသီးမှ အကြီးအကဲများ၊ ဝန်ထမ်းများ၊ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများမှ အုပ်ချုပ်သူများနှင့် ကျောင်းသားကျောင်းသူများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့်အမျိုး သမီးအဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ နိုင်ငံကျော်အနုပညာရှင်များ၊ အဆိုတော်များ၊ ဒီဇိုင်နာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဖျော်ဖြေတင်ဆက်

အခမ်းအနားတွင် မြန်မာအမျိုးသမီးများနေ့ တေးသီချင်းအပါအဝင် တေးသီချင်းများ၊ နိုင်ငံကျော်ဒီဇိုင်နာများ ဖန်တီးထားသည့် “တူစုံဆင်နွှဲမင်္ဂလာပွဲ” ခေါင်းစဉ်ဖြင့် ဝတ်စားဆင်ယင်မှု၊ “တည်ငြိမ်လှစွာ ချစ်စရာဘယ်ခါမရိုး မြန်မာရင်ဖုံး” ခေါင်းစဉ်ဖြင့် ဝတ်စားဆင်ယင်မှုများ၊ တစ်ခန်း ရပ်ပြဇာတ်များနှင့် နိုင်ငံကျော်အဆိုတော်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက် ပြသကြသည်။

ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှနှင့် ဂုဏ်ထူးဆောင်နာယကများက မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးထံသို့ ဂုဏ်ပြုပန်းစည်း ချီးမြှင့်သည်။

ပေးအပ်ချီးမြှင့်

ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ နာယကနှင့်အတွင်းရေးမှူးတို့ က ဖျော်ဖြေတင်ဆက်ပေးကြသော အနုပညာရှင်များအား ဂုဏ်ပြုပန်းစည်းပေးအပ်ချီးမြှင့်ပြီး အခမ်းအနားအစီအစဉ် ပထမပိုင်းကို ခေတ္တရပ်နားခဲ့သည်။

ယင်းနောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကိုဆက်လက်ကျင်းပရာ ဖိတ်ကြားထားသော အနုပညာရှင်များက “ခေတ်အမြင် ခေတ်အသွင် ခေတ်သဘင်” အငြိမ့်အပါအဝင် တေးသီချင်းများ၊ ပြဇာတ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်