နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၉/၂၀၂၁)တွင် ပြောကြားသည့် အမှာစကား

နေပြည်တော်၊ ၂၆  ဧပြီ

 

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက  မိမိအနေဖြင့် အင်ဒိုနီးရှား နိုင်ငံ၊ ဂျကာတာမြို့၌ ယခုလ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံ့ ခေါင်းဆောင်များ အစည်းအဝေးသို့တက်ရောက်၍ အာဆီယံအဖွဲ့ကဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ COVID-19 ရောဂါကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေများနှင့် မြန်မာနိုင်ငံ၏ ပြောင်းလဲမှုအခြေအနေများကို တက်ရောက်ဆွေးနွေးခဲ့ကြောင်း။

 

ထိုသို့ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၌ ၂၀၂၀ ပြည့် နှစ်အထွေထွေရွေးကောက်ပွဲ မဲမသမာမှုများကြောင့် ဖေဖေါ်ဝါရီ ၁ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော် တာဝန်အား လွှဲပြောင်းထမ်းဆောင်ခဲ့မှုအခြေအနေများ၊ ဆန္ဒပြမှုများအဆင့်ဆင့်ဖြစ်ပွား လာမှုအခြေအနေ များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းမှုနှင့် ရှေ့လုပ်ငန်းစဉ် များ၊ ရည်မှန်းချက်တာဝန်များ၊ တပ်မတော်ကပေးထားသည့် ကတိကဝတ်များအတိုင်း ဒီမိုကရေစီကျင့်စဉ်နှင့် အညီဆောင်ရွက်ခဲ့မှုများ၊ ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများတွင် တပ်မတော် ကဒီမိုကရေစီကျင့်စဉ်များနှင့်အညီ ဆောင်ရွက်ပေးခဲ့မှု၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို အာဏာရပါတီက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲမဲမသမာမှုများ ဖြစ်ပေါ်ခဲ့မှု၊ မဲစာရင်းစစ်ဆေးတွေ့ရှိချက်များတွင် မဖြစ်နိုင်သည့် မဲစာရင်းများပါဝင်နေမှု၊ မဲလက်မှတ်များ ရိုက်နှိပ်ဖြန့်ဝေရာတွင် ဥပဒေလုပ်ထုံးလုပ်နည်း များကို ကျော်လွန် ဆောင်ရွက်ထားရှိမှု၊ မှတ်ပုံတင်မရှိဘဲဆန္ဒမဲပေးခဲ့မှုများ၊ လတ်တလော ဖြစ်ပွားနေသည့် ဆူပူအကြမ်းဖက်မှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထိခိုက် ကျဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ၊ ပြည်သူများထိခိုက် သေဆုံးမှုများအား ဥပဒေနှင့်အညီဖြေရှင်း ဆောင်ရွက် လျက်ရှိမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း။

 

နိုင်ငံရေးတွင် ခေါင်းဆောင်မှု၊ ဦးဆောင်မှုပြုသူသည်အရေးကြီးကြောင်း၊ သို့သော် နည်းလမ်းဥပဒေနှင့်အညီသာ ခေါင်းဆောင်နိုင်ရမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်မညီ သည့် ခေါင်းဆောင်မှုများဖြင့် ဒီမိုကရေစီကို လက်ခံ၍မရကြောင်း၊ ရွေးကောက်ပွဲတရား မျှတမှု မရှိခြင်းနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရေးအတွက် ကြိုးစားမှုအပေါ်သမ္မတ၊ အစိုးရ တာဝန်ရှိသူများနှင့် လွှတ်တော်တို့ကဥပဒေနှင့် ညီညွတ်မှုမရှိဘဲ ငြင်းပယ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ဥပဒေနှင့် အညီသာဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲပြန်လည် ကျင်းပမည့်အခြေအနေများ၊ ဆူပူအကြမ်းဖက်သူများအသုံးပြုသည့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိမှု အခြေအနေများ၊ မြို့နယ်အချို့တွင် စစ်အုပ်ချုပ် ရေးအမိန့် (Martial Law) ထုတ်ပြန်ခဲ့မှုအခြေအနေများ၊ ကျန်းမာရေးဝန်ထမ်းများ CDM ပြုလုပ်မှုကြောင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ထိခိုက်နစ်နာခဲ့မှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း။

 

အလားတူ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်နေမှု အခြေအနေများ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တွင် ငြိမ်းချမ်းရေးသည် မဖြစ်မနေလိုအပ်သဖြင့် ငြိမ်းချမ်းရေး ရရှိရေး မဖြစ်မနေဆောင်ရွက်သွားမည့်အခြေအနေများ၊ ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် အတွက် မှတ်ပုံတင်မရှိသေးသူ ၄ ဒသမ ၆ သန်းကျော်အား မှတ်ပုံတင် ရရှိအောင်ဆောင်ရွက် ပေးနေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း တစ်ဖက်နိုင်ငံသို့  ထွက်ခွာသွားသူများအား သတ်မှတ်ထားသည့်စည်းကမ်းနှင့်အညီသာ လက်ခံဆောင်ရွက် သွားမည့်အခြေအနေများကို လည်းရှင်းလင်းပြောကြားခဲ့ကြောင်း။

 

မြန်မာ့နိုင်ငံရေးစပ်လျဉ်း၍ အာဆီယံနိုင်ငံခေါင်းဆောင်အသီးသီး၏ အကြံပြုချက် ဆွေးနွေးချက်များနှင့်ပတ်သက်ပြီး ပြန်လည်ဆွေးနွေးရာတွင် မိမိတို့နိုင်ငံအပေါ် ပေးအပ် ခဲ့သည့် အကြံပြုချက်များတွင် အပြုသဘောဆန်ပြီး ကောင်းမွန်သည့်အချက်များပါရှိသော ကြောင့် ယင်းအချက်များကို ပြည်တွင်း၌ လတ်တလောဖြစ်ပျက်နေသည့် အခြေအနေများ နှင့်ဆက်စပ်၍ အလေးပေးထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် မိမိတို့ အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုရှိရေးကို ဦးစားပေး ဆောင်ရွက်နေသောကြောင့် ပြည်တွင်းတည်ငြိမ်မှုအပေါ်မူတည်ပြီးမှသာ အာဆီယံမှအဆိုပြုသည့် မြန်မာနိုင်ငံသို့ လာရောက်လိုသည့် ခရီးစဉ်များကိုစဉ်းစားသွားမည်ဖြစ်ကြောင်း၊ မိမိတို့ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို အကောင်အထည် ဖော်ရာတွင် အာဆီယံမှ အပြုသဘောပါဝင်ကူညီ ပံ့ပိုး ပေးလိုမှုများနှင့် စပ်လျဉ်း၍လည်း “ASEAN Charter” “ASEAN Way” “ASEAN Sprit” များအပေါ် အခြေခံမည်ဆိုပါက နိုင်ငံကောင်းကျိုးအတွက် စဉ်းစားပေးမည်ဖြစ်ကြောင်းဖြင့် ပြန်လည်ဆွေးနွေးခဲ့ကြောင်းဖြင့် ပြောကြားသည်။

 

ဆက်လက်၍ တက္ကသိုလ်များတွင် ဥပဒေပညာနှင့် စီးပွားရေးပညာ သင်တန်းများ ဖွင့်လှစ်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီစနစ်ကိုလျှောက်လှမ်း ရာတွင် ဥပဒေ ပညာရပ်သည်အရေးကြီးသဖြင့် နိုင်ငံသားတိုင်းအနေဖြင့် ဥပဒေအခြေခံကို သိရှိနားလည် ထားရန်လိုကြောင်း၊ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှသာ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်း နိုင်မည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်း၊ ကျေးလက်နှင့်မြို့ပြ ဆင်းရဲချမ်းသာ ကွာခြားမှုများကို လျှော့ချရန်လိုကြောင်း၊ ပညာတတ်များပေါများစေရေး ပညာသင်ကြား နိုင်ရန်အတွက် ငြိမ်းချမ်းရေးရရှိရန်လိုကြောင်း၊ စာသင်ကျောင်းများ အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ စက်ရုံအလုပ်ရုံများ ပြန်လည်လည်ပတ်ရန်နှင့် တည်ဆောက်ဆဲ ဆောက်လုပ်ရေးစီမံကိန်းလုပ်ငန်းများ ပြန်လည် လည်ပတ်ရန်လိုကြောင်း၊ သို့မှသာ ပြည်သူများအလုပ်အကိုင်ပြန်လည်ရရှိပြီး ပြည်သူများ၏ စားဝတ်နေရေးအဆင်ပြေ လာမည် ဖြစ်ကြောင်း ပြောကြားသည်။

 

သတင်းစဉ်