နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ မြဝတီရုပ်မြင်သံကြား၏ (၂၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ မြဝတီရုပ်မြင်သံကြား၏ (၂၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော် ဧပြီ ၆ 

၁၉၉၅ ခုနှစ်၊ မတ် ၂၇ ရက်၊ နှစ်(၅၀)ပြည့် ရွှေရတုတပ်မတော်နေ့တွင်  စတင်ဖွင့်လှစ်ခဲ့သည့်  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ မြဝတီရုပ်မြင်သံကြား၏ (၂၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် တောင်ညိုမြို့ရှိ အမှတ်(၂) တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကား ပြောကြားသည်။

လှိုက်လှဲနွေးထွေးစွာ ကြိုဆို

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပပြုလုပ်မည့် အမှတ်(၂)တပ်မတော် ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်သို့ ရောက်ရှိကြရာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြဝတီရုပ်မြင်သံကြားမှ ဝန်ထမ်းများ၊ တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် မြဝတီရုပ်မြင်သံကြား၏ (၂၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို စတင်ကျင်းပရာ မြဝတီရုပ်မြင်သံကြားမှဝန်ထမ်းများက“အားလုံးအတွက်မြဝတီ” တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြပြီး ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်တပ်၊ ကျောင်းများဖြစ်ပေါ်လာမှု သမိုင်းကြောင်းနောက်ခံ၊ ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည့် Documentary ဗီဒီယိုကို ပြသသည်။

အဆိုပါ မြဝတီရုပ်မြင်သံကြား၏ (၂၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး   မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ကောင်စီဝင်များ၊   ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်တပ်၊ ကျောင်းများမှ နိုင်ငံတော်အဆင့် ပြည်တွင်းပြိုင်ပွဲများနှင့် ပြည်ပပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည်၊ အစားခန့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဂုဏ်ပြုအမှာစကားပြောကြား

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့နေထိုင်ရာ လူ့ပတ်ဝန်းကျင်သည် နေ့စဉ်နှင့်အမျှ ပြောင်းလဲ တိုးတက်ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ လူ့ပတ်ဝန်းကျင် အသိုင်းအဝန်းအတွင်း သတင်းအချက်အလက်များသိရှိအောင် ပြုလုပ်ပေးနိုင်ခြင်းသည် ပြည်သူ့ဆက်ဆံရေးလုပ်ငန်း၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်ပါကြောင်း၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများသည် အများပြည်သူနှင့်ဆက်ဆံရေး၊ မိမိပတ်ဝန်းကျင်အသိုက်အဝန်းနှင့် ဆက်ဆံရေးအစရှိသည့် ဆက်ဆံ ရေးအမျိုးမျိုးပါဝင်ကြပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတကာ၌လည်း ပြည်သူ့ဆက်ဆံရေး လုပ်ငန်းနယ်ပယ်များအနက် မီဒီယာဆက်ဆံရေးကို တွင်ကျယ်စွာ အသုံးချဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် အဓိကမဏ္ဍိုင်ကြီး ၃ ခုဖြစ်သည့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးနှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာတို့ ဟန်ချက်ညီရန် အရေးကြီးပါကြောင်း၊ မီဒီယာသည်  မဏ္ဍိုင်ကြီး  ၃  ခုကို  မယိမ်းမယိုင်စေရေး တည့်မတ်ပေးသည့် မဏ္ဍိုင်တစ်ခုပင် ဖြစ်ပါကြောင်း။

ယနေ့ မိမိတို့နိုင်ငံတွင် ပြည်သူများ၏အသံကို ပီပြင်အောင် ပြုလုပ်နိုင်သည့်အရာသည် မီဒီယာဖြစ်သကဲ့သို့ အစိုးရအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကို ပြည်သူများသိရှိလာအောင် ဆောင်ရွက်ရာတွင်လည်း မီဒီယာသည် အဓိကပင်ဖြစ်ပါကြောင်း၊ တပ်မတော်နှင့်ပြည်သူ တစ်သားတည်းရှိစေပြီး စစ်ဘက်-အရပ်ဘက်ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေးအတွက် ၁၉၄၇ ခုနှစ်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကို “ပညာရေးဌာနစု”အဖြစ် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ထို့နောက် အမည်အဆင့်ဆင့်ပြောင်းလဲခဲ့ပြီး ထိုမှတစ်ဆင့် “ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး”အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ပြည်သူနှင့်တပ်မတော် တစ်သားတည်းဖြစ်ရေး အတွက် “ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်၊ စည်းရုံးရန်”ဟူသည့် ရည်မှန်းချက်များကို ဆောင်ရွက်နိုင်ရေး တပ်မတော်မီဒီယာတစ်ခုဖြစ်သည့် မြဝတီရုပ်မြင်သံကြားကို နှစ်(၅၀)ပြည့် ရွှေရတုတပ်မတော်နေ့တွင် စတင်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ ယနေ့ဆိုပါက ငွေရတုကာလလွန်မြောက်ပြီး (၂၈)နှစ်တာခရီးသို့ပင် ရောက်ရှိခဲ့ပြီဖြစ်ကြောင်း။

မြဝတီရုပ်မြင်သံကြားသည် ပြည်သူများကို မှန်ကန်သည့် အသိအမြင်၊ အတွေးအခေါ်ရစေရန်၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်စေရန် အမျိုးသားရေးအမြင်ဖြင့် အစဉ်ကြိုးပမ်းထုတ်လွှင့်လျက်ရှိပါကြောင်း၊ တပ်မတော်၏ ပဓာနကျသည့်၊ သွက်လက်ထက်မြက်သည့်    မီဒီယာတစ်ခုအဖြစ်လည်း ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ မြဝတီရုပ်မြင် သံကြားအနေနှင့် ပြန်ကြားပေးရန်တာဝန်ကို ထမ်းဆောင်ရာတွင် စတင်ထုတ်လွှင့်ခဲ့ချိန်မှ ယနေ့ ကာလအထိ တပ်မတော်သားမိသားစုဝင်များကိုသာမက ပြည်သူလူထုအတွက်    သိသင့်သိထိုက်သည့်၊ လူအများသိရှိရန်လိုအပ်သည့် မူဝါဒ၊ သတင်းအချက်အလက် စသည်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပေးလျက်ရှိကြောင်း၊ ပညာပေးရေးတာဝန်အနေဖြင့် ပြည်သူလူထုကို တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့် တာဝန်ဖြစ်ပြီး အသိပညာပေးရေးတာဝန်၊ ဉာဏ်ပညာဗဟုသုတပေးရေးတာဝန် စသည်များကို တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြောင်း၊ ဖျော်ဖြေရေးတာဝန် ထမ်းဆောင်ပေးမှုအနေဖြင့် ပြည်သူများ အပန်းပြေစေရန် အနုပညာအရပ်ရပ်၊    တေးဂီတအဖုံဖုံ၊ အကအခုန် အဆိုအတီးကဏ္ဍအစုံအလင်ဖြင့် ဖျော်ဖြေမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း။

စည်းရုံးရန်ဆိုရာတွင် ပြည်သူများအနေဖြင့် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအပေါ်၌ ယုံကြည် ချက်၊ ခံယူချက်ခိုင်မာပြီး စည်းလုံးညီညွတ်မှုရှိအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စည်းရုံးရေး၏သဘောဆိုသည်မှာ မိမိ၏ပြောစကားကို တစ်ဖက်လူက ၎င်း၏ဆန္ဒအလျောက် လိုက်ပါလုပ်ဆောင်နိုင်အောင် ပြောဆိုခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးအပေါ်တွင် ပြည်သူလူထုတစ်ရပ်လုံးက စည်းလုံး ညီညွတ်စွာ ဖော်ဆောင်ပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း။

မြန်မာနိုင်ငံတစ်ဝန်းလုံး တိုးချဲ့ထုတ်လွှင့်နိုင်ရေးအတွက် အမှတ်(၂) တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်(နေပြည်တော်)ကို ၂၀၀၉ ခုနှစ်၊ ဇွန်လ ၁၉ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ မတ်လ ၂၆ ရက်တွင် မိမိကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ မြဝတီရုပ်မြင်သံကြားအနေဖြင့် စတင်ဖွဲ့စည်းတည်ထောင်ချိန်မှ ယနေ့အထိ တပ်မတော်နှင့်ပြည်သူကို အကောင်းဆုံး ပေါင်းကူးပေးနိုင်ခဲ့ကြောင်း။

မြဝတီရုပ်မြင်သံကြား စတင်ထုတ်လွှင့်ချိန်တွင် Analog စနစ်နှင့် ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြောင်းလဲတိုးတက်လာသည့် ခေတ်ကာလနှင့်အညီ အဆင့်မြှင့်တင်ဆောင်ရွက်မှုများပြုလုပ်ခဲ့ပြီး Analog စနစ်မှသည် Digital စနစ်၊ Standard Definition(SD)စနစ် ကူးပြောင်းခဲ့ပြီး (၇၅)  နှစ်မြောက် စိန်ရတုတပ်မတော်နေ့မှစတင်ကာ High Definition(HD) စနစ်သို့ ပြောင်းလဲထုတ်လွှင့်နိုင်ခဲ့ကြောင်း၊ ရုပ်မြင်သံကြားထုတ်လွှင့်မှုလုပ်ငန်းတိုင်းတွင် အခြားသောမီဒီယာလုပ်ငန်းများထက်ပိုပြီး အသေးစိတ်ဆောင်ရွက်ရသည်များ ရှိပါကြောင်း၊ အစီအစဉ်တစ်ခုဖြစ်လာရေး တစ်ဦးတစ်ယောက်ကောင်းဆောင်ရွက်၍မရဘဲ လူသားအရင်းအမြစ်စွမ်းအား၊ အနုပညာနှင့် အတတ်ပညာကို အံဝင်ခွင်ကျ ပေါင်းစပ်လုပ်ကိုင်ရသည့် သဘောရှိသောကြောင့် ဟန်ချက်ညီစွာ ဆောင်ရွက်နိုင်ကြမှသာ ပြည်သူလူထု နှစ်သက်သဘောကျသည့် ရုပ်မြင်သံကြားအစီအစဉ်ကောင်း တစ်ခု ဖြစ်လာမည်ပင် ဖြစ်ပါကြောင်း။

မြဝတီရုပ်မြင်သံကြားအနေဖြင့် တစ်ခေတ်ပြီးတစ်ခေတ် တစ်ဆင့်ပြီးတစ်ဆင့် ပိုမိုစွမ်းရည်ပြည့်ဝသည့် မီဒီယာကြီးတစ်ခုဖြစ်လာခဲ့ခြင်းသည် ဝန်ထမ်းအားလုံးနှင့် တာဝန်ရှိသူအဆင့်ဆင့်၏ စုပေါင်းကြိုးစားမှုများကြောင့်သာ ဖြစ်ပါကြောင်း၊ ရုပ်မြင်သံကြားဟူသည်မှာ သုတ၊ ရသဖြစ်ဖွယ် သတင်းအချက်အလက်များ၊ အကြောင်းအရာများကို အရုပ်၊ အသံနှင့် ထုတ်လွှင့်ပြသနေခြင်းဖြစ်ပြီး ကြည့်ရှုသူပရိသတ်များ၏စိတ်ကို ဖမ်းစားနိုင်စွမ်းရှိသည့် မီဒီယာပလက်ဖောင်းတစ်ခုဖြစ်ပါကြောင်း၊ ရေဒီယိုအသံလွှင့်ခြင်းသည် အသံကိုအဓိကထားခြင်းဖြစ်ပြီး ရုပ်မြင်သံကြားသည် အရုပ်ရောအသံပါ အားပြုလုပ်ဆောင်ရသည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပိုမို၍ ဂရုစိုက်ကြရန်လိုပါကြောင်း၊ အသံအနေအထား၊ အမူအရာ၊ ဝတ်စားဆင်ယင်မှု၊ ရုပ်သွင်ပြင်လက္ခဏာကအစ အသေးစိတ်ဂရုပြု၍ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လူများ၏စိတ်ကို ဆွဲဆောင်နိုင်စွမ်း၊ တက်ကြွလာအောင် Motivation လုပ်နိုင်စွမ်းသည်လည်း မြင့်မားကြောင်း၊ ပြည်သူအပေါ်အသိပညာ ဗဟုသုတပေးနိုင်ရေး၊ နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်ထမ်းဆောင်ကြမည့်၊ နိုင်ငံတော်ကို ထုဆစ်ပုံဖော်ကြမည့်၊ လက်ဆင့်ကမ်းတာဝန်ယူကြမည့် လူငယ်လူရွယ်များလမ်းမှား မရောက်စေရေး၊ ပညာတတ်သားကောင်းရတနာများ ဖြစ်လာစေရေးသည် မိဘ၊ ဆရာများအပေါ်၌လည်း တာဝန်ရှိသကဲ့သို့ ရုပ်သံမှစဉ်ဆက်မပြတ် အသိပညာ၊ ဗဟုသုတများ ဖြန့်ဝေပေးခြင်းအပေါ်၌လည်း များစွာမူတည်နေပါကြောင်း၊ ခေတ်နှင့်လျော်ညီသည့် ထုတ်လွှင့်မှုပုံစံများနှင့် ထုတ်လွှင့်ရမည်ဖြစ်သကဲ့သို့ လူမှုရေးဦးတည်ချက် ၄ ရပ်ထဲတွင်ပါသည့် “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံသည့် ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ အမျိုးသားရေး  စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး”ဟူသည့် အချက်နှင့်အညီ ထုတ်လွှင့်ပြသကြရန်လည်း တိုက်တွန်းမှာကြားလိုပါကြောင်း။

မြဝတီရုပ်မြင်သံကြားအနေဖြင့် ၂၀၁၃ ခုနှစ်က မိမိတို့နိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ (၂၃)ကြိမ်မြောက် အာဆီယံတပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲများအပြင် ယနေ့အချိန်၌ “မာရဝိဇယ”ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ခြင်းဆိုင်ရာ အခမ်းအနားကျင်းပပုံများကိုပါ ရိုက်ကူးထုတ်လွှင့်မှုများ ဆောင်ရွက်နိုင်ခဲ့ခြင်းသည် သမိုင်းဝင်ဆောင်ရွက်ချက်များပင်ဖြစ်ကြောင်း၊ သတင်းစာ၊ ရုပ်မြင်သံကြားမှ ပြည်သူလူထုအတွက် ဆောင်ရန်၊ ရှောင်ရန် လိုက်နာဖွယ်ရာများကို တင်ဆက်ပေးနိုင်ခဲ့သောကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ကျော်လွှားနိုင်ခဲ့ပါကြောင်း၊ မြဝတီရုပ်မြင်သံကြားသည် ယနေ့ဆိုပါက နိုင်ငံတစ်ဝန်းရှိ မြို့ကြီး ၃၅ မြို့၌ ဒစ်ဂျစ်တယ်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံများ တည်ဆောက်ပေးနိုင်ခဲ့ပြီး မြို့ပေါင်း ၁၄၅ မြို့၌ မြဝတီရုပ်မြင်သံကြား ဒစ်ဂျစ် တယ်လိုင်းများကို ကောင်းမွန်စွာကြည့်ရှုနိုင်စေရေး ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်တာဝန်အရပ်ရပ်ကို ယူထားရသည့်ကာလအတွင်း ပြည်တွင်း၊ ပြည်ပ ကျင့်ဝတ်မဲ့မီဒီယာမျိုးစုံက နည်းလမ်းပေါင်းစုံနှင့် ထိုးနှက်တိုက်ခိုက်နေသည်ကို အားလုံးတွေ့ရှိကြရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်ရယူခဲ့ချိန်မှ ယနေ့ထိတိုင် အမျိုးသားအကျိုးစီးပွားကိုရှေးရှုသည့် ဆောင်ရွက်ချက်များကို နေ့စဉ်ထုတ်သတင်းစာများနှင့် မြဝတီ ရုပ်မြင်သံကြားအပြင် နိုင်ငံတော်ပိုင်သတင်းဌာနကြီးများကပါ ဖော်ပြပေးလျက်ရှိကြောင်း၊ မိမိတို့အစိုးရ၏စစ်မှန်သည့် အမျိုးသားရေးစိတ်ဓာတ်အပြည့်နှင့် တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများ၊ အမျိုးဘာသာသာသနာအကျိုး သယ်ပိုးမှုများ၊ ငြိမ်းချမ်းရေးဖိတ်ခေါ်   ကမ်းလှမ်းချက်များကို  မြဝတီ Media Group ဖြစ်သည့် သတင်းစာ၊ ရုပ်မြင်သံကြား၊ ရေဒီယို အသံလွှင့်ဌာနအသီးသီးကို ကြည့်ရှုသူတိုင်း တွေ့မြင်ကြားသိကြမည်ဖြစ်ကြောင်း။

ယနေ့ ၂၁ ရာစုတွင် သတင်းစီးဆင်းမှုနှုန်းသည် မြန်ဆန်သောကြောင့် အချိန်နှင့်အမျှ ပြောင်းလဲ ဖြစ်ထွန်းမှုနောက်ကို မီဒီယာအားကောင်းကောင်းနှင့် လိုက်ပါနိုင်စွမ်းရှိရန်လိုအပ်ကြောင်း၊ အချို့သတင်းမီဒီယာများသည် တိကျမှု၊ ဘက်မလိုက်မှု၊ မျှတမှုစသည့် မီဒီယာကျင့်ဝတ်များကို   လိုက်နာမှုမရှိ၊ ကျင့်ဝတ်နှင့်မညီညွတ်စွာ သတင်းများဖော်ပြနေသည်ကို တွေ့ရပါကြောင်း၊ တပ်မတော်၏ပုံရိပ်နှင့် ပြည်သူ့ဆက်ဆံရေးကို ထိခိုက်ကျဆင်းအောင် ပုံဖော်ဆောင်ရွက်နေကြသည်ကိုလည်း တွေ့ရပါကြောင်း၊ မဟုတ်မမှန် စွပ်စွဲပြောဆိုမှုများအပေါ် နိုင်ငံပိုင်မီဒီယာများ၊ တပ်မတော်မီဒီယာများက သတင်းမှန်များနှင့် တုံ့ပြန်လုပ်ဆောင်ရမည်  ဖြစ်သကဲ့သို့ သမာသမတ်ကျသည့် ပြည်တွင်း၊ ပြည်ပမီဒီယာများ၏ “အား”ကိုလည်း ရယူနိုင်ရန် ကြိုးစားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်၊ နှိုးဆော်ချက်မပါရှိဘဲ သမိုင်းစဉ်ဆက် နိုင်ငံအကျိုး၊ ပြည်သူအကျိုးကိုသာ မျှော်ရည်မှန်းပြီး ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်၏ အစိတ်အပိုင်းတစ်ခုအဖြစ် စတုတ္ထမဏ္ဍိုင် တာဝန်ထမ်းဆောင်လျက်ရှိသည့် မြဝတီရုပ်မြင်သံကြားသည်လည်း ပေးအပ်လာသည့် လုပ်ငန်းတာဝန်ဝတ္တရားတို့အပေါ် ခေတ်အဆက်ဆက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်ကို တွေ့မြင်ရပြီးဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ကောင်းမွန်သည့်အစဉ်အလာနှင့် သမိုင်းကြောင်းများကို  ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားနိုင်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်း။

မိမိတို့တပ်မတော်၏ မီဒီယာလုပ်ငန်းတာဝန်များကို ထမ်းဆောင်နေကြရသည့် မြဝတီရုပ်မြင်သံကြား၊ မြဝတီစာပေတိုက်၊ မြဝတီသတင်းစာတိုက်၊ ရတနာပုံသတင်းစာတိုက်နှင့် သဇင်အသံလွှင့်ဌာနတို့သည် တိကျခိုင်မာသည့် သတင်းမှန်များအပေါ် မှန်ကန်မြန်ဆန်စွာ တင်ပြနိုင်ရန်လိုသကဲ့သို့ သတင်းမီဒီယာကျင့်ဝတ်ကို အလေးထားသည့် မီဒီယာများဖြစ်စေရေး ဆောင်ရွက်သွားကြမည်၊ ပြောင်းလဲတိုးတက်နေသည့် မီဒီယာလုပ်ငန်းစဉ်များအပေါ် ခေတ်နှင့်အညီ တီထွင်ကြံဆဖန်တီးနိုင်သူများ ဖြစ်စေရေးအတွက်လည်း ကြိုးစားသွားကြရမည်၊    မြဝတီရုပ်မြင်သံကြား၏ “ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်၊ စည်းရုံးရန်” ဟူသည့် ရည်မှန်းချက်များနှင့်အညီ တပ်မတော်နှင့်ပြည်သူကို ဆက်လက်ပေါင်းကူးပေးပြီး   တိုင်းပြည်တည်ဆောက်ရေးနှင့် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများ၌ နိုင်ငံတော်ကအားထားရပြီး   ပြည်သူကအားကိုးယုံကြည်ရသည့် မီဒီယာတစ်ခုဖြစ်အောင် ကြိုးစားတည်ဆောက်သွားကြရမည်၊ မြဝတီရုပ်မြင်သံကြားအနေဖြင့် နောင်နှစ်ကာလပေါင်းများစွာတိုင်အောင် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး၊ တပ်မတော်အကျိုးတို့ကို ယခုထက်တာဝန်ကျေပွန်စွာ သယ်ပိုးဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်ကျောင်းများမှ နိုင်ငံတော်အဆင့် ပြည်တွင်းပြိုင်ပွဲများနှင့် ပြည်ပပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည်၊ အစားခန့်ဝန်ထမ်းများအား ဆုများပေးအပ်ချီးမြှင့်ရာ ၂၀၂၁ ခုနှစ်၊ စာပေဗိမာန်စာမူဆု လူငယ်စာပေ ပထမဆုရရှိသည့် ဗိုလ်ကြီးစိုးမိုးကျော်၊ ၂၀၂၁ ခုနှစ်၊ စာပေဗိမာန်စာမူဆု ကလေးစာပေ ပထမဆုရရှိသည့် ဗိုလ်ကြီးသက်နောင်၊ ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် နိုင်ငံတကာ   တပ်မတော်အားကစားပြိုင်ပွဲ၊ ရိုးရာယဉ်ကျေးမှုပြိုင်ပွဲတွင် အဆို၊  အက၊ အတီး ပြိုင်ပွဲ၌ ဆုရရှိခဲ့သည့် မြဝတီတေးဂီတနှင့် အငြိမ့်အဖွဲ့ကိုယ်စား တပ်ကြပ်အောင်အောင်ထက်နှင့် ဒုတိယအရာခံဗိုလ် (အစားခန့်) ဒေါ်သန္တာလင်းတို့က ဆုများလက်ခံရယူကြသည်။  

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူးက မြဝတီရုပ်မြင်သံကြား၏ (၂၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်လက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။

ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြဝတီရုပ်မြင်သံကြားမှ အရာရှိ၊ စစ်သည်၊ ဝန်ထမ်းမိသားစုများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ရာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊   ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူသည်။

ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြဝတီရုပ်မြင်သံကြားမှ ဝန်ထမ်းများ၏ နှစ်ပတ်လည်နေ့ ဂုဏ်ပြုတေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ်(၂)တပ်မတော် ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်၊ မြဝတီရုပ်မြင် သံကြားစက်ရုံအတွင်း လှည့်လည်၍ သရုပ်ပြသရိုက်ကူးမှုများ၊ Production Studio၊ News Studio၊ Presentation Room တို့အတွင်း သတင်းဖတ်ကြားမှုများနှင့် ထုတ်လွှင့်မှုများ ဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် မီဒီယာအခန်းကဏ္ဍသည်   စဉ်ဆက်မပြတ်တိုးတက်နေသဖြင့် ခေတ်နှင့်လျော်ညီသည့် နည်းပညာနှင့်   တင်ဆက်မှုများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရန်၊ သတင်းများထုတ်လွှင့်ရာတွင် တည်းဖြတ်မှုများနှင့် ထုတ်လွှင့်မှုများ မှန်ကန်မှုရှိအောင် စနစ်တကျဖြင့် ဆောင်ရွက်ရန်နှင့် အခြား လိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ ဆက်ဆံရေးတပ်များ၏ အဆင့်ဆင့်တိုးတက်ပြောင်းလဲလာမှုနှင့် လုပ်ငန်းဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ခင်းကျင်းပြသထားသည့်ပြကွက်များနှင့် ရှေးယခင်ခေတ်များက    အသုံးပြုခဲ့သည့် စက်ပစ္စည်းများဖြင့် ရှေးယခင် ရုပ်ရှင်ဇာတ်ကားပြသမှုများကို     လှည့်လည်ကြည့်ရှု၍ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ မေးမြန်းပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြဝတီရုပ်မြင်သံကြားနှစ်ပတ်လည်အခမ်းအနား Signing Booth တွင် အမှတ်တရလက်မှတ်ရေးထိုးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အမှတ်(၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ မြဝတီရုပ်မြင်သံကြားကို ၁၉၉၅ ခုနှစ်၊ မတ် ၂၇ ရက်၊ နှစ်(၅၀) ပြည့် ရွှေရတုတပ်မတော်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံး တိုးချဲ့ထုတ်လွှင့်နိုင်ရေးအတွက် အမှတ်(၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် (နေပြည်တော်)ကို ၂၀၀၉ ခုနှစ်၊ ဇွန်လ ၁၉ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ မတ်လ ၂၆ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ မြဝတီရုပ်မြင် သံကြားအနေဖြင့် ပြည်သူနှင့်တပ်မတော် တစ်သားတည်းဖြစ်စေရေးအတွက် “ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်၊ စည်းရုံးရန်”ဟူသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်၊ ပြည်သူလူထုနှင့် တပ်မတော်အတွက် တာဝန်ကျေပွန်သော မီဒီယာတစ်ခုအဖြစ် ဆက်လက်ကြိုးပမ်းရပ်တည်လျက်ရှိကြောင်း သတင်းရရှိသည်။  

သတင်းစဉ်