နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ နိုင်ငံဖြတ်ကျော် မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်

နေပြည်တော် ဩဂုတ် ၂၅

(၁၇)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (17th ASEAN Ministerial Meeting on Transnational Crime and its Related Meetings – 17th AMMTC) ကို ဩဂုတ်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ လာဘွန်ဘာဂျိုးမြို့တွင် တက်ရောက်ခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်လ ၂၃ ရက်နေ့နံနက်ပိုင်းတွင် လာဘွန်ဘာဂျိုးမြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် ပြန်လည်ရောက်ရှိခဲ့ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

17th AMMTC နှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားကို အင်ဒိုနီးရှားနိုင်ငံ၊ လာဘွန်ဘာဂျိုးမြို့၊ MERUORAH Hotel (မယ်ရိုရာ ဟိုတယ်)တွင် ဩဂုတ်လ ၂၁ ရက်နေ့၊ ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲ အချိန်တွင် ကျင်းပပြုလုပ်ရာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ၊ လေ့လာသူ အရှေ့တီမောနိုင်ငံတို့မှ ဝန်ကြီးအဆင့်များနှင့် အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံဒုတိယ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ စုစုပေါင်း ၁၁၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် အာဆီယံနိုင်ငံများ၏ အလံတင်အခမ်းအနားပြုလုပ်ခြင်း၊ အင်ဒိုနီးရှားနိုင်ငံတော်သီချင်းနှင့် အာဆီယံသီချင်းတို့အား ဖွင့်လှစ်ခြင်း၊ အာဆီယံ ၁၀ နိုင်ငံမှ AMMTC ခေါင်းဆောင်/ ဝန်ကြီးအဆင့်များ တစ်ဦးချင်းမိတ်ဆက်ခြင်း၊ အိမ်ရှင်အင်ဒိုနီးရှားနိုင်ငံ၏ AMMTC ခေါင်းဆောင်၊ အင်ဒိုနီးရှားအမျိုးသား ရဲအဖွဲ့ရဲချုပ်၊ ရဲဗိုလ်ချုပ်ကြီး Listyo Sigit Prabowo (လစ်ယိုဆီဂစ်ပရာဘိုဝို)က နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒိုက Video Clip ဖြင့် မိန့်ခွန်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတက်ရောက်လာသည့် ဝန်ကြီးအဆင့်များနှင့် အာဆီယံ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်တို့ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြပါသည်။

(၁၇) ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့်အစည်းအဝေး ပထမနေ့ကို ဩဂုတ်လ ၂၁ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် မယ်ရိုရာဟိုတယ်၊ ကိုမိုဒိုခန်းမတွင် စတင်ကျင်းပရာ အိမ်ရှင်အင်ဒိုနီးရှားနိုင်ငံ AMMTC ခေါင်းဆောင်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြားခြင်း၊ အာဆီယံဒုတိယအထွေထွေအတွင်းရေးမှူးချုပ်က အာဆီယံ၏ ဖြစ်ပေါ်တိုးတက်မှု လက်ရှိအခြေအနေများကို ရှင်းလင်းတင်ပြခြင်း၊ အာဆီယံလူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ်များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာဌာနများ၏ (၂၆)ကြိမ်မြောက် အစည်းအဝေးများ၏ အစီရင်ခံစာကို ရှင်းလင်းတင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ AMMTC ခေါင်းဆောင်/ဝန်ကြီးအဆင့်များက အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြရာ မြန်မာနိုင်ငံ၊ AMMTC ခေါင်းဆောင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် အကြမ်းဖက်မှုကဲ့သို့သော စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် အာဆီယံ၏ဦးဆောင်မှုဖြင့် စုစည်းမှုအားကောင်းသည့် ဒေသဆိုင်ရာအဆင့် ချဉ်းကပ်မှုရှိရန်လိုအပ်ပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုအညွှန်းကိန်းအစီရင်ခံစာ (၂၀၂၃)အရ အကြမ်းဖက်အုပ်စုများသည် မောင်းသူမဲ့ဒရုန်းများကို စတင်အသုံးပြုလာရာ အနာဂတ်အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာကြောင်း၊ မြန်မာနိုင်ငံတွင် အမည်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့အစည်း PDFs များ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ၊ ရဟန်းသံဃာ၊ သီလရှင်သေဆုံးမှုများ၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦ၊ လမ်း၊ တံတား၊ လျှပ်စစ်နှင့်ဆက်သွယ်ရေးတာဝါတိုင်/ အဆောက်အဦများပျက်စီးဆုံးရှုံးမှုများ၊ Online လိမ်ညာမှုနှင့် ဆက်စပ်ဖြစ်ပေါ်နေသော လူကုန်ကူးမှုတိုက်ဖျက်ရေးဆောင်ရွက်နေမှုများ၊ ဆိုက်ဘာမှုခင်းတိုက်ဖျက်ရေး ဆောင်ရွက်မှုများနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ဒေသတွင်းရာဇဝတ်မှုခင်းများ တိုက်ဖျက်ရေးတွင် ဒေသအဆင့်နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုထိရောက် အားကောင်းစေရန် လိုအပ်ချက်များကို အကြံပြုဆွေးနွေးခဲ့သည်။

17th AMMTC အစည်းအဝေးတွင် အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည့် ထုတ်ပြန်ကြေညာချက် ၃ ရပ်၊ ပူးတွဲကြေညာချက် ၁ ခုနှင့် အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ ဆိုက်ဘာမှုခင်း၊ လက်နက်မှောင်ခိုမှုများဆိုင်ရာ လုပ်ငန်းစီမံချက် ၄ ခု၊ ပေါင်း ၈ ခုတို့ကို အသေးစိတ် ဆွေးနွေး/အကြံပြုခဲ့ကြပြီး အတည်ပြုခဲ့ပါသည်။ ထို့နောက် အစည်းအဝေးအစီအစဉ်များအတိုင်း ဆက်လက်ကျင်းပပြီး ပထမနေ့အစည်းအဝေးကို ညနေ ၄ နာရီခွဲအချိန်တွင် ရပ်နားခဲ့သည်။

အစည်းအဝေးအပြီးတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Xu Datong (မစ္စတာ ရှုတထုံး) တို့သည် ညနေ ၄ နာရီ ၄၅ မိနစ်အချိန်မှ ၅ နာရီ ၁၅ မိနစ်အချိန်ထိ နှစ်နိုင်ငံသီးခြားတွေ့ဆုံ ဆွေးနွေးပြီး မြန်မာ-တရုတ် နှစ်နိုင်ငံလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်စပ်ဒေသစီမံခန့်ခွဲရေးဆိုင်ရာ MoU အရ ဝန်ကြီးအဆင့် အစည်းအဝေးကျင်းပရေး၊ မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်နေသော Online လိမ်ညာမှု မှုခင်းများတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနှင့် ထိန်းချုပ်ဓာတုပစ္စည်းများအန္တရာယ် ကာကွယ်တားဆီးနှိမ်နင်းနိုင်ရေးတို့တွင် သတင်းအချက်အလက်ဖလှယ်ရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ခဲ့ကြသည်။

အစည်းအဝေးဒုတိယနေ့ကို ဩဂုတ်လ ၂၂ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီအချိန်တွင် အဆိုပါဟိုတယ်၌ ဆက်လက်ကျင်းပရာ အာဆီယံဆွေးနွေးဖက်နိုင်ငံများဖြစ်သော အာဆီယံ အပေါင်း ၃ (တရုတ်၊ ဂျပန်၊ ကိုရီးယား) 13th AMMTC + 3 Consultation အစည်းအဝေးကို နံနက် ၉ နာရီအချိန်မှ ၁၀ နာရီအချိန်ထိကျင်းပခဲ့ပြီး တရုတ်နိုင်ငံနှင့် 10th AMMTC + China Consultation အစည်းအဝေးကို နံနက် ၁၀ နာရီအချိန်မှ ၁၁ နာရီ ၁၀ မိနစ်အချိန်ထိ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ AMMTC ခေါင်းဆောင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Xu Datong (မစ္စတာ ရှုတထုံး)တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အကြမ်းဖက်သမားများနှင့် ရာဇဝတ်ဂိုဏ်းများသည် Globalization ကြောင့် ဖြစ်ပေါ်လာသည့် နည်းပညာအခွင့်အလမ်းများကို အသုံးချကျူးလွန်လျက်ရှိရာ ထိရောက်စွာ တိုက်ဖျက်နိုင်ရေးနှင့်လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများဖြေရှင်းနိုင်ရန် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ၊ အကောင်အထည်ဖော်မှုများ လိုအပ်ပါကြောင်း၊ အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ (၂၀၁၇-၂၀၂၃) အကောင်အထည်ဖော်မှုတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အကြံပြုချက်နှင့် ဆွေးနွေးမှုများကို ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ 10th AMMTC + China Consultation ၏ ပူးတွဲထုတ်ပြန်ချက်ကို အတည်ပြုခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့နောက် ဂျပန်နိုင်ငံနှင့် 8th AMMTC + Japan Consultation အစည်းအဝေးကို လည်းကောင်း၊ ကိုရီးယားနိုင်ငံနှင့် 3rd AMMTC + ROK Consultation အစည်းအဝေးကိုလည်းကောင်း ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး 8th AMMTC + Japan အစည်းအဝေးတွင် ဂျပန်နိုင်ငံ AMMTC ခေါင်းဆောင်က မြန်မာနိုင်ငံပြည်တွင်းရေးနှင့် ပတ်သက်သည့် အခြေအနေများကို ဝေဖန်ပြောဆိုခဲ့မှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်တုံ့ပြန်ပြောကြားရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားနိုင်ငံတစ်ခုက ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းအားဖြင့် ဒေသတွင်းအကျိုးစီးပွားကို ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးသည် အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်သည့် ဆွေးနွေးမှုနှင့်ဆွေးနွေးဖက်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကိုသာ ဆွေးနွေးရန်ဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများသည် ပြည်တွင်းရေးမျှသာဖြစ်ပြီး ဒေသတွင်းအရေးကိစ္စ မဟုတ်ပါကြောင်း၊ ယခုလိုဒေသတွင်းအစည်းအဝေးများတွင် ဆွေးနွေးမည်မဟုတ်ပါကြောင်း၊ မြန်မာ့နိုင်ငံရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည်များရှိပါက နှစ်နိုင်ငံတွေ့ဆုံပြီး သီးခြားဆွေးနွေးနိုင်ပါကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။ ဒုတိယနေ့ အစည်းအဝေးများသည် ညနေ ၅ နာရီအချိန်တွင် ပြီးဆုံးခဲ့သည်။

(၁၇)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင် ထုတ်ပြန်မည့်ကြေညာချက်များနှင့် လုပ်ငန်းစီမံချက်များအား အတည်ပြုနိုင်ရေးအတွက် အဆင့်မြင့်အရာရှိကြီးများအဆင့် ကြိုတင်ညှိနှိုင်းအစည်းအဝေး (Preparatory SOMTC) ကို ဩဂုတ်လ ၂၀ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲအချိန်မှ ည ၈ နာရီအချိန်ထိ အဆိုပါဟိုတယ်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ SOMTC ခေါင်းဆောင်၊ ဒုတိယရဲချုပ်၊ ရဲဗိုလ်ချုပ် အောင်အောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့များ တက်ရောက် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်