နိုင်ငံတော်၏ အဓိကလိုအပ်ချက်ကိုဦးတည်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၄/၂၀၂၂)ကို မေလ ၁၂ ရက်နေ့ကကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအလိုက် တိုတောင်းသည့်ကာလအတွင်း အဖြေတစ်ခုခုရရှိစေရန်အတွက် အဖွဲ့အစည်းများအလိုက် ဥက္ကဋ္ဌနှင့် ညှိနှိုင်းတိုင်ပင်နိုင်ရန် နှစ်ဦးတို့ကို မိမိနှင့်သီးခြားစီတွေ့ဆုံရန် စီမံဆောင်ရွက် ခဲ့ကြောင်း၊ လွတ်လပ်စွာဆွေးနွေးနိုင်ရန်အတွက် ထိုသို့ဖိတ်ခေါ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း” ပြောကြားခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ပါအတိုင်း တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါသဘောတူညီချက် များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထာဝရ ငြိမ်းချမ်းရေး အကောင်အထည်ပေါ်လာရေးအတွက် ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ အစည်းအားလုံးကို ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့သည်။

 

ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့်ပတ်သက်၍ “တွေ့ဆုံဆွေးနွေးမှုကြောင့် ရသင့်သည့်အဖြေတစ်ခု ရရှိလာမည်ဖြစ်ပြီး ထပ်မံတွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ရာတွင်လည်း နှစ်ဖက်ညှိနှိုင်းမှုများပြုလုပ်၍ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ညှိနှိုင်းမှုများ ဆောင်ရွက်ရာတွင်လည်း ဒီမိုကရေစီ၏အနှစ်သာရကို ပျက်ယွင်းမှုမရှိစေရန်နှင့် ရသင့်ရထိုက်သည့် အခွင့်အရေးများရရှိစေရေး၊ နှစ်ဖက်မျှတမှုရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ သို့မှသာ နိုင်ငံတော်၏ အဓိက လိုအပ်ချက်ဖြစ်သည့် လွတ်လပ်မှု၏ အရသာ၊ ဒီမိုကရေစီ၏အနှစ်သာရကို ခံစားနိုင်မည်ဖြစ်ကြောင်း” ပြောကြား ထားသည်။

 

မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိခဲ့သည်မှာ ယခုနှစ်သည် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ စိန်ရတု အကြိုကာလဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့သို့ ရောက်ရှိတော့မည်ဖြစ်သည်။ ယခုနှစ်သည် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်း အားထုတ်ဆောင်ရွက်ခဲ့ကြသည်မှာ စိန်ရတုကာလသို့ ရောက်ရှိလာပြီဖြစ်သော်လည်း လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာသော လက်နက်ကိုင် ပဋိပက္ခများမှာ ယနေ့ထက်တိုင်အောင် ဖြစ်ပေါ်နေဆဲ ဖြစ်ရာ တိုင်းရင်းသားပြည်သူအားလုံးတို့အနေဖြင့် လွတ်လပ်ရေး၏ အသီးအပွင့်၊ ဒီမိုကရေစီ၏ အနှစ်သာရများကို တန်းတူညီမျှ မခံစားကြရသေးပေ။

 

ကမ္ဘာပေါ်တွင် လက်နက်ကိုင်ပဋိပက္ခများ အရှည်ကြာဆုံးနိုင်ငံမှာ မြန်မာနိုင်ငံဟု ဆိုရမလိုဖြစ်နေ၍ ယခုလိုအချိန်အခါ ကမ္ဘာကြီး၌ နိုင်ငံအများပြောင်းလဲတိုးတက်နေသောအခါတွင် အတူလိုက်ပါဖွံ့ဖြိုးရေးအတွက် ငြိမ်းချမ်းရေးကို မရရအောင်ကြိုးပမ်းဆောင်ရွက်ကြဖို့ လိုအပ်နေပြီဖြစ်သည်။ တိုင်းရင်းသားအဖွဲ့အစည်း များအကြား သဘောထားကွဲလွဲမှု အမျိုးမျိုးတို့ကြောင့် ပဋိပက္ခများ မဆုံးနိုင်အောင် ရှည်ကြာနေသဖြင့် ယခုစိန်ရတုလွတ်လပ်ရေးနေ့၊ စိန်ရတုပြည်ထောင်စုနေ့ ကာလများသို့ ကျရောက်ချိန်တွင် နိုင်ငံတော် အကြီးအကဲက ငြိမ်းချမ်းရေးကို ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အလိုဆန္ဒများ၊ တိုင်းပြည်၏ အလိုဆန္ဒများဖြင့် နှစ်ဖက်လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်သည်။

 

တွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များနှင့်အတူ ညှိနှိုင်းတိုင်ပင် ဆွေးနွေးနိုင်ရေးအတွက် အဖွဲ့ဝင်နှစ်ဦးကိုပါ ဖိတ်ခေါ်ထားခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ NCA တွင် လက်မှတ် ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့နှင့် NCA တွင် လက်မှတ်ရေးထိုးခြင်းမပြုသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့တို့ လာရောက်မည်ဟု အကြောင်းပြန်ထားသည်။ ငြိမ်းချမ်းရေးရရှိရေး အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် အချို့အဖွဲ့အစည်းများတွင် အကန့် အသတ်နှင့်အဟန့်အတားများ ရှိနေသည်ကိုတွေ့ရသည်။ ထို့အပြင် အချို့ EAO များအနေဖြင့် ၎င်းတို့နယ်မြေတွင် ရောက်ရှိနေသော PDF အကြမ်းဖက်သမားများနှင့်လည်း ဆက်နွှယ်နေသည်ကို တွေ့ရသည်။

 

မည်သို့ပင်ဖြစ်စေ ယခုပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ထိရောက်သည့် အဖြေတစ်ခုရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး EAO တို့၏ဆန္ဒ၊ နိုင်ငံတော်၏ လိုအပ်ချက်ဆန္ဒများဖြင့် ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်၍ အကျိုးရှိသည့် ဆွေးနွေးပွဲဖြစ်လာလိမ့်မည်ဟု မျှော်လင့်ပါသည်။ ဆွေးနွေးချက်များနှင့် ပတ်သက်၍ ဖြစ်သင့်သည်၊ မဖြစ်သင့်သည်ကို ကောင်စီအစည်းအဝေး၌ ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အဆင့်ဆင့် သီးသန့်ဆွေးနွေးသွားမည်ဖြစ်သည်။ သို့ဖြစ်ရာ ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် နှစ်ဖက်မျှတအောင် ဆောင်ရွက်ပြီး နိုင်ငံတော်၏အဓိကလိုအပ်ချက်ကို ဦးတည်ကြိုးပမ်းဆောင်ရွက်နိုင်လိမ့် မည်ဟု ယုံကြည်ပါကြောင်း။     ။

ကြေးမုံအယ်ဒီတာ့အာဘော်