နိုင်ငံတော်၏ အနာဂတ်နှင့် ပြည်သူ့ညီညွတ်ရေး

ယနေ့ထိတိုင် ဆင်းရဲမွဲတေ နိမ့်ကျနေသည့်ဘဝမှ တိုးတက်မြင့်မားလာရေး ကြိုးပမ်းနေရင်း၊ မြန်မာနိုင်ငံသား အချင်းချင်းကြား မတူညီမှု သဘောထားချင်း မတိုက်ဆိုင်မှုများကို အငြင်းပွားကြ၊ ဆွေးနွေးညှိနှိုင်းကြရင်း၊ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ စားပွဲဝိုင်းမှာ ထိုင်ကြရင်း စစ်ကိုလုံးဝ ရပ်စဲဖို့ကြိုးစားရင်း၊ ဒီမိုကရေစီစနစ်ကို ခိုင်မာအခြေကျအောင် အုတ်မြစ်ချနေရင်း၊ လူ့အခွင့်အရေး ဒီမိုကရေစီအခွင့်အရေး တိုင်းရင်းသားလူမျိုးစုတို့၏ အခွင့်အရေးများ အပြည့်အဝရရှိသည့် နိုင်ငံအဖြစ်သို့ အာမခံနိုင်သည့် အခြေခံဥပဒေ ပေါ်ပေါက်ရေးကို ကြံစည်အားထုတ်နေကြရင်း၊ နှစ်တစ်နှစ် ကုန်ဆုံးပြန်ဦးတော့မည်။

 

ကိုယ့်ထီးကိုယ်နန်း ကိုယ်ပြန်ရရေးအတွက် ရုန်းကန်တော်လှန်ပြီး ကိုလိုနီဘဝက လွတ်မြောက်သည့် မြန်မာ့လွတ်လပ်ရေး နှစ် ခုနစ်ဆယ့်နှစ်နှစ် ကာလတွင်းသို့ပင် ချင်းနင်းဝင်ရောက်လာခဲ့ပြန် ပြီတည်း။ အောင်မြင်မှုများရော ဆုံးရှုံးမှုများပါ မည်သို့ပင် ရောထွေးများပြား ရှိစေကာမူ မိမိတို့၏ ကိုယ်ပိုင်အလံ၊ မိမိတို့၏ ကိုယ်ပိုင်အမျိုးသားသီချင်း၊ မိမိတို့၏ ကိုယ်ပိုင် နယ်နိမိတ် ခိုင်ခိုင်မာမာဖြင့် မည်သည့်တိုင်းတစ်ပါးသားကိုမျှ အလေးပြု ဦးညွတ်နေစရာမလိုဘဲ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အဖြစ် ရပ်တည်နိုင်ခဲ့ပြီ။

 

လွတ်လပ်ရေးရသည့်အတွက် ဘာတွေဘယ်လောက်များပို ကောင်းလာသနည်း ဟူသည့် အငြင်းပွားမှုမျိုး လွတ်လပ်ရေးရခါစ ကာလများက ရှိခဲ့သလို ယနေ့ကာလတွင်လည်း အရပ်သား အစိုးရ၊ ဒီမိုကရေစီအစိုးရလက်သို့ အာဏာစတင်ရရှိလာသည်မှာ ဘာတွေ ပိုထူးခြားလာသလဲ ဟူသည့် မေးခွန်းမျိုးကိုလည်း ကြားရသည်။

 

လူတို့၏ သဘောသဘာဝအရ မိမိတို့အယူအဆ မိမိတို့သဘောထား အယူအဆအပေါ်တည်၍ မိမိတို့မြင်သလို၊ မိမိတို့ အကျိုးစီးပွားနှင့် ကိုက်ညီလျှင်ကိုက်ညီသလို၊ မကိုက်ညီလျှင် မကိုက်ညီသလို ကောက်ချက်ချကာ ဝေဖန်ပြစ်တင်ခြင်း၊ ချီးမွမ်း အားပေးခြင်းတို့က ရှိသည်သာ။

 

မည်သို့ပင်ဖြစ်စေ၊ ယနေ့အချိန်ထိ မြန်မာနိုင်ငံက စိန်ခေါ်မှု မျိုးစုံ အခက်အခဲမျိုးစုံကို ရင်ဆိုင် နေရဆဲ။ အပြင်းထန်ဆုံး ရင်ဆိုင် နေရခြင်းက ပြည်တွင်းမညီညွတ်မှုများပေါ်တွင် အခြေခံခဲ့သည်ဟု ဆိုရပါမည်။ နှစ်ခုနစ်ဆယ်ကျော်ကြာ လွတ်လပ်ရေး မရခင်ကာလ ကတည်းက နယ်ချဲ့တို့စတင် မီးမွှေးပေးခဲ့သည့် ပြဿနာများကလည်း ယနေ့တိုင် မငြိမ်းသေး။ ထိုစဉ်ကတည်းက နိုင်ငံရေး အယူအဆများ၊ သဘောထားများအပေါ် တည်မှီသည့် ပြည်တွင်းမညီညွတ်မှုများကလည်း ယနေ့ထိတိုင် အကွဲအပြဲများ၏ ဘောင်အတွင်းက မကင်းလွတ်နိုင်သေး။

 

ယနေ့အချိန်တွင် ထိုထိုသော မညီညွတ်မှုများကိုအခြေပြု၍ တောက်လောင်နေသည့် မီးတောက် မီးလျှံများက အရှိန်တည်း ရှိနေဆဲ။ ထိုမီးတောက်တို့က ပြင်းထန်ပူလောင်လာသည့်ကြားတွင် နိုင်ငံပြင်ပကပါ ဝိုင်းဝန်းလေပင့်မှုများရှိလာနေပြီဟုလည်း ထင်မြင်မိပါသည်။

 

သည်လိုကာလမျိုးတွင် နိုင်ငံ၏အနာဂတ်အတွက် ပြည်သူလူထုကလည်း ဝိုင်းဝန်းစောင့် ရှောက်ကြခြင်းဖြင့် ကာကွယ် ထိန်းသိမ်းကြရမည်ဟု ထင်မြင်ပါသည်။

 

နိုင်ငံတွင်းက မတူညီသော လူမျိုးစုများ၊ မတူညီသော ယုံကြည်ကိုးကွယ်မှုများ၊ မတူညီသော သဘောထားများနှင့် မတူကွဲပြားမှု များကြားက စုစည်းညီညွတ်မှုများ လိုအပ်ချိန်ဖြစ်ပါသည်။ နှစ်ပေါင်းများစွာ ကွဲပြားမှု၊ မညီညွတ်မှုတို့၏ ဒဏ်ကို ခံစားခဲ့ကြရ သည်ကို အဆုံးသတ်ရန် သင့်ကြပြီဟု ယူဆပါသည်။

 

စုစည်းညီညွတ်မှုများဖြင့်သာ ပြည်သူလူထုတို့အတွက် အနာဂတ်အလားအလာကောင်းများ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံငြိမ်းချမ်းရေးတို့ကို မျှော်လင့်နိုင်မည်ဟု ယုံကြည်ပါကြောင်း။     ။

 (မြန်မာ့အလင်း)