နိုင်ငံတော်၏ ပညာရေးစနစ်အား (၂၁)ရာစု ကျွမ်းကျင်မှုများဖြင့် ပြည့်စုံသည့်သင်ရိုးသစ်များဖြင့် ပြောင်းလဲသင်ကြားပေးနေ

မန္တလေး  ၄  ဧပြီ 

 

နိုင်ငံတော်၏ ပညာရေးစနစ်ကို(၂၁)ရာစု ကျွမ်းကျင်မှုများဖြင့်ပြီးပြည့်စုံ၍ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်သော အနာဂတ် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ အခြေခံပညာအဆင့်ကျောင်းသား ကျောင်းသူများအတွက် သင်ရိုးသစ်များရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ပညာ) ဒေါက်တာ တင်မောင်ဝင်းက ပြောကြားသည်။

 

(၂၁)ရာစု ကျွမ်းကျင်မှု

 

ယခင်က အခြေခံပညာအဆင့်ကျောင်းသား ကျောင်းသူများအား သာမန်ပညာသင်ယူခြင်းစနစ်ဖြင့် သင်ကြားပေးခဲ့သော်လည်း ယခုအခါ (၂၁)ရာစု ကျွမ်းကျင်မှုများဖြစ်သည့်စဉ်းစားဝေဖန် တွေးခေါ်နိုင်ခြင်း၊ တီထွင်ဖန်တီးနိုင်ခြင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ခြင်းနှင့် ပြေပြစ်စွာဆက်သွယ်ဆက်ဆံနိုင်ခြင်း အစရှိသည့် အရည်အသွေးများ ရရှိစေရန်၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစ၍ KG ၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင်Grade – 1 နှင့် ၂၀၁၈-၂၀၁၉ ပညာ သင်နှစ်တွင် Grade -2 သင်ရိုး ညွှန်းတမ်းများကို သင်ရိုးသစ်များဖြင့် ပြောင်းလဲသင်ကြားပေးခဲ့ပြီး လာမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင်မူလတန်းအဆင့် Grade – 3 နှင့်အလယ်တန်းအဆင့် Grade – 6 သင်ရိုးညွှန်းတမ်းများကို သင်ရိုအသစ်ဖြင့် ပြောင်းလဲသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အကောင်အထည်ဖော်

 

“ဒီလိုသင်ရိုးသစ်တွေ ရေးဆွဲတဲ့အခါမှာလည်း (၂၁)ရာစုနဲ့ ကိုက်ညီမယ့် ဘာသာရပ်တွေကို ပြည်တွင်း၊ ပြည်ပက သင်ရိုးပညာရှင်တွေနဲ့ ဘာသာရပ်ဆိုင်ရာ ပညာရှင်တွေပူးပေါင်းပြီး စနစ်တကျ အဆင့်ဆင့်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၁၉ -၂၀၂၀ မှာ ပြောင်းလဲသင်ကြားမယ့် သင်ရိုးသစ်တွေအတွက် Grade – 3 သင်ရိုးမှာ ဘာသာရပ် ၁၀ ခုနဲ့ Grade – 6 သင်ရိုးမှာ ဘာသာရပ် ၁၁ ခု ပါဝင်ပါတယ်”ဟု ၎င်းက ပြောသည်။

 

ယခုကဲ့သို့ သင်ရိုးသစ်များဖြင့်ပြုပြင်ပြောင်းလဲ သင်ကြားပေးမှုတွင်သင်ယူမည့် ကလေးများအတွက် အလွန်အရေးပါသကဲ့သို့ လက်တွေ့သင်ကြားပေးမည့် ဆရာ ဆရာမများ၏ အခန်းကဏ္ဍသည်လည်း အလွန်အရေးပါလှသဖြင့် ၎င်း ဆရာ ဆရာမများ၏ သင်ကြားပေးနိုင်မည့် စွမ်းရည်မြင့်မားစေရန် သင်ရိုးသစ်ဆိုင်ရာ သင်တန်းများ နှစ်စဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 

၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင်ပြောင်းလဲသင်ကြားမည့် Grade – 3 နှင့် Grade – 6 သင်ရိုးသစ်များ အတွက် သင်တန်းများကို မန္တလေးမြို့တွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ Grade – 6 သင်ရိုးအတွက်တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်သင်တန်းအား မတ် ၂၈ ရက်မှ ဧပြီ၈ ရက်အထိလည်းကောင်း၊ Grade – 3 သင်ရိုးအတွက် တိုင်းဒေသကြီးအဆင့်သင်တန်းကို ဧပြီ ၁ ရက်မှ ၁၀ ရက်အထိလည်းကောင်း ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)၊  ဓာတ်ပုံ- အောင်ဖြိုးကျော