နိုင်ငံတော်၏အနာဂတ်အတွက် အားကိုးအားထားပြုနိုင်သည့် လူရည်ချွန် လူရည်မွန်များဖြစ်ရေး

 

 

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးတွင်   နိုင်ငံသားတိုင်း    ပညာရည် ပြည့်ဝရန် အရေးကြီးသကဲ့သို့   ခေတ်မီဖွံ့ဖြိုးတိုးတက်သော   နိုင်ငံအဖြစ် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်အတွက်လည်း ပညာရေးကို မြှင့်တင်အားပေးရမည်ဖြစ်သည်။ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုတို့နှင့် ပြည့်စုံသော လူ့စွမ်းအားအရင်းအမြစ်ဖြင့်သာ နိုင်ငံကို တည်ဆောက်နိုင်မည်ဖြစ်သည့်အလျောက် လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှု စဉ်ဆက်မပြတ် ကောင်းမွန်နေရန် လိုအပ်သည်။

 

မိမိတို့နိုင်ငံ၏ လူဦးရေထက်ဝက်ခန့်မှာ အခြေခံပညာ အလယ်တန်း အောက်၌သာရှိနေပြီး အသက် ၂၅ နှစ်အထက် လူဦးရေ ၈ ရာခိုင်နှုန်းခန့်မှာ စာလုံးဝတတ်မြောက်ခြင်းမရှိကြောင်း စာရင်းဇယား အချက်အလက်များ၌ တွေ့ရှိနိုင်ရာ ယင်းအခြေအနေသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ခက်ခဲနိုင်သည်။ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက်အုပ်စုအလိုက် ကျောင်း တက်ရောက်မှု တဖြည်းဖြည်းလျော့ကျလာနေသည်ကို တွေ့ရကြောင်း၊ အဆိုပါ သန်းခေါင်စာရင်းအရ အသက်အုပ်စုအလိုက် ကျောင်းတက်ရောက်မှုမှာ ၁၄ နှစ်နှင့် ၁၅ နှစ်ကြား အုပ်စုတွင် ၇၆ ရာခိုင်နှုန်း၊ ၁၅ နှစ်နှင့် ၂၄ နှစ်ကြားအုပ်စုတွင် ၃၁ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၂၅ နှစ်နှင့်အထက် အုပ်စုတွင် သုည ဒသမ ၃ ရာခိုင်နှုန်းရှိသည်ကို တွေ့ရကြောင်း၊ အဆိုပါ အချက်မှာ အနာဂတ်တွင် နိုင်ငံအတွက်ကောင်းမွန်သည့် အလား အလာမဟုတ်သည့်အတွက် ကျောင်းနေအရွယ်ကလေးများ အားလုံး ကျောင်းနေနှုန်း တိုးမြှင့်စေရေးနှင့် ကျောင်းထွက်နှုန်း ကျဆင်းရေးတို့ကို ဝိုင်းဝန်းကြိုးပမ်းရမည် ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲ၏ မိန့်ခွန်းတစ်ရပ်တွင် တွေ့ရသည်။

 

မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေးတွင် ပညာရေးဝန်ကြီး ဌာနအောက်၌ တက္ကသိုလ်၊ ဒီဂရီကောလိပ် ၇၅ ကျောင်းနှင့် ဝန်ကြီးဌာန ၁၁ ခု၏ လက်အောက်၌ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းများ အပါအဝင် စုစုပေါင်း ၁၇၅ ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိသည်။ အဆိုပါ ကျောင်းများက အဆင့်မြင့် အသိပညာ၊ အတတ်ပညာ၊ နည်းပညာများကို သင်ကြားလေ့ကျင့်ပေးသည့်အပြင် ကိုယ်ကျင့်တရား၊ တွေးခေါ် မြော်မြင်မှု  စသည်တို့ကိုလည်း ပဲ့ကိုင်လမ်းညွှန်ပေးသည်။ တိုင်းဒေသကြီးများ၊ ပြည်နယ်များ စသည့် ပြည်ထောင်စုကြီး၏ အစိတ်အပိုင်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ထောင်စု နိုင်ငံတော်ကြီး တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လိုအပ်သည့် လူသားအရင်းအမြစ်များကို အဆင့်မြင့်ပညာများ လေ့ကျင့် သင်ကြားပေးရာ တက္ကသိုလ်၊ ကောလိပ်များက ပြုစုပျိုးထောင် မွေးထုတ်ပေးခြင်းဖြစ်ရာ အခြေခံပညာမူလတန်းမှစ၍ အတန်းလိုက် တန်းစဉ်မှန်မှန် ကူးပြောင်းရောက်ရှိနိုင်မှသာ အဆင့်မြင့် ပညာ သင်ယူခွင့်ရသူ တိုးတက်များပြားလာပြီး နိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ် အမြောက်အမြား ရရှိနိုင်မည်ဖြစ်သည်။

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် ဘာသာရပ်အလိုက် သင်တန်းများ ဖွင့်လှစ်သင်ကြားမှု စတင်ပြီဖြစ်ရာ မောင်မယ်သစ်လွင် ကျောင်းသား ကျောင်းသူတို့ ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားကြပြီဖြစ်သည်။ တက္ကသိုလ် ပညာသင်ယူမှု အတွေ့အကြုံများက ကျောင်းသား ကျောင်းသူ တစ်ဦးချင်းစီအတွက် အရေးကြီးသည်။  ဘာသာရပ်အလိုက် ပညာရပ်များအပြင် ပေါင်းသင်းဆက်ဆံမှု လူမှုအတွေ့အကြုံများ၊ တွေးခေါ်မြော်မြင်မှု အတွေ့အကြုံများကိုလည်း  ရရှိစေသည်။ တက္ကသိုလ်ကျောင်းသူ ကျောင်းသားဘဝသို့ ရောက်ရှိလာသူ လူငယ်တိုင်း မိမိတို့သင်ယူရာ ဘာသာရပ်အလိုက် ထူးချွန်အောင် ကြိုးစားခြင်း၊ မိမိတို့၏ကိုယ်ရည်ကိုယ်သွေးကို ပိုမိုမြင့်မားလာ အောင် ဖြည့်ဆည်းခြင်းဖြင့် ဘဝခရီးအတွက် ပြင်ဆင်ကြရမည့် အချိန်ဖြစ်သည်။

 

တက္ကသိုလ်၊ ဒီဂရီကောလိပ် စသည့်ကျောင်းများအလိုက် ကျောင်းသူ ကျောင်းသားများ စိတ်အေးချမ်းသာစွာ ပညာသင်ယူ နိုင်ကြရေး၊ တက္ကသိုလ်ပရဝဏ်များ သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်များကောင်းမွန်ရေး၊ ပညာအရည်အသွေး ပြည့်ဝစွာ သင်ကြားပို့ချနိုင်ရေးတို့အတွက် တာဝန်ရှိသူများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ  အဆင့်မြင့်ပညာများ  သင်ယူကြမည့် ကျောင်းသူ၊ ကျောင်းသား လူငယ်များအားလုံးက နိုင်ငံတော်၏ အနာဂတ်အတွက် အားကိုးအားထား ပြုနိုင်သည့်  လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန် အားထုတ်ကြိုးစားကြရပါမည့် အကြောင်း။

 

ကြေးမုံ