နိုင်ငံတော်ကြီး သာယာဝပြောမှု ရှိစေဖို့ ဆိုရာဝယ်…

မောင်မောင်လင်း

(ယမန်နေ့မှ အဆက်)

အဆင်ပြေရင်ပြေသလို ကိုယ့်သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်း၊ ဆွေမျိုးတွေကိုလည်း ဝေမျှပေးပါ။ ဆွေမျိုးတွေကို ချီးမြှောက်စောင့်ရှောက် ထောက်ပံ့တာကလည်း မင်္ဂလာတရားတော်နဲ့အညီ တရားအားထုတ်နေတယ်လို့ မှတ်ယူပါ။ သက်ရှိမိဘနှစ်ပါးကိုလည်း စောင့်ရှောက်လှူဒါန်းရမှာ ဖြစ်ပါတယ်။ မိဘနှစ်ပါးကို လှူဒါန်းတာဟာ သက်ရှိဘုရားကို လှူဒါန်းတာနဲ့တူပါတယ်။ မိဘ နှစ်ပါးလိုအပ်တာတွေကို စောင့်ရှောက်လှူဒါန်း နေတာကလည်း မင်္ဂလသုတ္တန်နည်းအရ တရားအားထုတ်နေတာပါပဲ။ ဘုရားကျောင်းကန်တွေမှာ လှူသင့်တာလည်းလှူပါ။ လူ့ကျင့်ဝတ်တွေကိုလည်း တတ်နိုင်သမျှ ကျေပွန်အောင် ကြိုးစားပါ။ ဒါတွေအားလုံးဟာ ဒါနတွေချည်းပါပဲ။ လှူတဲ့နေရာမှာလည်း ကံကံရဲ့ အကျိုးကို ယုံကြည်စွာလှူပါ။ အယုတ်အလတ်အမြတ်မရွေး ရိုရိုသေသေ လေးလေးစားစားနဲ့လှူပါ။ အချိန်ကာလအလိုက် လိုအပ်တာကိုလှူပေးပါ။ အစစအရာရာအဆင်ပြေပါစေဆိုတဲ့ စိတ်လေးထားပြီး ချီးမြှောက်လိုစိတ်နဲ့ လှူပါ။ သန့်ရှင်းစင်ကြယ်တဲ့ လှူဖွယ်ပစ္စည်းနဲ့ မိမိသူတစ်ပါး ပတ်ဝန်းကျင်ကိုပါ မထိခိုက်ရအောင် ငါးပါးသီလလုံစွာလှူပါ။ လှူတဲ့အခါမှာလည်းမလှူခင်နဲ့ လှူပြီးတဲ့အခါမှာပါ စေတနာမပျက်စေရဘဲ စေတနာသုံးတန် ပြည့်ဝစွာလှူဒါန်းရပါမယ်။ ကိုယ်ရလာတဲ့ အကျိုးအမြတ်တွေထဲက အယုတ်အလတ်အမြတ်မရွေး တတ်နိုင်သမျှပေးကမ်း၊ ဝေမျှ၊ လှူဒါန်းရပါမယ်လို့လည်း ဆရာတော်ကြီးရဲ့ ဟောကြားမှုကို နာယူဖူးပါတယ်။

မြတ်စွာဘုရားက ဒါနကောင်းမှုလုပ်ပြီဆိုရင် နည်းတာများတာက အဓိကမဟုတ်သလို ကောင်းတာ ညံ့တာလည်း အဓိကမဟုတ်။ အလှူလှူပြီဆိုရင် တလေးတစားလှူရမယ်။ ပူဇော်လိုတဲ့စိတ် ချီးမြှောက်လိုတဲ့စိတ်နဲ့ လှူရမယ်။ ကိုယ်တိုင်တလေးတစားလှူရမယ်။ ဒါဆိုရင် အဲဒီဒါနရဲ့ အကျိုးတရားဟာ ရောက်လာမှာပဲဆိုတဲ့ ယုံကြည်ချက်ရှိရမယ်ဆိုတာ ခံယူချက်ရှိရမယ်။ ဘုရားပွင့်လာမှ ဒါနတရားဟာ ပိုပြည့်စုံလာမှာဖြစ်လို့ အကောင်းဆုံးဒါန လုပ်ချင်တယ်ဆိုရင် ဓမ္မဒါနလုပ်ပါဆိုပြီး ဟောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း သာသနာပြုခြင်းအဓိပ္ပာယ်မှာကိုက “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိဆိုတဲ့ အလှူအားလုံးတို့တွင် တရားအလှူဟာ အမြတ်ဆုံးဖြစ်၏။ ဓမ္မကိုဖြန့်ဝေတဲ့သူဟာ သာသနာပြုသူမည်ပါ၏၊ ဓမ္မကို ဖြန့်ဝေခြင်းမှာ ပတ္တိဒါနကုသိုလ်ဖြစ်ပါ၏” လို့ ဖွင့်ဆိုထားတာနဲ့အညီ ကိုယ်တိုင်က သဒ္ဓါ တရားရှိတယ်၊ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်မိသားစုထဲ သဒ္ဓါတရားမရှိသေးဘူးဆိုရင် သဒ္ဓါတရားရှိအောင် လုပ်ပေးတာမျိုးကလည်း သာသနာပြုတာပဲ။

တိုက်ရိုက်သာသနာပြုတယ်ဆိုတာကတော့ ကိုယ့်မှာသီလရှိသလို သူများကို သီလရှိအောင်၊ ကိုယ့်မှာ သဒ္ဓါတရားရှိသလို သူများကို သဒ္ဓါတရားရှိအောင်၊ ကိုယ့်မှာ ပညာရှိရင် သူများကို ပညာရှိအောင် ဒီလိုပြုတဲ့ပုဂ္ဂိုလ်မျိုးက တိုက်ရိုက်သာသနာပြုတာဖြစ်သလို လှူတာတန်းတာမျိုးကလည်း တိုက်ရိုက်သာသနာပြုတာလို့ မခေါ်နိုင်ပေမယ့် အထောက်အကူပြုတယ်လို့ သတ်မှတ်နိုင်ကြောင်း ဆရာတော်ကြီး ဟောကြားတာကို နာယူဖူးပါတယ်။ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား တည်ထား ကိုးကွယ်ရာမှာတော့ ပိဋကတ်သုံးပုံပါ ဗုဒ္ဓရဲ့တရားဓမ္မများကို ကျောက်စာချပ်တွေပေါ်မှာ မြန်မာ၊ ပါဠိနဲ့ နိုင်ငံတကာသုံး ဘာသာစကားများနဲ့ပါ ထွင်းထုပူဇော်ထားပြီး ကျောက်စာရုံစေတီတော် တိုက်များအတွင်း စံပယ်ထားရှိစေခြင်းမျိုးသာမက စာအုပ်အဖြစ်လည်း ပုံနှိပ်ထုတ်ဝေကာ ကမ္ဘာ့နိုင်ငံဒေသအသီးသီးကို ပျံ့နှံ့ရောက်စေခြင်းမျိုးကြောင့် ယခုလိုသာသနာပြုခြင်းမျိုးဟာ တိုက်ရိုက် သာသနာပြုခြင်း ဖြစ်ပါတယ်။

“ဒွိစက္ခု”မျက်စိနှစ်လုံးရှိတဲ့ အကောင်းဆုံးပုဂ္ဂိုလ် ဆိုရာဝယ်

နိုင်ငံအတွင်းရှိ စီးပွားရေးကဏ္ဍကို ဦးဆောင် ဦးရွက်ပြုနေတဲ့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တိုင်းဟာ ဗုဒ္ဓမြတ်စွာဟောကြားခဲ့တဲ့ “အန္ဓသုတ္တန်”မှာ ပါရှိတဲ့အတိုင်း “ဒွိစက္ခု” မျက်စိနှစ်လုံးရှိတဲ့ အကောင်းဆုံးပုဂ္ဂိုလ်တွေ ဖြစ်နေရမှာပါ။ မျက်စိနှစ်လုံးဆိုတာ လူတိုင်းလူတိုင်းမှာ မျက်စိနှစ်လုံးရှိကြ သလိုပဲ အသိဉာဏ်ကလည်း နှစ်ခုရှိရမယ်၊ နှစ်ဖက်မြင်တတ်ရမယ်၊ တစ်ဖက်တည်း မမြင်ရဘူးလို့ ဆိုလိုတာပါ။ နှစ်ဖက်မြင်ရမယ်ဆိုတာမျိုးက “လူ့လောကမှာ လူရယ်လို့ဖြစ်လာတဲ့အခါ မရသေးတဲ့စည်းစိမ်ဥစ္စာတွေကိုရဖို့၊ ရလာတဲ့စည်းစိမ် ဥစ္စာတွေတည်မြဲဖို့၊ တည်မြဲပြီးသား စည်းစိမ်ဥစ္စာတွေကိုတိုးတက်ဖို့ သိမြင်တတ်တဲ့အသိဉာဏ်ဆိုတဲ့ မျက်စိတစ်လုံးလည်း ရှိဖို့လိုတယ်။ ဒါက ဒီဘဝကောင်းကျိုးအတွက် ဖြစ်တယ်။ နောင်ဘဝကောင်းကျိုးအတွက်လည်း ကုသိုလ်အကုသိုလ်၊ အပြစ်ရှိတယ် အပြစ်မရှိဘူးဆိုတဲ့ ဓမ္မအရေးနဲ့ပတ်သက်ပြီး သိတဲ့မျက်စိမျိုးလည်း နောက်ထပ် လိုအပ်တယ်”လို့ မြတ်စွာဘုရားက ဟောကြားရှင်းပြတော်မူခဲ့ပါတယ်။

ဒါမှသာ တစ်ခုနဲ့တစ်ခု ထိန်းညှိပေးနိုင်မှာလေ။ လောကအကျိုးချည်းပဲ ကြိုးစားမယ်ဆိုရင် သံသရာ အကျိုးကနေ လွတ်သွားလိမ့်မယ်။ ဒါကြောင့် လောကအကျိုး၊ သံသရာအကျိုး နှစ်မျိုးစလုံးရဖို့ အတွက် တစ်ခုနဲ့တစ်ခု ထိန်းညှိပြီးတော့ ကြိုးစားရမယ်။ အသိနှစ်မျိုးနဲ့ ထိန်းမတ်ပေးရမယ်လို့ ဆိုလို တာပါ။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် လူတွေမှာ စီးပွားဥစ္စာတွေတိုးတက်လာပေမယ့် ကိုယ်ကျင့်တရားက ဆုတ်ယုတ်ပျက်ပြားသွားလို့ရှိရင် ကောင်းကျိုးချမ်းသာတွေဟာလည်း တဖြည်းဖြည်း ဆုတ်ယုတ်သွားနိုင်လို့ပါ။

စီးပွားရေးဘက်ကလည်း တိုးတက်အောင်လုပ်ရမယ်။ ကိုယ်ကျင့်တရားဘက်ကလည်း တိုးတက်အောင်လုပ်ရမယ်။ အဲဒီလို နှစ်မျိုးနှစ်စား တိုးတက်ကြီးပွားအောင် ကြံဆောင်သိမြင်နိုင်တဲ့ အသိဉာဏ်နှစ်ခုကို မျက်စိနှစ်လုံးလို့ ခေါ်တာပါ။ စီးပွားရေးတိုးတက်အောင်လုပ်နိုင်ရမယ့် စီးပွားရေး မျက်စိရှိရမယ်။ ဓမ္မရေးရာတွေကို သိမြင်နိုင်မယ့် မျက်စိလည်းရှိနေရင် အဲဒီဓမ္မရေးရာမျက်စိနဲ့ စီးပွားရေးတိုးတက်လာမှုကို အကြောင်းပြုပြီးတော့ အကျင့်စာရိတ္တတွေ တိုးတက်ကောင်းမွန်လာအောင် ထိန်းညှိပြီးတော့ နေနိုင်မှာ ဖြစ်ပါတယ်။ စီးပွားရေးမျက်စိတော့ ရှိပါရဲ့၊ ဓမ္မရေးရာမျက်စိက မရှိဘူးဆိုရင် မိမိအကျိုးစီးပွားရရင်ပြီးရော ဘာမဆို လုပ်မယ်ဆိုတဲ့ အတွေးအခေါ်တွေ ဝင်လာတတ်တယ်။ အဲဒါကို ထိန်းထားနိုင်ရမယ်။ အဲဒီလိုထိန်းထားမှု မရှိဘူးဆိုရင် ကိုယ်ကျင့်တရား ပျက်ပြားပြီးတော့ စီးပွားရေးလည်း ကျဆင်းလာတတ်တယ်။

ကိုယ်ကျင့်တရားပျက်ပြားလာပြီဆိုရင် ရလာတဲ့စီးပွားဥစ္စာဟာ တည်မြဲမှုနဲ့တည်ငြိမ်မှုမရှိ ဖြစ်တတ်ပါတယ်။ လူပုဂ္ဂိုလ်တချို့ဟာ စီးပွားဥစ္စာ တွေတော့ တိုးတက်လာပါတယ်။ ဒါပေမယ့်အကျင့် စာရိတ္တမှာတော့ ယိုယွင်းသွားပြီးကြာလာတဲ့အခါမှာ စီးပွားဥစ္စာလည်း ပျက်စီးသွားတတ်တာကို လောကထဲမှာ တွေ့မြင်ကြားသိဖူးမှာပါ။ ဒါကြောင့်မို့လို့ Economic progress နဲ့ Spirtual progress နှစ်မျိုး ထိန်းညှိပြီးတော့ ထားနိုင်ရမယ်။ အဲဒီလိုလုပ်ထားရင် စီးပွားတိုးတက်မှုလည်း ခိုင်မြဲတယ်၊ တစ်ဖက်က ကိုယ်ကျင့်တရားလည်း ခိုင်မြဲလာမယ်။ စီးပွားနဲ့ ကိုယ်ကျင့်တရားကို ထိန်းမယ်။ ကိုယ်ကျင့်တရားနဲ့ စီးပွားကို ပြန်ထိန်းမယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သံသရာထဲမှာ နေရတဲ့အခိုက်အတန့်မှာလည်းပဲ ကောင်းတဲ့အကြောင်းတွေ ဆောင်ရွက်နိုင်မှာ ဖြစ်တာကြောင့် ဘက်နှစ်ဖက်ရှုမြင်တတ်တဲ့ ပညာမျက်စိရှိရမယ်လို့ မြတ်စွာဘုရားက အဲဒီသုတ္တန်မှာ ဟောထားခဲ့တာပါ။

ဥပမာအားဖြင့် ကုန်သည်ပွဲစား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအနေနဲ့ ရောင်းဝယ်ဖောက်ကားမှု ပြုခြင်းအပေါ် မိမိတစ်ဦးတည်း အမြတ်အစွန်းရရှိ စေမှုအတွက်သာ ရှေးရှုတာမျိုးမဟုတ်ဘဲ တစ်ဖက် သားအတွက်လည်း အကျိုးရှိစေတဲ့ Win-Win စိတ်ထားမျိုး ထားရှိစေခြင်းမျိုး ဖြစ်ပါတယ်။ ဒါ့အပြင် မိမိရှာဖွေစုဆောင်းရရှိထားတဲ့ စည်းစိမ်ဥစ္စာတွေထဲမှ အချို့ကိုလည်း သာသနာရေးဆိုင်ရာနဲ့ အခြားလိုအပ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေမှာပါ မိမိတတ်အားသရွေ့ လှူဒါန်းလိုတဲ့ စိတ်နေစိတ်ထားမျိုး ထားရှိတာမျိုးလည်း ဖြစ်ပါတယ်။ ဒါဆိုရင် အဲဒီလို ပုဂ္ဂိုလ်များအနေနဲ့ အမျိုးဘာသာ၊ သာသနာတော်အတွက်သော်လည်းကောင်း၊ နိုင်ငံတော်ရဲ့ လူမှုစီးပွားဘဝတိုးတက်ရေး အတွက်သော်လည်းကောင်း တစ်စိတ်တစ်ပိုင်းမှာ ပါဝင်ထမ်းဆောင်နေကြသူ၊ နိုင်ငံ့ဂုဏ်ကို ဆောင်နေ ကြသူတွေ ဖြစ်လာမှာ ဧကန်ဖြစ်ပါတယ်။

လက်ရှိမှာလည်းပြည်တွင်းရှိ စီးပွားရေးလုပ်ငန်း ရှင်တွေဟာ မကြာသေးမီက ဖြစ်ပေါ်ခဲ့တဲ့ မိုခါ မုန်တိုင်း ဖြစ်စဉ်တွေမှာလည်းကောင်း၊ လက်ရှိတည်ထားကိုးကွယ်နေတဲ့ မာရဝိဇယရုပ်ပွား တော်မြတ်ကြီးအတွက် လှူဒါန်းတဲ့အခါမှာ လည်းကောင်း၊ ယခင့်ယခင်များကလည်း နိုင်ငံတော် အတွက်လိုအပ်ချက် ရှိလာတိုင်းမှာလည်းကောင်း သူတို့ရဲ့ သဒ္ဓါတရားကြီးမားမှုကို ဖော်ထုတ်ပြသနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ ဘယ်အလုပ်မျိုးကိုမဆို လုပ်ဆောင်တော့မယ်ဆိုရင် ဓမ္မမျက်စိလေးနဲ့ပါရှုမြင်တတ်တဲ့ ပုဂ္ဂိုလ်များလို့ သတ်မှတ်နိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားဘာသာတရားတွေကို ကိုးကွယ်ယုံကြည်သူတွေအပါအဝင် သာမန်နိုင်ငံသားအားလုံးကလည်း မိုခါမုန်တိုင်း ဖြစ်ပွားစဉ် ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက်၊ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးအတွက် လှူဒါန်းမှုမျိုးတွေမှာ နိုင်ငံတော်ရဲ့ ဦးဆောင်မှုနဲ့အတူသူတို့ဟာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် သူတို့ရဲ့ သဒ္ဓါတရားထက်သန်မှုကို ပြသခဲ့ပြီးဖြစ်ပါတယ်။

ကမ္ဘာပေါ်ရှိ အခြားကိုးကွယ်ယုံကြည်မှု ဘာသာတရားအချို့မှာ လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ဟာ မိမိဝင်ငွေရဲ့ အဖို့ဝေစုတစ်ခုကို ပြန်လည်လှူဒါန်းမှုပြုရမယ် ဆိုတာမျိုးကို သက်ဆိုင်ရာဘာသာရဲ့ ကျမ်းစာအသီးသီးမှာ ပြဋ္ဌာန်းထားရှိပါတယ်။ မိမိတို့ ယုံကြည်ကိုးကွယ် နေကြတဲ့ ဗုဒ္ဓဘာသာမှာတော့ အဲဒီလိုသတ်မှတ်ထားရှိခြင်းမရှိပေမယ့်သူတို့ဟာ ယခုလိုမျိုး စွမ်းဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုစွမ်းဆောင် ခဲ့မှုတွေဟာဆိုရင်လည်း ယနေ့ခေတ်ရဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် သတင်းမီဒီယာနဲ့ လူမှုဆက်သွယ်ရေးကွန်ရက်တွေမှတစ်ဆင့် ကမ္ဘာ့နေရာဒေသအနှံ့ ဖြန့်ကြက်ရောက်ရှိသွားမှာပဲ ဖြစ်ပါတယ်။ ဒါတွေကို ရှုမြင်ရတာကြောင့်လည်း နိုင်ငံတကာကတော့ မြန်မာနိုင်ငံသားတွေဟာ သာသနာပြုဖို့ လွန်စွာစိတ်အားထက်သန်ကြတယ်လို့ ရှုမြင်ထားကြတာပဲ ဖြစ်ပါတယ်။

ဒါကိုပဲ နည်းနည်းကျယ်ကျယ်ပြန့်ပြန့် စဉ်းစားကြည့်မိပါတယ်။ ဒီပလိုမေစီဘာသာရပ်ရဲ့ အခြေခံသဘောတရားများနဲ့ လိုက်နာကျင့်သုံးမှု သီအိုရီတွေထဲမှာ အများပြည်သူဒီပလိုမေစီ (Public Diplo-macy)ဆိုတဲ့ ဝေါဟာရလည်း ပါဝင်ပါတယ်။ နိုင်ငံများအကြား သံခင်းတမန်ခင်းဆိုင်ရာ အရေး ကိစ္စများကို ဆောင်ရွက်တဲ့အခါမျိုးမှာ တရားဝင် ခန့်အပ်တာဝန်ပေးအပ်ထားသူများဖြင့်သာမက သာမန်နိုင်ငံသားတွေအနေနဲ့လည်း ပညာရေး၊ ကျန်းမာရေးနဲ့ အားကစား စတဲ့ လူမှုရေး၊ ယဉ်ကျေး မှု၊ ဘာသာရေးဆိုင်ရာ ကိစ္စရပ်တွေမှာပါ ကူးလူးဆက်သွယ်ဆက်ဆံမှုမျိုးမှ နိုင်ငံတစ်ခုရဲ့ စံနှုန်းနှင့်တန်ဖိုးများကို တစ်ဖက်နိုင်ငံက သိရှိသွားစေခြင်းနဲ့ ဒီလိုအပြန်အလှန် ဖလှယ်ဆောင်ရွက်လုပ်ဆောင် ခြင်းမျိုးဖြင့် နိုင်ငံများအကြား နားလည်မှုပိုမိုမြင့်မားစေမှာဖြစ်သလို ပူးပေါင်းဆောင်ရွက်မှု ပိုမိုရရှိစေကာ ချစ်ကြည်ရင်းနှီးမှုလည်း ပိုမိုခိုင်မာအောင် တည်ဆောက်လာနိုင်မှာ ဖြစ်ပါတယ်။

သာဓကအနေနဲ့ ဒုတိယကမ္ဘာစစ်အပြီး ဥရောပနိုင်ငံများနဲ့ အမေရိကန်ပြည်ထောင်စုအကြားမှာ ဆောင်ရွက်ခဲ့တဲ့ မာရှယ်စီမံကိန်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုအကြားမှာ ဆောင်ရွက်ခဲ့တဲ့ ပင်ပေါင်ဒီပလိုမေစီတို့ပဲ ဖြစ်ပါတယ်။ ဒီအပြင် ရှေ့မှာဖော်ပြခဲ့တဲ့ ဆက်သွယ်ရေး နည်းပညာတိုးတက်ဖွံ့ဖြိုးလာသော သတင်းမီဒီယာ ခေတ်ကြီးမှာတော့ ကမ္ဘာ့ဘယ်နေရာမျိုးမှာ နေထိုင်နေသည်ဖြစ်စေ နိုင်ငံတစ်နိုင်ငံသာမက လူပုဂ္ဂိုလ်တစ်ဦးရဲ့ ပြောဆိုပြုမူလုပ်ဆောင်နေမှုတွေ ကို ဘယ်လောက်ဝေးကွာနေသည်ဖြစ်စေ အခြား ဒေသတစ်နေရာကပင် အချိန်နဲ့တစ်ပြေးညီ သိရှိလာ နိုင်မှုကြောင့် အဲဒီနည်းပညာတွေကို ဒီပလိုမေစီ လုပ်နည်းစဉ်တွေမှာ ထည့်သွင်းအသုံးပြုတဲ့ ဒစ်ဂျစ် တယ်ဒီပလိုမေစီ (Digital Diplomacy) ဆိုတာမျိုး လည်းရှိနေတာကြောင့် နိုင်ငံသားတစ်ဦးချင်း၊ အစုအဖွဲ့နဲ့ အသင်းအဖွဲ့အစည်းတွေရဲ့ပြောဆိုပြုမူ လုပ်ဆောင်မှုတွေဟာ သက်ဆိုင်ရာ နိုင်ငံကိုကိုယ်စားပြုမှုရှိနေတာမျိုးကြောင့် နိုင်ငံများအကြား တရားဝင်လုပ်ဆောင်လျက်ရှိတဲ့ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ဒီပလိုမေစီ (International Relation and Diplomacy) ကဏ္ဍအပေါ် သက်ရောက်မှုများစွာ ရှိနေပါတယ်။ အနာဂတ်မှာဆိုရင် နိုင်ငံသားဒီပလိုမေစီ (Citizenship Diplomacy) မျိုးအထိ တိုးတက်ဖြစ်ပေါ်သွားနိုင်တာကြောင့် သာမန်နိုင်ငံ သားလူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီရဲ့ အခန်းကဏ္ဍဟာ နိုင်ငံတော်အတွက် ပိုမိုအရေးပါလာမှာ ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါတယ်။

ဝမ်းမသာကောင်းတဲ့ အရာသုံးမျိုးနှင့် လူ့ဗာလတွေ မဖြစ်ဖို့ အရေးကြီး

အချို့သော မြန်မာနိုင်ငံသားများ အပါအဝင်လူပုဂ္ဂိုလ်အချို့ဟာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားများနဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာ မစ္ဆရိယဆိုတဲ့ အကုသိုလ်အန္တရာယ်တွေဟာ သူတို့ရဲ့ သန္တာန်မှာပေါ်နေတတ်တာမျိုးလည်း ရှိနေပါတယ်။ ဒါဟာ အင်မတန်ကြောက်စရာကောင်းပါတယ်။ အဲဒီလိုဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ အောက်မှာ ဖော်ပြထားတဲ့ ဝမ်းသာစရာမကောင်းတဲ့အရာ သုံးမျိုးကိုတောင် ဝမ်းသာတတ်လာတယ်လို့ ဆရာတော်ကြီးက ဟောကြားခဲ့ပါတယ်-

(၁) သူတစ်ပါးရဲ့ အသက်ခန္ဓာဆုံးရှုံးတာကို ဝမ်းမသာကောင်းပါဘူး။ ကိုယ်က ဘယ်လောက် မုန်းတီးတဲ့ ရန်သူဖြစ်ပါစေ တစ်နည်းနည်းနဲ့ သေဆုံးခဲ့ရင်၊ သို့မဟုတ် သေဆုံးတော့မယ့်အခြေအနေကို ရင်ဆိုင် နေရရင်ဝမ်းနည်းစာနာမှု မပေးနိုင်ရင်တောင်မှ ဝမ်းမသာကောင်းပါဘူး။ ဝမ်းသာလိုက်ခြင်းအားဖြင့်ကိုယ်က အဲဒီလူကို သေကျေပျက်စီးစေလိုတဲ့စိတ် ရှိနေပြီးဖြစ်တာကြောင့် ကိုယ်တိုင် လူမသတ်သော်လည်း သေစေလိုစိတ်ကြောင့် ပါဏာတိပါတကံ ထိုက်ပါတယ်။

(၂) သူတစ်ပါးရဲ့ စည်းစိမ်ဥစ္စာ ပျက်စီးဆုံးရှုံးခြင်းကို ဝမ်းမသာကောင်းပါဘူး။ သူ့ဘာသာ တရားသောနည်းဖြင့်ဖြစ်စေ၊ မတရားသောနည်းဖြင့်ဖြစ်စေ ပိုင်ဆိုင်ထားတာဟာ အဲဒီသူရဲ့ ကုသိုလ်ကံနဲ့ အကုသိုလ်ကံသာဖြစ်တာကြောင့်ကိုယ်က ဥပေက္ခာပြုနိုင်ရမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ မနောကံအားဖြင့် ပျက်စီးဆုံးရှုံးစေလိုခြင်းဆိုတဲ့ ဗျာပါဒ ဒုစရိုက်စိတ်ကြောင့် အပါယ်လားတတ်ပါတယ်။ ကိုယ်တိုင် ခိုးယူ၊ ဖျက်ဆီးတာမျိုးမဟုတ် သော်လည်း အဒိန္နာဒါနာကံ ထိုက်တဲ့ သဘောပါ။

(၃) သူတစ်ပါးရဲ့ ချစ်ခင်ညီညွတ်မှု ပျက်စီးခြင်းကို ဝမ်းမသာကောင်းပါဘူး။ မိမိရဲ့ မုန်းတီးစိတ်ကြောင့် လူနှစ်ဦးရဲ့ချစ်ခင် ညီညွတ်မှုပျက်စီးတာကို ဝမ်းသာခြင်း၊ ချစ်ခင်ညီညွတ်မှုကို မနှစ်မြို့ခြင်းဆိုတဲ့ ပင်ကိုဆန္ဒတွေပါသွားတဲ့အတွက် ဗျာပါဒဒုစရိုက်ကံမြောက်သွားပါတယ်။ ချစ်ခင်သူနှစ်ဦးကြားမှာ စိတ်ဝမ်းကွဲသွားအောင်၊ သို့မဟုတ် မိမိကိုချစ်ခင်လာအောင် ရန်တိုက်ပေးခြင်း၊ သင့်တင့်ညီညွတ်နေသော မိတ်ဆွေတွေကို မသင့်မတင့် ဖြစ်အောင် စိတ်ဝမ်းကွဲအောင် ပြောဆိုခြင်းစတဲ့ ကုန်းတိုက်ပြောဆိုခြင်းဖြင့် ယုတ်ညံ့သော ပိသုဏဝါစာကံ ကျူးလွန်မိတတ်ပါတယ်။

အဲဒီလိုဖြစ်ရတာဟာ မှားယွင်းတဲ့အတွေးတွေ ကြောင့်ဖြစ်ပြီး မှန်ကန်သောအမြင်မရှိလို့ အဲဒီလိုပြုမူ၊ ပြောဆို လုပ်ကိုင်ဆောင်ရွက်နေကြတာပါ။ ပင်မအရင်းခံကတော့ ပညာဆိုတဲ့ အသိဉာဏ်နည်းပါးလို့ပဲ ဖြစ်ပါတယ်။ ဘာသာစကားတိုင်းမှာ “ဗာလ” ဆိုတဲ့ အသုံးအနှုန်းနဲ့တူညီတဲ့ ဝေါဟာရမျိုးရှိပြီး “လူမိုက်”လို့ ဘာသာပြန်လေ့ ရှိကြမှာပါ။ လူမိုက်လို့ဆိုရင် ရိုင်းစိုင်းပြီးတော့ ကြမ်းတမ်းတယ်၊ လူတကာကို ဆဲရေးတယ်၊ ရိုက်နှက်တယ်ဆိုတဲ့ လူဆိုးကိုလူမိုက်လို့ပဲလူတွေက အသိများကြပါ တယ်။ ဒါပေမယ့် အဲဒါမျိုးကိုသာ လူမိုက်လို့ပြောတာ မဟုတ်ပါ။ လူမိုက်ဆိုတာ လုပ်သင့်တာနဲ့ မလုပ်သင့် တာကို မသိတဲ့သူ၊ အသိဉာဏ်ကင်းမဲ့သူ၊ အသိ ဉာဏ်ခေါင်းပါးသူကို ပြောတာမျိုးပါ။ အဲဒီလို အသိဉာဏ် ကင်းမဲ့တဲ့ပုဂ္ဂိုလ်မျိုးဟာ အင်မတန်မှ ကြောက်စရာကောင်းပါတယ်။

အသိဉာဏ် ကင်းမဲ့လာပြီ ဆိုလို့ရှိရင် သူကိုယ်တိုင်လည်း စရိုက်ဆိုးတွေ ဝင်လာတယ်၊ သူများကိုလည်း စရိုက်ဆိုးတွေ ဖြစ်အောင်ဖြားယောင်း သွေးဆောင်တတ်လာတယ်လေ။ အသိဉာဏ်မရှိတာကို အခြေခံပြီးတော့ ဆိုးရွားတဲ့ စရိုက်တွေကို လုပ်တော့မှ လူမိုက်ကနေ လူဆိုးဖြစ်လာတယ်။ ဒါကြောင့်မို့လို့ ခိုးဆိုးတိုက်ခိုက်နေမှ လူမိုက်မဟုတ်၊ အသိဉာဏ်မရှိရင် လူမိုက်ပဲ ဖြစ်ပါတယ်။ အသိဉာဏ်မရှိတဲ့ ပုဂ္ဂိုလ်ဟာ ပြောတဲ့အခါ မှာဆိုရင်လည်း ကိုးရိုးကားရား၊ လုပ်တဲ့အခါမှာလည်း ကိုးရိုးကားရား၊ အဲဒီလိုမျိုးကို ဆိုလိုတာပါ။ ဗာလဆိုတဲ့ ပုဂ္ဂိုလ်မျိုးဟာ အသိဉာဏ်မရှိသည့် အတွက် စရိုက်ဆိုးတယ်။ စရိုက်ဆိုးတဲ့အတွက် မကြံအပ်တဲ့၊ မကောင်းတဲ့အကြံတွေ၊ အကြံဆိုးတွေကို ကြံစည်တယ်။ မပြောသင့်တဲ့စကားတွေကို ပြောတယ်။ မလုပ်သင့်တဲ့အလုပ်တွေကို လုပ်တယ်။ ဘယ်တော့ ဖြစ်ဖြစ် မကောင်းတဲ့ဘက်ကို ဦးဆောင်တယ်။

မကောင်းတဲ့ဘက်ကို ဦးဆောင်တာကို အကောင်းထင်ပြီး ကိုယ်ကျင့်တရား ပျက်ပြားမှုမှာ ရှေ့ဆောင်ရှေ့ရွက်လုပ်တတ်တယ်။ ကောင်းတာ ပြောလည်း လက်ခံနာယူနိုင်ခြင်းမရှိဘဲ စိတ်ဆိုးတတ်တယ်။ ဒါတွေဟာ လူမိုက်တွေရဲ့ သဘောထားတွေ ပဲဖြစ်ပါတယ်။ သူတို့ဟာ လူမှုရေးလည်း နားမလည်ဘူး။ လူရဲ့ကိုယ်ကျင့်တရားကိုလည်း နားမလည်ဘူး။ မိကောင်းဖခင် သားသမီးတိုင်းမှာ ကောင်းမြတ်တဲ့ အကျင့်တရားတွေဆိုတာရှိတယ်။ ကိုယ်ကျင့်တရား နဲ့စပ်လျဉ်းလို့ သွန်သင်ထားမှုတွေ၊ လူ့စည်းကမ်းတွေ ရှိတယ်။ Human dignity ခေါ်တဲ့ လူရဲ့ဂုဏ်သိက္ခာ တွေဆိုတာရှိတယ်။ အဲဒါမျိုးကို လူမိုက်ကဘာတစ်ခုမှ ဂရုမစိုက်ဘူး၊ ဘာတစ်ခုမှ မသိဘူးလို့လည်း ဆရာတော်ကြီးက ဟောကြားခဲ့ပါတယ်။

ဒါကြောင့် နိုင်ငံသား လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ချင်းစီတိုင်းဟာ ရှေ့မှာဖော်ပြထားပြီးဖြစ်တဲ့ ကောင်းတဲ့အမှုတွေကို ပြုမူပြောဆိုလုပ်ကိုင် ဆောင်ရွက်ခြင်းမပြုနိုင်ရင်တောင်မှ လူ့ဗာလတစ်ဦးရဲ့ အမူအကျင့်မျိုးတွေကို ရှောင်ကြဉ်နေထိုင် သွားမယ်ဆိုရင် နိုင်ငံအတွင်း မှီတင်းနေထိုင်နေကြတဲ့ ပြည်သူ၊ ပြည်သားအားလုံး အေးအေးချမ်းချမ်းနဲ့ နေထိုင်လုပ်ကိုင် စားသောက်နိုင်လာမှာဖြစ်ပြီး စီးပွားလာဘ်လာဘများ တိုးတက်စေမှာဖြစ်သလို ပျော်ပျော်ရွှင်ရွှင် ပညာသင်ကြားနိုင်မှာလည်း ဖြစ်ပါတယ်။ ဒီလိုဆိုရင် နိုင်ငံတော်ကြီး သာယာဝပြောမှု ရှိလာမှာ ဧကန်မလွဲ ဖြစ်ပါတယ်။ ဒါ့အပြင် လူ့ဗာလတွေ့ရဲ့ မြေပြင်နဲ့ On Line ပေါ်ကတစ်ဆင့် လုပ်ဆောင်မှုတွေကြောင့် နိုင်ငံတော်နဲ့ နိုင်ငံသားတို့ ရဲ့ပုံရိပ် Image ထိခိုက်မှုအပေါ်မှာလည်း ဟန့်တားကာကွယ်တားဆီးပြီးသားဖြစ်ပြီး Public Diplo-macy နဲ့ Digital Diplomacy ကဏ္ဍများအတွက်ပါ တစ်ဖက်တစ်လမ်းမှ အကျိုးကျေးဇူး ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။

နိဂုံးချုပ်အားဖြင့် မြန်မာနိုင်ငံမှာ ရည်ရွယ်ချက် (၄)ရပ်ဖြင့် တည်ထားကိုးကွယ်နေသော မာရဝိဇယရုပ်ပွားတော်မြတ်ကြီးရဲ့ ကျေးဇူးတော်ကြောင့် ဗုဒ္ဓရဲ့မေတ္တာဓာတ်တွေ ကမ္ဘာအနှံ့ ဖြန့်ကြက် လွှမ်းခြုံသွားပြီး ကမ္ဘာသူကမ္ဘာသားအားလုံး ကိုယ်စိတ်နှလုံးသုံးပါး အေးငြိမ်းချမ်းသာဖြစ်စေ နိုင်မှာဖြစ်ကာ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးဖြစ်စေရေး အတွက်လည်း များစွာအထောက်အပံ့ ဖြစ်စေမှာ လည်းဖြစ်ပါကြောင်း “ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူ” ဆိုတဲ့ စိတ်ထားမျိုးဖြင့် တင်ပြလိုက် ရပါတယ်။ ။