နိုင်ငံတော်လွတ်လပ်ရေးနှင့် စာပေဗိမာန်၏ အခန်းကဏ္ဍ

စိုးနိုင်ထွန်း (စာပေဗိမာန်)

မိဘတို့၏မေတ္တာတရားကို မည်မျှပင် နားလည်သည်ဆိုစေကာမူ ကိုယ်ကိုယ်တိုင် မိဘနေရာမရောက်သေးသရွေ့ အပြည့်အဝနားလည် နိုင်မည်မဟုတ်ပေ။ ထို့အတူ မလွတ်လပ်ခြင်း၊ အခြားတိုင်းတစ်ပါးသား၏ စိုးမိုးချုပ်ချယ်၊ ကိုလိုနီပြုခြင်းဆိုးကျိုးကို မည်မျှပင် ကိုယ်ချင်းစာ၍ နားလည်သဘောပေါက်သည်ဆိုစေကာမူ ကိုယ်ကိုယ်တိုင် ထိုကဲ့သို့ ကိုလိုနီပြု စိုးမိုးခြင်းအောက်တွင်မရောက်ခဲ့ဘဲ ဂဃနဏ သိရှိခံစား နားလည်ပေးနိုင်မည်မဟုတ်ပေ။

ယခု ကျွန်ုပ်တို့နိုင်ငံတွင် မှီတင်းနေထိုင်နေကြသူအများစုမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှ မွေးဖွားလာကြသူများဖြစ်သည်။ ကိုလိုနီလက်အောက်ခံဘဝကို ကြုံတွေ့ခဲ့ရသူအနည်းငယ်သာရှိသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် မွေးဖွားသူများပင် ခုနစ်ဆယ်ကျော် ငါးနှစ်အတွင်း ချဉ်းနင်းဝင်ရောက်နေကြသူများဖြစ်သည်။ အရွယ်အား ဖြင့်ကြည့်မည်ဆိုပါက တတိယအရွယ်ဖြစ်သည်။ ဘဝ၏ လှိုင်းတံပိုးများဖြစ်သည့် ကောင်းခြင်း၊ ဆိုးခြင်းနှင့် အတက်အကျတို့ကို ဘဝစုံအရွယ်စုံဖြင့် အတွေ့အကြုံများခဲ့ကြပြီဖြစ်သည်။ နောက်သို့ ပြန်လှည့် ကြည့်မည်ဆိုပါက လွမ်းစရာများလည်းရှိမည်။ နာကြည်းစရာများလည်းရှိမည်။ ပျော်စရာများလည်းကြုံခဲ့ရပြီ။ ဝမ်းနည်းစရာများကိုလည်း ဖြတ်သန်းခဲ့ပြီ။ သင်ခန်းစာယူစရာများလည်းရှိမည်။ နောင်တရစရာ များလည်းရှိမည်ဖြစ်သည်။

(၇၅)နှစ်ပြည့်၍ စိန်ရတုပင်တိုင်ခဲ့ပြီ

ထို့အတူပင် ကျွန်ုပ်တို့နေထိုင်နေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည်လည်း လွတ်လပ်ရေးရခဲ့သည်မှာ (၇၅)နှစ် ပြည့်၍ စိန်ရတုပင်တိုင်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကိုယ့်နိုင်ငံ၊ ကိုယ့်အချုပ်အခြာပိုင်မြေကို ကိုယ့်အစိုးရ၊ ကိုယ့်ဥပဒေဖြင့်  လွတ်လွတ်လပ်လပ် အုပ်ချုပ်စီမံလာခဲ့သည်ကို လူသားသက်ရှိတစ်ဦးအနေဖြင့် နောက်သို့ပြန်လည်ကြည့်ရှုမည်ဆိုပါက အားသာချက်များလည်းရှိမည်။ အားနည်းချက်များကိုလည်း တွေ့ရမည်။ သင်ခန်းစာရယူစရာများကိုလည်း တွေ့မည်။ ဆက်လက် အကောင်အထည်ဖော်သွားရမည်များလည်း ရှိနေမည်သာဖြစ်သည်။ Life is Full of ups and downs ဆိုသည့်အတိုင်း ဘဝဆိုတာကြီးကိုက အတက်အကျများနှင့် ပြည့်နှက်နေသည်။ ထို့အတူ နိုင်ငံသည်လည်း အတက်အကျ၊ အနိမ့်အမြင့်များရှိခဲ့ပေသည်။ ယင်းအနိမ့်အမြင့်၊ အတက်အကျများမှ သင်ခန်းစာယူ၍ နိုင်ငံတိုးတက်ရေးအတွက် နိုင်ငံ့သားကောင်းတိုင်းက ကြိုးစားဆောင်ရွက်ရမည်ဖြစ်သည်။

ထို့ကြောင့် ဆရာကြီးဒေါက်တာသန်းထွန်းက ‘သမိုင်းသင်တာ မအအောင်လို့’ ဟုဆိုသည်။ သမိုင်းကို ‘မအအောင်’ သင်တဲ့အပြင် ကိုယ်ကိုယ်တိုင်လည်း သမိုင်းကောင်းရေးထိုးနိုင်အောင် ကြိုးစားရမည်။ ကျွန်ုပ်တို့၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကလည်း ‘ရာဇဝင်ကို သိရုံသာမဟုတ် ရာဇဝင်ကို ဖန်တီးနိုင်စေရမည်’ဟု ဆိုထားခဲ့ပါသည်။

မြန်မာ့သမိုင်းကို အနည်းငယ်ပြန်ပြောင်းကြည့်ပါက ‘အနိရုဒ္ဒဒေဝ’ ဟူသော ဘွဲ့အမည်ခံ အနော်ရထာမင်းကြီး (၁၀၄၄-၁၀၇၇) သည် ပထမမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သည်။ ထေရဝါဒ ဗုဒ္ဓသာသနာ အခြေတည်အောင် ဆောင်ရွက်ခဲ့သောမင်းကြီးလည်း ဖြစ်ပေသည်။ ဒုတိယမြန်မာနိုင်ငံတော်ကြီးကို ဘုရင့်နောင်မင်းတရားကြီး (၁၅၅၁-၁၅၈၁) က တည်ထောင်ခဲ့သည်။ ဘုရင့်နောင်မင်းတရားကြီးသည် အနော်ရထာမင်းလက်ထက်က မြန်မာ့ဘုန်းတန်ခိုး ထွန်းတောက် ခဲ့သည့် ပုဂံပြည်ထောင်ကဲ့သို့သော ပြည်ထောင်တစ်ခုကို ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။ 

ဘုရင့်နောင်မင်းတရားကြီး၏ ရဲစွမ်းသတ္တိအပြည့်ဖြင့် တိုင်းပြည် အကျိုးဆောင်ရွက်ခဲ့ပုံ၊ တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးအတွက် အခြေခံအုတ်မြစ်ချခဲ့ပုံတို့ကို သမိုင်းပညာရှင် ဒေါက်တာကျော်သက် ၏ ပြည်ထောင်စုမြန်မာနိုင်ငံ သမိုင်းစာအုပ်တွင် “ဘုရင့်နောင်၏ စွမ်းရည်သတ္တိနှင့် တိုင်းပြည်အကျိုးဆောင်ရွက်ခဲ့ပုံတို့သည် နောင်လာ နောက်သား မြန်မာမှန်သမျှတို့၏ အမျိုးဇာတိမာန်ကို အမြဲတစေနှိုးဆွ ပေးနိုင်သည့် ဂုဏ်သတ္တိထူးများနှင့် ပြည့်စုံလေသည်။ ထို့ကြောင့် လာမည့်ရာစုနှစ်များတွင် မြန်မာတို့ ဆုံရ၊ ကြုံရမည့် အခက်အခဲ ဆင်းရဲဒုက္ခဟူသမျှကို ခိုင်လုံသောအမျိုးဇာတိမာန်ဖြင့် ရင်ဆိုင်နိုင်စေသည့် အထောက်အကူတစ်ရပ်အဖြစ် ရပ်တည်လျက်ရှိလေသည်” ဟု ရေးသားထားသည်။ ဘုရင့်နောင်မင်းတရားကြီးသည်လည်း ကျွန်ုပ်တို့ အတွက် ဂုဏ်ယူ၍ စံပြုအားထားရသည့် မင်းတရားကြီးပင်ဖြစ်ပေသည်။

ထို့အတူ တတိယမြန်မာနိုင်ငံတော်ကြီးကို ဦးအောင်ဇေယျခေါ် အလောင်းမင်းတရားကြီး (၁၇၅၂-၁၇၆၀) က ပြန်လည်စုစည်း တည်ထောင်ခဲ့သည်။ ဤသို့ လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံပြီး အမြော်အမြင်ကြီးမားစွာ တည်ဆောက်ထားခဲ့သည့် ပထမမြန်မာ နိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်နှင့် တတိယမြန်မာနိုင်ငံတော်ကြီးကို ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်တို့က ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် မြန်မာတို့၏အရှင်နှစ်ပါးဖြစ်သော သီပေါမင်းနှင့် စုဖုရားလတ်တို့အား “သူရိယ” သင်္ဘောဖြင့် အိန္ဒိယနိုင်ငံ ရတနာဂီရိသို့ ခေါ်ဆောင်သွားခဲ့သည်။ ယင်းပါတော်မူခန်းကို ဆရာကြီးမြသန်းတင့်က “သူရိယ သင်္ဘောမှ ဥဩသံသည် ပဒေသရာဇ်မန္တလေးကို သင်္ဂြိုဟ်လိုက်သည့် ခေါင်းလောင်းသံဖြစ်ပြီး ကိုလိုနီမန္တလေးကို မွေးဖွားပေးလိုက်သည့် အချက်ပေးသံဖြစ်လေသည်” ဟု ရေးဖွဲ့ထားသည်။ အမှန်အားဖြင့် ဆရာကြီးပြောသလို ကိုလိုနီမန္တလေးကိုသာမက မြန်မာတစ်နိုင်ငံလုံးကို ကိုလိုနီကျွန်ပြုမှုကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတို့ ချို့တဲ့ ပျက်စီးခြင်းသို့ရောက်အောင် မွေးဖွားပေးလိုက်ခြင်းဖြစ်သည်။
ဤသို့ဖြင့် ကျွန်ုပ်တို့နိုင်ငံတော်ကြီး၏ အချုပ်အခြာကို ဖော်ပြသည့် မန္တလေးရွှေဗဟိုရ်စည်သံကြီးသည်လည်း တိတ်ဆိတ်သွားခဲ့ရလေတော့သည်။ သို့သော် ကိုလိုနီနယ်ချဲ့တို့အတွက်မူကား လော့ဒ်ရန်း ဒေါ့ချာချီ (ဝင်စတန်ချာချီ၏ဖခင်) သည် ကျွန်ုပ်တို့နိုင်ငံတော်ကြီးအား ဧကရာဇ်ဘုရင်မကြီးသို့ နှစ်သစ်ကူးလက်ဆောင်တစ်ခုအဖြစ် ၁၈၈၆ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ဆက်သလိုက်လေတော့သည်။

ယင်းသို့ ပါတော်မူစတွင် မင်းပြောင်းမင်းလွှဲတစ်ခုလိုလို၊ အိပ်မက်တစ်ခုလိုလိုဖြစ်နေသောကြောင့် ပြည်သူတို့အနေဖြင့် ကြက်သေသေကာ တွေဝေငေးမှိုင်၍နေကြလေ၏။ သို့သော် များစွာမကြာလိုက်ပါ။ အိပ်မက်မှ နိုးထလာကာ ကိုလိုနီနယ်ချဲ့တို့အား နည်းအမျိုးမျိုးဖြင့် တော်လှန်တိုက်ခိုက်လာကြလေတော့၏။ နယ်ချဲ့အင်္ဂလိပ်တို့သည် အထက်မြန်မာပြည်ကို သိမ်းပိုက်စဉ်က သုံးစွဲသည့် ကုန်ကျစရိတ်ထက် တော်လှန်ပုန်ကန်သည့် မြန်မာ့သူရဲကောင်းတို့အား နှိမ်နင်းရသည့် ကုန်ကျစရိတ်က ပို၍ပင်ကုန်ကျသည်ဟုဆို၏။

မြင်စိုင်းမင်းသား၊ မင်းသားထိပ်တင်မှတ်၊ မင်းသားထိပ်တင်သန့်၊ မင်းသားစောရန်နိုင်နှင့် မင်းသားစောရန်ပိုင်တို့ကဲ့သို့သော မင်းညီမင်းသားတို့သည်လည်းကောင်း၊ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်၊ ချင်းအမျိုးသား ခုခံရေးသမားများဖြစ်သည့် ကြွမ်ဘိ၊ ထွမ်သမ်းနှင့် ရွှေချိုးဖြူမင်းသား၊ ကန္တာရဝတီစော်ဘွား စောလဖော်နှင့် ဘုန်းတော်ကြီးထဲမှ ဆရာတော် ဦးဥတ္တမ၊ တောင်တွင်းကြီးတစ်ဝိုက်တွင် ဗိုလ်မင်းရောင်၊ အင်းဝမှ ဗိုလ်ရွှေရန်နှင့် ဗိုလ်တုတ်၊ ပုပ္ပားတစ်ဝိုက်တွင် ဗိုလ်ချို၊ ကချင်မှ ဗိုလ်ဖိုးစောတို့သည်လည်းကောင်း တိုင်းရင်းသား လူမျိုးပေါင်းစုံတို့သည် နေရာဒေသအသီးသီးမှ နယ်ချဲ့အင်္ဂလိပ်တို့အား နှစ်ရှည်လများ ပြောက်ကျားစနစ်ဖြင့် ခုခံတိုက်ခိုက်ခဲ့ကြသည်။

ကမ္ဘာကြည့် ကြည့်တတ်လာ

သို့သော် လက်နက်အင်အား၊ လူအင်အားမမျှသဖြင့် အားမတန် မာန်လျှော့ခဲ့ကြရသည်ချည်းသာဖြစ်သည်။ ထိုကဲ့သို့ လူအင်အား၊ လက်နက်အင်အားမမျှသဖြင့် အသက်ပေးစတေးခဲ့ရသည့် မြန်မာ မျိုးချစ်တို့၏ အားနည်းချက်ကို သခင်အောင်ဆန်းတို့ကဲ့သို့သော ၂၀ ရာစု အစောပိုင်းဖွား ခေတ်ပညာတတ် လူငယ်ခြေတက်များက နားလည်သည်။ သဘောပေါက်ကြသည်။ မြန်မာ့အရေးကို ကမ္ဘာကြည့် ကြည့်တတ်လာကြသည်။ 

ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေနှင့် တို့ဗမာအစည်းအရုံးတို့ကဲ့သို့သော အဖွဲ့အစည်းတို့သည်လည်းကောင်း၊ ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို  ဆန့်ကျင်သည့် ပထမကျောင်းသားသပိတ်သည် လည်းကောင်း၊ ၁၉၃၆ ခုနှစ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌကိုနုနှင့် အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ကိုအောင်ဆန်းတို့အား ကျောင်းထုတ်လိုက်သောကြောင့် ပေါ်ပေါက်လာသည့် ဒုတိယကျောင်းသားသပိတ်သည် လည်းကောင်း၊ ၁၉၃၈ ခုနှစ်တွင် ဂျပ်ဆင်ကောလိပ်ကျောင်းသား ကိုအောင်ကျော် ကျဆုံးခဲ့ရသည့် ရန်ကုန်တက္ကသိုလ်  တတိယ အထွေထွေကျောင်းသားသပိတ်ကြီးသည်လည်းကောင်း  မြန်မာ တစ်မျိုးသားလုံးအတွက် မျက်စိပွင့်နားပွင့်ဖြစ်စေကာ မျိုးချစ်စိတ်ဓာတ် ထက်သန်၍ သူ့ကျွန်ဘဝမှ လွတ်မြောက်ရန် မဖြစ်မနေလိုအပ်ကြောင်း ပိုမိုသိရှိလာခဲ့ကြသည်။ 

ထိုအချိန်ကား ဒုတိယကမ္ဘာစစ်ကြီးသည်လည်း အနောက်ကမ္ဘာတွင် စတင်နေပြီဖြစ်သည်။ ထို့ကြောင့် နယ်ချဲ့အင်္ဂလိပ်တို့အတွက် အကျပ်ရိုက်လျက်ရှိချိန်ဖြစ်သည်။ ၎င်းတို့အတွက် အခက်အခဲ အကျပ် အတည်းကို မြန်မာတို့က အခွင့်အရေးအဖြစ် အသုံးချဆောင်ရွက်ခဲ့ကြသည်။ သခင်အောင်ဆန်းခေါင်းဆောင်သည့် မြန်မာလူငယ် ၃၀ တို့သည် ဟိုင်နန်ကျွန်းတွင် မြန်မာ့လွတ်လပ်ရေးအတွက် စစ်ပညာများ ပြင်းထန်စွာသင်ယူခဲ့ကြသည်။

လွတ်လပ်ရေးအတွက် ပြင်ဆင်ရာတွင် ရှေးယခင်နည်းများ အတိုင်းသွား၍မရ။ ကမ္ဘာ့နိုင်ငံများနှင့်အညီ စစ်နည်းပညာ၊ လူအင်အား အရင်းအမြစ်တို့ ခေတ်မီနည်းစနစ်များဖြင့် ပညာဉာဏ်ကို အသုံးပြု နိုင်မှသာ ရရှိမည်ဖြစ်ကြောင်း မြန်မာလူငယ်တို့ သိလာကြသည်။ ဤသို့ကြိုးစားရင်းဖြင့် ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင်  မြန်မာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှ ဝန်ကြီးချုပ် မစ္စတာအက်တလီတို့သည် တစ်နှစ်အတွင်း မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရန် မြန်မာအမျိုးသားခေါင်းဆောင်များနှင့် ဗြိတိသျှ အစိုးရတို့၏ သဘောတူညီချက်များပါသည့် “အောင်ဆန်း-အက်တလီ” စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ 

လွတ်လပ်ရေးကို တစ်ကမ္ဘာလုံးသို့ကြေညာ

၁၉၄၇ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် သခင်နုနှင့် မစ္စတာအက်တလီတို့သည်  “နု-အက်တလီ”  ဟုခေါ်ဆိုသည့် လွတ်လပ်ရေးစာချုပ်ကိုချုပ်ဆိုကာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင် ယူနီယံဂျက်အလံကို အောက်သို့ ချကာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို  လွှင့်တင်၍ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို တစ်ကမ္ဘာလုံးသို့ ကြေညာခဲ့ကြသည်။ ထိုသို့ မြန်မာ့လွတ်လပ်ရေးအတွက် မြန်မာတို့ အသက်၊ သွေး၊ ချွေးတို့ ပေးဆပ်ခဲ့ရသည်မှာ လူသိထင်ရှားဖြင့်တစ်မျိုး၊ လူမသိ သူမသိဖြင့် တစ်ဖုံ များစွာရှိခဲ့ပေသည်။

မည်သည့်ကိစ္စမဆို ပြုမူဆောင်ရွက်ရာ၌ ဇွဲ၊ လုံ့လ၊ ဝီရိယသာမက ပညာဉာဏ်လည်းလိုသည်။ တစ်နည်းအားဖြင့် ပညာဉာဏ်သည် အကြီးအမှူးဖြစ်သည်။ ပညာပါမှသာ အရာရာတွင် အမှားကင်း၍ အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထိုအချက်ကို ဗိုလ်ချုပ် အောင်ဆန်းခေါင်းဆောင်သည့် မြန်မာလူငယ်တို့သိကြသည်။ မိမိတို့ သိသလို မြန်မာတစ်နိုင်ငံလုံးကိုလည်း သိစေချင်သည့်ဆန္ဒ ဗိုလ်ချုပ် တွင်ရှိသည်။ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုရာ တွင်လည်း အကြောင်းအကျိုး၊ အကောင်းအဆိုးကို ကောင်းစွာ ဝေဖန် ပိုင်းခြားဆုံးဖြတ်နိုင်သည့် ပညာဉာဏ်ဖြင့်  ပြည့်စုံသော နိုင်ငံ့ သားကောင်းများဖြစ်မှသာ နိုင်ငံတော် တည်ဆောက်ရေးတွင် အဆင်ပြေချောမွေ့စေမည်ဖြစ်သည်။

လွတ်လပ်သော မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် မြန်မာနိုင်ငံရေးခေါင်းဆောင်များ၊ စီးပွားရေးပညာရှင်များနှင့် ဌာနဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များ တက်ရောက်ကြပြီး ဗိုလ်ချုပ် အောင်ဆန်းက သဘာပတိအဖြစ် ဆောင်ရွက်သည့် “ပြည်ထောင်စု မြန်မာနိုင်ငံတော် စီးပွားတိုးတက်ရေး ၂ နှစ် စီမံကိန်း” ဆွေးနွေးပွဲကို ၁၉၄၇ ခုနှစ် ဇွန် ၆ ရက်တွင် ရန်ကုန်မြို့ ပြည်လမ်း (ဟံသာဝတီ အဝိုင်း) အမှတ် (၃၆၁) ရှိ ဆိုရန်တိုဗီလာအဆောက်အအုံ၌ ကျင်းပခဲ့သည်။ ယင်းအဆောက်အအုံ၏ အင်္ဂလိပ်အမည်မှာ “Sorrento Villa” ဖြစ်သဖြင့် ဆိုရန်တိုဗီလာစီမံကိန်းဟုခေါ်ကြသည်။

 စာကောင်းပေမွန်များကို ပုံနှိပ်ထုတ်ဝေ

အဆိုပါစီမံကိန်း၏ ပဓာနရည်ရွယ်ချက်မှာ အမျိုးသားစီးပွားရေးကို စနစ်တကျ စီမံကိန်းဖြင့် ထူထောင်ရန်ဖြစ်သည်။ ရှိသမျှ လူအင်အား နှင့် ဓနအင်အားကို အစွမ်းကုန်အသုံးချ၍ နိုင်ငံ့စီးပွားရေးကို နှစ်နှစ် အတွင်း သိသိသာသာတိုးတက်ရေးသို့ ရှေးရှုသည့်စီမံကိန်းဖြစ်သည်။ ထိုစီမံကိန်းရေးဆွဲရေးကွန်ဖရင့်၌ ဗိုလ်ချုပ်ပြောခဲ့သည့် မိန့်ခွန်းထဲတွင် “စာအုပ်တွေ ထုတ်တဲ့နေရာမှာလည်း လူအများအတွက် အရေးတကြီး လိုအပ်သည့် စာအုပ်တွေ၊ အသုံးကျမည့် စာအုပ်တွေကို ဘာသာပြန်ပြီး ပုံနှိပ်ထုတ်ဝေဖို့ကို စိတ်ထဲမှာ စွဲထားရမည်။ ဘာသာပြန်ဌာနကြီးကြီး တစ်ခု ဖွင့်ရမည်”ဟူသည့် မှာကြားချက်လည်းပါရှိသည်။ ဗိုလ်ချုပ် သည် နိုင်ငံတော်တိုးတက်ရေးကိစ္စ ဆောင်ရွက်ရာ၌ ပြည်သူလူထုသည် အသိအမြင်ဗဟုသုတကြွယ်ဝပြီး ကမ္ဘာကြည့်ကြည့်ကာ အမျိုးသားရေး စိတ်ဓာတ် ရင့်သန်ထက်မြက်သည့် ပြည်သူလူထုဖြစ်ရန် လိုအပ်သဖြင့် ထိုကဲ့သို့ အကျိုးရှိသည့် စာကောင်းပေမွန်များကို ပုံနှိပ်ထုတ်ဝေရန်  ထူးထူးခြားခြား မှာကြားခြင်းဖြစ်သည်။

၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ပုဂ္ဂိုလ်များ လုပ်ကြံခံရသော ကြောင့် ဗိုလ်ချုပ်၏လမ်းညွှန်မှာကြားချက်ကို ဝန်ကြီးချုပ် ဦးနုက ၁၉၄၇ ခုနှစ် ဩဂုတ် ၂၆ ရက်တွင် မြန်မာနိုင်ငံ ဘာသာပြန်စာပေ အသင်း (Burma Translation Society) ယခု (စာပေဗိမာန်) ကို တည်ထောင်ဖွင့်လှစ်ကာ အချက်(၁၄)ချက်ပါဝင်သည့် အသင်း၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုခဲ့သည်။ အုပ်ချုပ်မှု ကောင်စီအဖွဲ့ဝင်လူကြီး ၁၂ ဦးကိုလည်း ရွေးချယ်တင်မြှောက်ခဲ့သည်။ 

ယင်းကောင်စီတွင် ဝန်ကြီးချုပ်ဦးနုက မြန်မာနိုင်ငံဘာသာပြန် စာပေအသင်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ စာပေဗိမာန်၏ ဆောင်ပုဒ်ကိုလည်း ဆရာမင်းသုဝဏ်က “အမှောင်ခွင်း၍ အလင်း ဆောင်အံ့” ဟု ရေးဖွဲ့ခဲ့သည်။ ယင်းဆောင်ပုဒ်ကို စစ်ကြိုခေတ် ရန်ကုန်တက္ကသိုလ် ပထမဆုံးစာကြည့်တိုက်မှူးနှင့် စစ်ပြီးခေတ် မြန်မာ့အသံကို စတင်တည်ထောင်ခဲ့သူ ဦးခင်ဇော် (ဆရာK) က “Light, where Darkness was” ဟု ဘာသာပြန်ဆိုပေးခဲ့သည်။
ယင်းမြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း (စာပေဗိမာန်) ကြီး က မြန်မာ့စွယ်စုံကျမ်းအတွဲများ၊ စာပေဗိမာန် လစဉ်စာစောင်များ၊ လူထုအလင်း၊ လူထုအိတ်ဆောင်၊ လူထုတက္ကသိုလ်စာစဉ်များ၊ သိပ္ပံ စာစဉ်များ၊ သက်မွေးမှုဆိုင်ရာ ကျောင်းသုံးစာအုပ်များ၊ ပြည်တော်သာ စာစဉ်၊ စာပေဗိမာန်မဂ္ဂဇင်းများအပြင် ကျောင်းသုံးစာအုပ်ထုတ်လုပ်မှု ညွှန်ကြားရေးဝန်ကြီးဌာနကို မြန်မာနိုင်ငံဘာသာပြန် စာပေအသင်းကြီးကပင် ဆောင်ရွက်ခဲ့ကြသည်။

လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာ

၁၉၅၃ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့်၌ စာပေဗိမာန်အဆောက်အအုံ သစ်ကို အုတ်မြစ်ချကာ ၁၉၅၅ ခုနှစ် မေလတွင် ဖွင့်လှစ်နိုင်ခဲ့သည်။ အဆိုပါ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည့် စာပေဗိမာန်ကြီးသည် ယခုလည်း နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် ဆက်လက် ထမ်းပိုးဆောင်ရွက်လျက်ရှိသော ဌာနကြီးပင်ဖြစ်ပါသည်။ စာပေဗိမာန် စာကြည့်တိုက်၊ ဘာသာပြန်နှင့် သုတရသဆိုင်ရာ စာတမ်းဖတ်ပွဲများ၊ ပြည်သူ့လက်စွဲစာစဉ်များ၊ လူငယ်ရေးရာနှင့် သုတပဒေသာမဂ္ဂဇင်း၊ ရွှေသွေးဂျာနယ်၊ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်၊ စာပေဗိမာန်နှင့် ထွန်းဖောင်ဒေးရှင်းတို့ ပူးတွဲဆောင်ရွက်ကာ မြန်မာ့စွယ်စုံကျမ်း (၁၅) တွဲကို ခေတ်နှင့်အညီ ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်လျက်ရှိသော မြန်မာ့စွယ်စုံကျမ်း (မူသစ်) များ၊ အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့်  စာပေဗိမာန်စာမူဆုဆိုင်ရာတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။
ထို့ကြောင့် စာပေဗိမာန်ကြီးသည် ဗိုလ်ချုပ်ချမှတ်ခဲ့သော လမ်းညွှန် မှာကြားချက်များကို ခေတ်အဆက်ဆက် တာဝန်ကျေပွန်စွာထမ်းဆောင် ခဲ့သောဌာနကြီးဖြစ်ပါသည်။ ထို့ပြင် လွတ်လပ်ရေးနှင့် စာပေဗိမာန်၊ စာပေဗိမာန်နှင့် လွတ်လပ်ရေးသည် အတူယှဉ်တွဲလျက် အမျိုးသားရေး နှင့်အတူ သမိုင်းတည်မော်ကွန်းထိုးနိုင်ခဲ့သည့်အတွက် (၇၅)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုရေးသားဖော်ပြအပ်ပါသည်။  ။

ကိုးကား -
-    မြဟန်၊ ကိုလိုနီခေတ် မြန်မာ့သမိုင်း အဘိဓာန်
-    မောင်ခေတ်ထွန်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှုရက်စဉ်မှတ်တမ်း
-    မြသန်းတင့်၊ တောင်သမန်ရွှေအင်းက လေညင်းဆော်တော့