နိုင်ငံတော်နှင့်ပြည်သူလူထုစီးပွား ဦးစားပေးကြိုးပမ်းဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်၌ ပြည်တွင်းထုတ်ကုန်များ တိုးတက်မြင့်မားရေးနှင့် ပြည်ပပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးကို အလေးထားဆောင်ရွက်ခဲ့ရာ စီးပွားရေးဖွံ့ဖြိုးမှုတွင် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိခဲ့သည်။ သို့သော် ငွေကြေးဆိုင်ရာလည်ပတ်မှုနှင့် ပြည်ပသွင်းကုန်တင်သွင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ အားနည်းချက်များကြောင့် နိုင်ငံတော်နှင့်ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုတွင် အဟန့်အတားဖြစ်စေခဲ့သည်။

 

နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်၍ “ယခုအချိန်တွင် Export လုပ်ကိုင်သူများက အနစ်နာခံ၍ ဆောင်ရွက်နေသော်လည်း Import သမားများကသာ အကျိုးခံစားနေရသည်ဆိုသည့် တင်ပြချက်များရှိကြောင်း၊ အဆိုပါကိစ္စရပ်များလည်း တတ်နိုင်သမျှဖြေလျှော့ပေးရန် ကြိုးပမ်းနေကြောင်း၊ Non-Trade Income များ ပိုမိုရရှိအောင် ကြိုးပမ်းနိုင်မည်ဆိုပါက ကုန်သွယ်မှုအပေါ်မှီခိုမှုကို လျှော့ချနိုင်မည်ဖြစ်၍ တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ကုန်ထုတ်လုပ်မှုအားနည်းချက်မှာ သွင်းအားစုများ ဈေးကြီးမြင့်ခြင်းကြောင့်ဟု အချို့ကသုံးသပ်ကြသော်လည်း အဓိကအားဖြင့် အကျိုးအမြတ်ရရှိမှုအပေါ်မူတည်၍ ကုန်ထုတ်လုပ်ငန်းများအပေါ် စိတ်ဝင်စားမှုအားနည်းနေသည်ကိုတွေ့ရကြောင်း၊ အကျိုးအမြတ်နည်းသော်လည်း များများထုတ်လုပ်၊ များများလည်ပတ်ပါက အကျိုးရှိမည်ဖြစ်ကြောင်းနိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၇/၂၀၂၃)တွင် ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံအတွင်းရှိ ဘဏ်များ၌ ငွေကြေးပိုင်ဆိုင်မှုစာရင်းများအရ ငွေကြေးအများစုကို ပုဂ္ဂလိကက ပိုင်ဆိုင်ကြသည်။ ငွေကိုငွေသားအနေဖြင့် စုဆောင်းထား၍လည်းကောင်း၊ ငွေကိုအကျိုးအမြတ်ရရှိမည့် ငွေကြေးကစားမှုအရလည်းကောင်း ငွေကြေးစီးဆင်းလည်ပတ်မှုတွင် အဟန့်အတားဖြစ်စေခဲ့သည်။ ပိုင်ဆိုင်ထားသည့် ငွေကြေးများကို နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် အကျိုးရှိပြီး ရေရှည်အာမခံချက်ရှိသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ပါက လုပ်ငန်းရှင်၊ အလုပ်သမား၊ နိုင်ငံတော်နှင့်ပြည်သူအတွက် အကျိုးများစွာရှိမည်ဖြစ်သည်။ ထို့ကြောင့် ငွေကိုအသေ သို့မဟုတ် ကစားနေမည့်အစား ရင်းနှီးမြှုပ်နှံမှုတွင် အားပေးခြင်း၊ အခွင့်အလမ်းများရှာဖွေပေးခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်သည်။

 

ထို့ပြင် နိုင်ငံခြားငွေရရှိရေးအတွက် ပြည်တွင်းထုတ်ကုန်များ တိုးတက်အောင်ဆောင်ရွက်ပြီး ပြည်ပပို့ကုန်များ တိုးမြှင့်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ငွေကြေးလည်ပတ်မှု အားကောင်းလာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ အကျိုးအမြတ်နည်းပါးသော်လည်း ဆောင်ရွက်သင့်သည့်လုပ်ငန်းများ ကောင်းမွန်စွာလည်ပတ်နိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများက အင်တိုက်အားတိုက်ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ရာတွင် ပြည်ပပို့ကုန်များနှင့်ပတ်သက်၍ ဝင်ငွေအပေါ် သင့်လျော်သည့်အချိုးများဖြင့် ထိန်းသိမ်းဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ဆောင်ရွက်ခဲ့သဖြင့် အဓိကကျသော ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် စက်သုံးဆီ၊ စားသုံးဆီဈေးနှုန်းများကို ထိန်းသိမ်းနိုင်ခဲ့သည်။ သို့သော် မသမာသူများက ဈေးနှုန်းကြီးမြင့်အောင် ဆောင်ရွက်ခဲ့မှုများကြောင့် ပြည်သူများထိခိုက်နစ်နာမှုများဖြစ်ခဲ့သည်။ ကုန်စည်ဈေးနှုန်းများ ကြီးမြင့်နေခြင်းမှာ သွင်းကုန်တန်ဖိုးထက်အကျိုးအမြတ်ကို ဦးစားပေးလုပ်ကိုင်နေခြင်းကြောင့်ဖြစ်သည်ကို တွေ့ရသည်။ ပြည်သူများထိခိုက်အောင် ဈေးနှုန်းကြီးမြင့်အောင်လုပ်ဆောင်ခဲ့သည့် မသမာမှုများကို ဥပဒေနှင့်အညီ ထိရောက်သည့်ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။ နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် စီးပွားရေးတွင် ထိခိုက်မှုများရှိသည်။ နိုင်ငံရေးအရ၊ လုံခြုံရေးအရ တည်ငြိမ်မှုရှိမှသာ စီးပွားရေးလုပ်ငန်းများ ကောင်းမွန်မည်ဖြစ်၍ တည်ငြိမ်အေးချမ်းရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။

 

နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ဒေသအလိုက် ထုတ်ကုန်တစ်မျိုးဖြင့် ဒေသတွင်း၊ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်အထိပင် ကျယ်ကျယ်ပြန့်ပြန့်် ထိုးဖောက်နိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်တွင်းထုတ်ကုန်များ၌ အရည်အသွေးပိုင်းနှင့် ထုပ်ပိုးမှုအပိုင်းတွင် အားနည်းချက်များရှိသဖြင့် အရည်အသွေးပြည့်မီသော ထုတ်ကုန်အဆင့်အတန်းရှိအောင် လိုအပ်သည့်နည်းပညာများကို ဖြည့်ဆည်းပေးရန်လိုအပ်သည်။

 

သို့ဖြစ်ရာ နိုင်ငံတော်နှင့်ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာအောင်ဆောင်ရွက်ရာ၌ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြည်သူများ အကျိုးစီးပွားဖြစ်ထွန်းရေးကိုအလေးထားပြီး အတ္တ၊ ပရမျှတစွာစဉ်းစား၍ ငွေကြေးလည်ပတ်စီးဆင်းမှုအားကောင်းလာအောင်၊ ပြည်တွင်းထုတ်ကုန်များ အရည်အသွေးပြည့်မီစွာဖြင့် တိုးတက်ထုတ်လုပ်နိုင်အောင် အားလုံးပါဝင်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။           ။

 

ကြေးမုံ(အယ်ဒီတာ့အာဘော်)