နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းများဖတ်ပွဲနှင့် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများ ဝေါဟာရအဘိဓာန် (အင်္ဂလိပ်+မြန်မာ) ထုတ်ဝေခြင်း အခမ်းအနားကျင်းပ

နေပြည်တော် မေ ၁၁

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ (၈)ကြိမ်မြောက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် သုတေသနအရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။ 

အဆိုပါ သုတေသနစာတမ်းဖတ်ပွဲတွင် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာချစ်အေး အေးကြည်နှင့် ဒုတိယဦးစီးမှူး ဒေါ်မေဇာအောင်တို့က AACC အဖွဲ့ဝင်နိုင်ငံများ၏  (၉)ကြိမ်မြောက် နွေရာသီသင်တန်းတွင် ထိုင်းဘုရင့်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက တင်ပြခဲ့သည့် “စီရင်ချက်များကို အကောင်အထည်ဖော်ရာတွင် ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲများ” စာတမ်းကို လေ့လာတင်ပြခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကြည်ကြည်ခင်နှင့် ဒုတိယဦးစီးမှူး ဒေါ်ဟေမာသိန်းတို့က “နိုင်ငံတော်သမ္မတ ရွေးကောက်တင်မြှောက်မှုအက်ဥပဒေ ပုဒ်မ ၇ အရ တရားလွှတ်တော်ချုပ်ထံသို့ လွှဲအပ်သည့် (လွှဲအပ်မှုအမှတ် ၁/ ၁၉၅၂) အား လေ့လာတင်ပြခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသည် သုတေသနစာတမ်းဖတ်ပွဲများ ပြုလုပ်လျက်ရှိပြီး သုတေသနပြုလေ့လာ၍ ရရှိလာသော သုတေသနစာတမ်းများအား အများပြည်သူသိရှိစေရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ကမ္ဘာပေါ်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေးစနစ်ကို ကျင့်သုံးလျက်ရှိသော နိုင်ငံများအနက်မှ နိုင်ငံပေါင်း(၂၉)နိုင်ငံရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး၊ ခုံရုံး၊ ကောင်စီနှင့် ရုံးများအကြောင်းကို “ကမ္ဘာ့နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများ” ခေါင်းစဉ်ဖြင့် အတွဲ(၁)မှ အတွဲ(၃) အထိလည်းကောင်း၊ ကမ္ဘာ့နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အဘိဓာန်အား အတွဲ (၁)မှ အတွဲ (၃)အထိလည်းကောင်း ထုတ်ဝေခဲ့ပြီးဖြစ်သည်။ 

ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာ သုတစာအုပ်များအဖြစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးရာ ဂျာနယ်များအား ထုတ်ဝေခဲ့ရာ ဂျာနယ်အမှတ် (၁)မှ (၅)အထိ ထုတ်ဝေခဲ့ပြီး ယနေ့တွင် “မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများ ဝေါဟာရအဘိဓာန် (အင်္ဂလိပ် + မြန်မာ)စာအုပ်”ကို စတင်ထုတ်ဝေဖြန့်ချိခဲ့သည်။  “မြန်မာနိုင်ငံတွင် ကျင့်သုံးခဲ့သော ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတို့တွင် အသုံးပြုထားသည့် ဝေါဟာရများကို အလွယ်တကူရှာဖွေ မှီငြမ်းကိုးကားနိုင်ရေး” ရည်ရွယ်ပြုစုထားခြင်းဖြစ်ပြီး စာအုပ်တွင် ဝေါဟာရပေါင်း (၂၇၄၁)လုံး ထည့်သွင်းပြုစုထားရှိသည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးမှ ထုတ်ဝေသော စာအုပ်များကို ဝယ်ယူဖတ်ရှုလိုပါက လုပ်ထုံးနှင့်သုတေသနဌာန ဖုန်း ၀၆၇-၃၄၃၀၂၄၃၊ ၀၆၇-၃၄၃၀၂၆၄ သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်